ကိုယ်ပိုင် AI Assistant “Bixby” ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung

date_range 21 March 2017

ကိုယ်ပိုင် AI Assistant “Bixby” ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ Samsung

visibility 7500 Views

                Samsung ဟာ Siri, Google Assistant နဲ့ Cortana တို့ကို ယှဥ်ပြိုင်မယ့် “Bixby” အမည်ရ ကိုယ်ပိုင် AI Assistant တစ်ခုကို လွန်ခဲ့တဲ့နှစ်တွေထဲက ဖန်တီးနေတာ သိကြမှာပါ။

                ဒါပေမယ့် Samsung ဟာ “Bixby” ကို သိုသိုသိပ်သိပ် လုပ်ဆောင်နေတာကြောင့်၊ “Bixby” နဲ့ ပတ်သတ်တဲ့ ကောလဟာလသတင်းတွေကို ကျနော်တို့ သိပ်မကြားခဲ့ရပါဘူး။

                ဒီနေ့မှာတော့ Samsung ကိုယ်တိုင်က “Bixby” ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

                “Bixby” အတွက် Samsung ရဲ့ သတင်းထုတ်ပြန်ချက်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်က “Bixby” ဟာ အခုထွက်ရှိပြီးသား Voice Agents တွေ၊ Digital Assistants တွေနဲ့ လုံးဝကို ကွာခြားမယ်လို့ ဖော်ပြထားတာပါ။

                ကုမ္ပဏီရဲ့ ပြောကြားချက်အရ “Bixby” ဟာ တခြား Digital Assistants တွေ ( Siri, Google Asssistant, Cortana, Alexa) တို့နဲ့ အဓိကအပိုင်းကြီးသုံးပိုင်းမှာ ကွာခြားမယ်လို့ သိရပါတယ်။

                ပထမတစ်ခုကတော့ “Completeness” ဆိုတဲ့ “ပြီးပြည့်စုံမှု” ဖြစ်ပြီး၊ “Bixby” ဟာ Support ပေးထားတဲ့ Apps တွေ အားလုံးကို အသံနဲ့တင် အလုံးစုံထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ တခြား Assistant တွေက App တစ်ခုကို ဖွင့်ခိုင်းတာလောက်သာ အသုံးကျပေမယ့်၊ “Bixby” ကတော့ App ထဲက လုပ်ဆောင်ချက်တွေအကုန်လုံးကိုပါ အသံနဲ့ စေခိုင်းနိုင်ဖို့ ရှိပါတယ်။

                နောက်တစ်ခုကတော့ “Context Aware” လို့ ခေါ်တဲ့ “ဆက်စပ်သိနားလည်မှု” ဖြစ်ပြီး၊ Bixby ကို တခြား App တစ်ခုထဲမှာတောင် ခေါ်ယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ “ App တစ်ခုမှာ ကိုယ်ဖွင့်ထားတဲ့အကြောင်းအရာတွေနဲ့ ဆက်စပ်သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း Bixby က နားလည်နေမှာဖြစ်ပြီး၊ အသုံးပြုသူ User ကို အကောင်းဆုံး ပြန်လည်ပေးစွမ်းနိုင်မှာပါ။ ဒီစွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး Samsung က အတိအကျမရှင်းပြခဲ့ပေမယ့်၊ Google Now on Tap လုပ်ဆောင်ပုံနဲ့ ဆင်တူမယ်လို့ ထင်ပါတယ်။

                နောက်ဆုံးတစ်ခုကတော့ “Bixby” ဟာ “Cognitive Tolerance” ( သတင်းအချက်အလက် ကွာခြားနေမှုကို နားလည်လက်ခံဆောင်ရွက်နိုင်ခြင်း) ရှိမှာပါ။ ဒါက ဘာကိုဆိုလိုတာလဲဆိုတော့ “Bixby” ဟာ အမိန့်ပေးလိုက်တဲ့ စကားက တစ်ဝက်တစ်ပျက်နဲ့ မပြည့်စုံဘူးဆိုရင်တောင် အလိုလိုစဥ်းစားနားလည်နိုင်မှာဖြစ်ပြီး၊ ခိုင်းလိုက်တဲ့တာဝန်ကို မှန်ကန်အောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ User ပေးလိုက်တဲ့ Information က လုံးဝမပြည့်စုံ ဘူးဆိုရင်တောင် နောက်ထပ် Information ထပ်ပေးပေးဖို့ တောင်းဆိုမှာပါ။ ဒါကတော့ အခုလက်ရှိ ကျနော်တို့ သုံးနေတဲ့ Digital Assistant တွေ မစွမ်းဆောင်နိုင်သေးတဲ့ အချက်တစ်ခုဖြစ်တာကြောင့် တကယ်သာ လုပ်နိုင်မယ်ဆိုရင် ဝမ်းသာစရာပါ။

                “Bixby” ကို Samsung ရဲ့ မကြာခင်ထွက်ရှိမယ့် Galaxy S8 ဖုန်းမှာ ထည့်သွင်းသွားဖို့ရှိပြီး၊ “Bixby” ကို ခေါ်သုံးနိုင်မယ့် Button တစ်ခုကိုလည်း ဖုန်းရဲ့ ဘေးဘက်မှာ သက်သက်ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

                “Bixby” တစ်ယောက် ဘာတွေများ စွမ်းဆောင်နိုင်မလဲဆိုတာကတော့ နောက်တစ်ပတ် Galaxy S8 ဖုန်း ထွက်တဲ့အခါ စောင့်ကြည့်ရမှာပေါ့။

References
9to5Google
About Author
Assinged Tags
Samsung Artificial Intelligence Digital Assistant Siri Intelligent Digital Assistant Cortana Bixby Samsung Bixby
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed