ဘက်ထရီသက်တမ်း ပိုခံလာပြီး၊ စွမ်းဆောင်ရည်ပိုမြင့်လာတဲ့ Surface Pro အသစ်ကို Microsoft မိတ်ဆက်

date_range 24 May 2017

ဘက်ထရီသက်တမ်း ပိုခံလာပြီး၊ စွမ်းဆောင်ရည်ပိုမြင့်လာတဲ့ Surface Pro အသစ်ကို Microsoft မိတ်ဆက်

visibility 4610 Views

                Surface Pro ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Surface Pro အသစ်ကတော့ ထွက်ရှိလာပါပြီ။

                ကျနော်တို့ ခန့်မှန်းထားတဲ့အတိုင်း Surface Pro 5 ဆိုတဲ့ နာမည်နဲ့တော့ ထွက်ရှိလာတာမဟုတ်ဘဲ၊ နောက်က နံပါတ်တွေ မပါဝင်တော့ကာ “Surface Pro” ဆိုပြီးပဲ Microsoft က မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ 

                ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Surface Pro 4 နဲ့ အခု Surface Pro အသစ်ဟာ ပြောရမယ်ဆိုရင် ဒီဇိုင်းက အစ တစ်ထေရာတည်းနီးပါးဖြစ်ပြီး၊ ထူးထူးခြားခြားပြောင်းလဲမှုမျိုးတွေတော့ မပါရှိပါဘူး။

                Intel ရဲ့ နောက်ဆုံး Generation Processor ဖြစ်တဲ့ Kaby Lake Processor ပါဝင်လာပြီး၊ m3, i5 နဲ့ i7 ဆိုပြီး မော်ဒယ်သုံးမျိုး ရွေးဝယ်နိုင်မှာပါ။ m3 နဲ့ i5 မှာ ထူးခြားချက်က Fan လုံးဝမပါဝင်တော့တဲ့အတွက်ကြောင့်၊ ပန်ကာလည်သံတွေ ဘာတွေ ကြားရတော့မှာမဟုတ်ပါဘူး။ i7 မော်ဒယ်မှာတော့ Hybrid-cooling System ကို သုံးထားပါတယ်။ Processor မော်ဒယ်အလိုက် RAM ကို 4GB ကနေ 16GB အထိ၊ SSD ကို 128GB ကနေ 1TB အထိ စိတ်ကြိုက်ဆင်နိုင်ပါတယ်။

                Surface Pro မှာ ၁၂.၃ လက်မအကျယ်ရှိတဲ့ PixelSense Display (2,736 x 1824 pixels) ကို အသုံးပြုထားပြီး၊ Surface Pen နဲ့ Surface Studio မှာပါတဲ့ Surface Dial တို့ကိုလည်း Display မှာ အသုံးပြုနိုင်ပါတယ်။ Microsoft အနေနဲ့ Surface Pen ကို ပိုမိုကောင်းမွန်အောင် Update ပြုလုပ်ထားပြီး၊ Pressure Sensitivity Levels ( ဖိအားသိမှုအဆင့်ပေါင်း) ၄,၀၉၆ အထိ ရှိလာတာကြောင့်၊ Design သမားတွေ ပိုမိုသဘောတွေ့မှာပါ။ ဒီ့အပြင် Surface Pen ကို ပရိတ်သတ်တွေ တောင်းဆိုထားတဲ့အတိုင်း Shading ကောင်းကောင်းဆွဲနိုင်ဖို့နဲ့၊ မှင်အထူအပါး ပိုတိတိကျကျချိန်နိုင်ဖို့အတွက် Pen ရဲ့ Angel Detection တွေပါ လုပ်ပေးထားပါတယ်။ မကောင်းတာတစ်ခုကတော့ အရင်လို Surface Pro ဝယ်တာနဲ့ Pen က ပါလာတော့မှာမဟုတ်ဘဲ၊ ၉၉ ဒေါ်လာ နဲ့ သက်သက်ဝယ်ယူရမှာပါ။

                Surface Laptop မှာတုန်းက သုံးခဲ့တဲ့ Alcantara အသားနဲ့ ကီးဘုတ်ကာဗာကိုလည်း ၁၅၉ ဒေါ်လာနဲ့ ဝယ်ယူရမှာပါ။


                Surface Pro အသစ်မှာ တခြားပြောင်းလဲချက်တွေအနေနဲ့ ၁၆၅ ဒီဂရီအထိ ကွေးညွတ်နိုင်တဲ့ Hinge Design အသစ်၊ ၁၃.၅ နာရီအထိ ဗီဒီယိုဆက်တိုက်ဖွင့်နိုင်တဲ့ ဘက်ထရီ တို့ ပါဝင်လာပြီး၊ ယခုနှစ်ကုန်ပိုင်းမှာ microSIM နဲ့ eSIM တို့ ထည့်သွင်းအသုံးပြုနိုင်တဲ့ Surface Pro LTE model ကိုလည်း သက်သက်ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ USB Type-C မပါတာကတော့ အားနည်းချက်လို့ ပြောရမှာပါ။

                Microsoft ရဲ့ Surface Pro အသစ်ကို ယနေ့ကစတင်ကာ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး၊ စျေးနှုန်းကတော့ အနိမ့်ဆုံး ၇၉၉ ဒေါ်လာကနေ ၂,၆၉၉ ဒေါ်လာအထိ ရှိပါတယ်။




References
The Verge Engadget
About Author
Assinged Tags
Microsoft Laptop Surface Pro 5 Surface Pro
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed