Chrome App Installer ကို Windows Store ကနေ ဖျက်ပစ်ခဲ့တဲ့ Microsoft

date_range 21 December 2017

Chrome App Installer ကို Windows Store ကနေ ဖျက်ပစ်ခဲ့တဲ့ Microsoft

visibility 360 Views

                Google အနေနဲ့ Chrome App Installer ကို Windows Store မှာ တင်ထားခဲ့ပေမယ့်လည်း Microsoft က ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး The Verge ကနေ Microsoft ကို ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါမှာတော့ Microsoft က ပြောရေးဆိုခွင့်ရှိသူက

                “Microsoft က ချမှတ်ထားတဲ့ Windows Store စည်းကမ်းတွေကို မလိုက်နာတဲ့အတွက် Chrome App Installer ကို Windows Store ပေါ်ကနေ ဖျက်ချခဲ့ရတာပါ”

လို့ ဖြေကြားခဲ့ပါတယ်။

                ဒီတော့ Google ရဲ့ Chrome က Microsoft ရဲ့ Windows Store စည်းကမ်းတွေထဲက ဘယ်စည်းကမ်းချက်ကိုများ မလိုက်နာတာလဲပေါ့။ ပြဿနာအစက Windows 10 S ရဲ့ သတ်မှတ်ချက်တွေကြောင့်ပါ။ Windows 10 S သုံးမယ်ဆိုရင် Windows Store ပေါ်က App တွေပဲ သုံးလို့ရမှာပါ။ ဒီတော့ Google ဘက်ကလည်း Chrome App ကို Windows Store ပေါ်မှာ တင်ပေးတယ်ပေါ့။

                ဖြစ်ချင်တော့ Web Browser နဲ့ ပက်သက်ရင် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Microsoft က Windows Store ပေါ်မှာ တင်ချင်တဲ့ Web Browser တွေနဲ့ Web Browsing လုပ်နိုင်တဲ့ App တွေမှန်သမျှ Windows 10 ရဲ့ HTML Engines တွေနဲ့ JavaScript Engines တွေကိုပဲ သုံးရမယ်ဆိုပြီး စည်းကမ်းထုတ်ထားပါတယ်။ Chrome က သုံးတာက Google ရဲ့ Blink Rendering Engine ကို သုံးတာပါ။

                ဆိုတော့ Google ဘက်က ပြန်ကြည့်မယ်ဆိုရင် Windows Store မှာတင်ဖို့အတွက် Chrome ကို အစကနေ ပြန်ရေးပေးရမလိုတောင် ဖြစ်နေပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Windows 10 S သုံးတဲ့သူက တော်တော်နည်းနေသေးတာဆိုတော့ Windows 10 ရဲ့ HTML Engines တွေနဲ့ JavaScript Engines တွေကိုပဲ သုံးထားတဲ့ Chrome App ကို  Google ဘက်က ထပ်ရေးပေးမှာ မဟုတ်တာ သေချာပါတယ်။

                Windows 10 အသုံးပြုသူတွေ အနေနဲ့ Edge ကို မကြိုက်ဘူး Chrome ပဲ သုံးချင်တယ်ဆိုလည်း ရပါတယ်။ Edge ဖွင့်ပြီး Chrome ကို Down လိုက်လို့ ရပါတယ်။ ပြောရရင် အရင်တုန်းက IE ဖွင့်ပြီး တခြား Browser သွားဒေါင်းကြရ သလိုပေါ့။ Windows 10 S သမားတွေကတော့ Windows Store ပေါ်က App တွေပဲ Install လုပ်လို့ရမှာ ဆိုတော့ ကြေကွဲပါပဲ။ နောက်ပြီးရင် Default Browser လည်းပြောင်းလို့လည်း ရမှာမဟုတ်ဘူးဆိုတော့ …။

                အခုပြဿနာက Microsoft နဲ့ Google ကြားမှာ Browser ကြောင့်ပဲဖြစ်ဖြစ်၊ Platform ကြောင့်ပဲဖြစ်ဖြစ် ပထမဆုံးအကြိမ်ဖြစ်တဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ကုမ္ပဏီနှစ်ခုကြားမှာ Windows Phone အတွက် YouTube App အတွက်လည်း ပြဿနာတက်ခဲ့ဘူးသလို Microsoft က Chrome ကို Battery စားလွန်းတယ်လို့လည်း ပြောခဲ့ဖူးပါတယ်။ 

                The Verge အနေနဲ့ အခုပြဿနာက ရေရှည်ဖြစ်နေဦးမှာလား? အခုလိုမျိုး ဖျက်ပစ်လိုက်တာနဲ့ ပက်သက်ပြီး ဘယ်လိုမြင်လဲ? စတာတွေကို မေးမြန်းခဲ့ရာမှာတော့ Google ဘက်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

References
The Verge
About Author
Assinged Tags
Google Windows 10 Chrome Browser Edge Browser Windows 10 S Google Chrome
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed