MPT ရဲ့ 4G/LTE ဝန်ဆောင်မှုအသစ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့မှာ စတင်မိတ်ဆက်

date_range 31 May 2017

MPT ရဲ့ 4G/LTE ဝန်ဆောင်မှုအသစ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့မှာ စတင်မိတ်ဆက်

visibility 150 Views

                MPT ရဲ့ မြန်နှုန်းမြင့် 4G/LTE ဝန်ဆောင်မှုကို  ၂၀၁၇ ခုနှစ် မေလ ၃၀ ရက်နေ့ (ယနေ့) မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးသုံးမြို့မှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

                ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကနေ သတ်မှတ်ပေးထားတဲ့ 1.8GHz လှိုင်းစဉ်နှုန်း အသုံးပြုခွင့်နှင့်အတူ 4G/LTE ကွန်ရက်ကို ကနဦးအနေနဲ့ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့ကြီးများတွင် စတင် အသုံးပြုနိုင်ခဲ့ပြီး၊ အခြားမြို့များတွင်လည်း မကြာမီ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ 

                LTE ဆိုတာက Long Term Evolution ကို အတိုကောက်ခေါ်ဆိုတာဖြစ်ပြီး 3G ထက်ပိုမြန်သော ဒေတာအမြန်နှုန်းရှိသည့် 4G/LTE အမျိုးအစားဖြစ်ပါတယ်။

                သုံးစွဲသူများ အနေဖြင့် MPT ၏ 4G/LTE ကွန်ရက်ရရှိသောနေရာသို့ရောက်ရှိပါက မိမိတို့၏ မိုဘိုင်းလ်ဖုန်းများမှ 4G/LTE ကွန်ရက်သို့ အလိုအလျောက် ချိတ်ဆက်ရယူသုံးစွဲနိုင်မှာပါ။

                မြန်မာနိုင်ငံတွင် အမြန်ဆုံးမိုဘိုင်းကွန်ရက်အဖြစ် တရားဝင် အသိအမှတ်ပြု ထားခြင်းခံရသော MPT ၏ 3G ကွန်ရက်နှင့် ယခု 4G/LTE ကွန်ရက်တို့ အကြား အဆင်ပြေစွာ ပြောင်းလဲချိတ်ဆက်နိုင်ရန်အတွက်လည်း MPT ဘက်က ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

                MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mr. Toshitake Amamiya မှ ယခုလို ထုတ်ပြန်ချက် နှင့်ပတ်သက်ပြီး

“သုံးစွဲသူတွေအနေနဲ့ အခုလို 4G/LTE နည်းပညာက ယူဆောင်လာတဲ့ မြန်ဆန်ပြီး အရည်အသွေးရှိတဲ့ ဝန်ဆောင်မှုကို ကြိုက်နှစ်သက်ကြမှာပါ။ ဒေတာတွေကို အချိန်တခဏ အတွင်းမှာ ဒေါင်းလုပ်ဆွဲနိုင်မယ့်၊ ဂိမ်းတွေကိုလည်း တကယ့်ကိုအဆင်ပြေပြေ ကစားနိုင်မယ့် အတွေ့အကြုံတွေ၊  HD ဗီဒီယို တွေကို အလျင်မြန်ဆုံးမျှဝေနိုင်ပြီး အွန်လိုင်းကအချက်အလက်တွေကိုလည်း ပိုမိုမြန်ဆန်တဲ့ အမြန်နှုန်းနဲ့အတူ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Colorful Data Pack  အစီအစဉ်နဲ့ ပုံမှန်သုံးဒေတာနဲ့ ဖုန်းခေါ်ဆိုခ နှုန်းထားတွေမှာ သတ်မှတ်ထားတဲ့ နဂိုစျေးနှုန်းတွေအတိုင်းပဲ 4G/LTE ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုဆိုရင် နည်းစနစ်ပိုင်းအနေနဲ့လည်း အဆင့်သင့်ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍအတွက် ခေတ်သစ်တစ်ခုကို ဆောင်ယူလာပြီဖြစ်ပါတယ်။ အခုလို ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ပရိုမိုးရှင်း အစီအစဉ်တွေအပါအဝင် အခြားထူးခြားတဲ့ အစီအစဉ် တွေကိုလည်း မကြာခင် ကြေညာသွားမှာဖြစ်လို့  ကျေးဇူးပြုပြီး  ရှေ့လာမည့်ရက်တွေမှာ စောင့်ဆိုင်း နားစွင့် ပေးပါဦး” 

                လို့ Mr.  Amamiya က ပြောကြားခဲ့ပါတယ်။

                MPT ရဲ့ 4G စနစ်ကို အသုံးပြုဖို့အတွက် ကိုယ့်စမတ်ဖုန်းကလည်း 4G အသုံးပြုနိုင်တဲ့ ဖုန်းဖြစ်ဖို့ လိုအပ်ပါတယ်။ SIM ကတ်အတွက်ကတော့ အခု MPT SIM အသစ်တွေမှာ ဘာမှလုပ်စရာမလိုဘဲ အသုံးပြုနိုင်ပြီး၊ ယခင် GSM (2G/3G)  ဆင်းမ်ကတ် အဟောင်းများကို သုံးစွဲသူတွေဆိုရင်တော့ ကိုယ့်ဆင်းမ်ကတ်အဟောင်းတွေကို မူရင်းဖုန်းနံပါတ်နဲ့ အတူတူပဲဖြစ်တဲ့ 4G အသင့်အသုံးပြုနိုင်သော ဆင်းမ်ကတ်အသစ်များနဲ့ နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ MPT အမှတ်တံဆိပ်ဆိုင်များမှာ ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုဘဲ လဲလှယ်နိုင်ပါတယ်။

                ကိုယ့် SIM ကတ်က 4G အသုံးပြုနိုင်တဲ့ SIM ကတ်လားဆိုတာ သိရှိချင်တယ်ဆိုရင် *106*5# ကို ခေါ်ဆိုပြီး၊ စစ်ဆေးနိုင်ပါတယ်။

                သုံးစွဲသူများဘက်ကလည်း ယခုဝန်ဆောင်မှုကို အသုံးပြုဖို့အတွက် မိမိတို့၏ ဖုန်း setting မှာ 4G/LTE ကွန်ရက်အသုံးပြုနိုင်မှုကို ရွေးချယ်ထားဖို့တော့ လိုအပ်မှာပါ။

References
MPT
About Author
Assinged Tags
Local News Local Tech News MPT 4G 4G
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed