ဘက်ထရီ တစ်နေ့လုံးအသုံးခံတယ်လို့ ကြွေးကြော်ထားတဲ့ LG Gram Laptop အသစ်

date_range 15 December 2017

ဘက်ထရီ တစ်နေ့လုံးအသုံးခံတယ်လို့ ကြွေးကြော်ထားတဲ့ LG Gram Laptop အသစ်

visibility 800 Views

                LG ဟာ ရှေ့လ CES ပွဲမတိုင်မီမှာ ပါးလျပေါ့ပါးတဲ့ Gram Laptop စီးရီးရဲ့ ၂၀၁၈ မော်ဒယ်အသစ်သုံးမျိုးကို မိတ်ဆက်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ LG Gram Laptops မော်ဒယ်အသစ်တွေကို ရှေ့လ CES 2018 ပွဲကျမှ တရားဝင်ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး၊ လောလောဆည်တော့ တချို့အချက်အလက်တွေပဲ သိထားရပါသေးတယ်။

                13.3-inch, 14-inch နဲ့ 15-inch မော်ဒယ်သုံးမျိုးရှိတဲ့ 2018 Gram Laptops တွေမှာ Intel ရဲ့ 8th-Generation Core i5 နဲ့ i7 Processors တွေကို အသုံးပြုထားပြီး၊ SSD Storage တစ်ခုပါဝင်ကာ၊ နောက်ထပ် SSD Slot တစ်ခု ထပ်စိုက်ဖို့အတွက်လည်း Slot တစ်ခု ထပ်ပါဦးမှာပါ။


                LG ရဲ့ အဆိုအရတော့ အခု Gram Laptops အသစ်တွေဟာ အသုံးပြုသူရဲ့ အလုပ်ပြီးမြောက်မှုအပိုင်းကို ၄၀ ရာခိုင်နှုန်းအထိ ပိုမိုတိုးမြှင့်ပေးနိုင်မှာဖြစ်ပြီး၊ Boot တက်ဖို့အတွက် အချိန်ကလည်း ၁၀ စက္ကန့်တောင် ကြာမှာမဟုတ်ဘူးလို့ သိရပါတယ်။ 2017 Gram Laptops တွေမှာ အသုံးပြုခဲ့တဲ့ 60Wh Battery အစား အခု 2018 Gram Laptops တွေမှာ 72Wh Battery တွေကို ပြောင်းလဲအသုံးပြုထားပြီး၊ မော်ဒယ်အလိုက် ပျှမ်းမျှဘက်ထရီသက်တမ်း (၂၂) နာရီဝန်းကျင် ခံမယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။ တကယ်တမ်း တစ်ရက်လုံးအသုံးခံမယ်ဆိုရင်တော့ တော်တော်စိတ်ချမ်းသာစရာပါ။ အခုနောက်ပိုင်း Laptop စျေးကွက်မှာ Performance ထက် ဘက်ထရီပိုခံတဲ့ Ultrabook တွေ ခေတ်စားလာတာတွေ့ရပြီး၊ Qualcomm နဲ့ Microsoft တို့ ပူးပေါင်းထုတ်မယ့် Snapdragon ARM processor သုံး Windows Laptop တွေကလည်း တစ်ရက်တိတိ ဘက်ထရီအသုံးခံမယ်လို့ ဆိုထားတာကြောင့် အခု LG Gram တွေနဲ့ Battery Life တူနေတာကို တွေ့ရပါတယ်။ 

                Laptop အပြင်ဘက်ကိုယ်ထည်တစ်ခုလုံးကို Nano Carbon Magnesium သတ္တုစပ်အသုံးပြုထားပြီး၊ MIL-STD 810G အကြမ်းခံစစ်ဆေးမှု (၇) ဆင့်လုံးကို အောင်မြင်စွာဖြတ်ကျော်နိုင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ LG Gram Laptops တွေဟာ သာမန် Magnesium Products တွေနဲ့ ယှဉ်ရင် ၂၀ ရာခိုင်နှုန်း ပိုအကြမ်းခံနိုင်မယ်လို့လည်း ဆိုထားပါတယ်။ Laptop မော်ဒယ်အသစ်သုံးခုစလုံးဟာ ၂.၁ ပေါင်၊ ၂.၂ ပေါင်နဲ့ ၂.၄ ပေါင်သာ ရှိတာကြောင့် သယ်ဆောင်ရလွယ်ကူတဲ့ Ultrabook တွေ ဖြစ်လာမှာပါ။

                တကယ်လို့ User ဘက်က Gram Laptops တွေကို Upgrade လုပ်ချင်တယ်ဆိုရင်လည်း Touchscreen၊ Fingerprint Readers နဲ့ Thunderbolt 3 USB-C Ports တို့ နဲ့ Upgrade လုပ်နိုင်သေးတယ်လို့ သိရပါတယ်။ DTS Headphone X နည်းပညာလည်း Gram Laptops မှာ ပါဝင်လာပြီး၊  စျေးနှုန်းတွေကိုတော့ မကြေညာရသေးပါဘူး။

References
Gadgets NDTV The Verge
About Author
Assinged Tags
PC LG Intel Laptop Ultrabook Intel 8th Generation Intel 8th Generation H Series LG Gram LG Gram 2018
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed