Quick Charge 3.0 ၊ 5300mAh ဘက်ထရီတို့နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Xiaomi Mi Max 2

date_range 25 May 2017

Quick Charge 3.0 ၊ 5300mAh ဘက်ထရီတို့နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Xiaomi Mi Max 2

visibility 17500 Views

                Xiaomi ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကြိုတင်ကြေငြာထားတဲ့အတိုင်းပဲ၊ Mi Max 2 စမတ်ဖုန်းကို ယနေ့ (မေလ ၂၅ ရက်နေ့)၊ နေ့လယ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Event မှာ မိတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။

                Mi Max 2 စမတ်ဖုန်းကို Storage မတူတဲ့ မော်ဒယ်နှစ်မျိုးနဲ့ ထုတ်သွားမှာဖြစ်ပြီး၊ 64GB မော်ဒယ်က တရုတ်ယွမ်ငွေ ၁,၆၉၉ ( မြန်မာငွေ ၃၃၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ 128GB မော်ဒယ်က တရုတ်ယွမ်ငွေ ၁,၉၉၉ ( မြန်မာငွေ ၄၀၀,၀၀၀ ကျပ်ဝန်းကျင်) ကျသင့်မှာပါ။

                မြန်မာနိုင်ငံမှာ လူကြိုက်များအောင်မြင်မှုရခဲ့တဲ့ အရင် Mi Max မော်ဒယ်နဲ့ အခု Mi Max 2 တို့က ဒီဇိုင်းပိုင်း အရမ်းကြီးကွာခြားမှုမရှိသလို ၆.၄၄ လက်မ full-HD (1080x1920 pixels) Display သုံးထားတာချင်းလည်း တူညီပါတယ်။ ဘက်ထရီမှာတော့ Mi Max 2 က ပိုများလာပြီး၊ 5300mAh ဘက်ထရီ ပါဝင်လာတာ တွေ့ရပါတယ်။

                Xiaomi က ပွဲမှာပြောကြားသွားချက်အရ Mi Max 2 ဖုန်းကို လက်တစ်ဖက်တည်းနဲ့ ပိုမိုအဆင်ပြေပြေအသုံးပြုနိုင်ဖို့ ပြုလုပ်ထားပြီး၊ ဒီအတွက် Software feature တစ်ခုပါ ပါဝင်မယ်လို့ ဆိုပါတယ်။ အရင်ကတည်းကပါတဲ့ One-handed mode နဲ့ ဘာကွာခြားလဲတော့ မသိရပါဘူး။

                ဒီဇိုင်းပိုင်းထူးခြားတာတစ်ခုကတော့ အရင် Mi Max အပေါ်ဘက်နဲ့ အောက်ဘက်မှာ ပါတဲ့ Antenna Lines တွေကို ဖျောက်ထားတာကြောင့် ဖုန်းနောက်ကျောဘက်က ပိုမိုသပ်ရပ်ချောမွေ့သွားတာ တွေ့မြင်ရမှာပါ။ Fingerprint Sensor ကိုတော့ အရင်အတိုင်း ဖုန်းနောက်ဘက်မှာပဲ ထား,ထားပါတယ်။

                Mi Max ပရိတ်သတ်တွေ သဘောကျစရာနောက်အချက်တွေကတော့ Mi Max 2 မှာ USB Type-C Port နဲ့ ှStereo Speakers တို့ ပါဝင်လာတာပါ။


                Redmi Note 4 ဖုန်းမှာ သုံးထားတဲ့ Snapdragon 625 SoC ကိုပဲ Mi Max 2 မှာ ပြန်လည်အသုံးပြုထားပြီး၊ RAM 4GB နဲ့ Internal Storage က 64GB/128GB ဖြစ်ပါတယ်။ OS ကတော့ Android Nougat တပါတည်း ပါဝင်လာမှာပါ။

                ကင်မရာပိုင်းမှာတော့ Sony ရဲ့ IMX386 sensor အသုံးပြုထားပြီး၊ PDAF နဲ့ Dual-LED Flash တို့ ပါဝင်တဲ့ 12-megapixel ကျောကင်မရာ၊ 5-megapixel ရှေ့ကင်မရာတို့ ပါဝင်လာပါတယ်။ 

                အရင် Mi Max မှာ Quick Charge သုံးလို့မရခဲ့ပေမယ့်၊ Mi Max 2 မှာတော့ Quick Charge 3.0 နည်းပညာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ 5300mAh ဘက်ထရီရဲ့ ၆၈ ရာခိုင်နှုန်းကို တစ်နာရီအတွင်း သွင်းပေးနိုင်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဘက်ထရီသက်တမ်းအနေနဲ့လည်း သာမန်အသုံးပြုပုံမျိုးနဲ့ဆို  ၂ ရက်တိတိ ခံပါမယ်တဲ့။

                Mi Max တုန်းက အောင်မြင်မှုမျိုးကို Mi Max 2 စမတ်ဖုန်းအနေနဲ့ ထပ်မံရရှိနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။


References
Gadgets NDTV Indian Express
About Author
Assinged Tags
Xiaomi Smartphones Xiaomi Mi Smartphones Mi Max 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed