ဟမ်ဘာဂါ Emoji မှာ Cheese ထားတဲ့ နေရာ လွဲနေတာကို Android 8.1 မှာ ပြင်ဆင်ပေးလိုက်တဲ့ Google

date_range 29 November 2017

ဟမ်ဘာဂါ Emoji မှာ Cheese ထားတဲ့ နေရာ လွဲနေတာကို Android 8.1 မှာ ပြင်ဆင်ပေးလိုက်တဲ့ Google

visibility 520 Views

                Google ရဲ့ ဟမ်ဘာဂါ Emoji မှာ Cheese ပြားက ဟိုးအောက်ဆုံး ရောက်နေတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အရင်လ တုန်းက Twitter မှာ ပွက်လောရိုက်ခဲ့ပါတယ်။ Thomas Baekdal ဆိုသူက Tweet တစ်ခုနဲ့ စတင် မီးမွှေးလိုက်တဲ့နောက် Thread တစ်ခုလုံးက Debate ဖြစ်သွားခဲ့ပါတယ်။ Google CEO Sundar Pichai ကလည်း အားလုံး သဘောတူညီမှု ရပြီဆိုရင် ဒီ Emoji ကိစ္စကို ချက်ချင်း ဖြေရှင်းပေးမယ် ဆိုပြီး ပြောကြားခဲ့ ပါတယ်။

                Sundar Pichai က ရွဲ့ပြောခဲ့ပုံ ပေါက်ပေမယ့် Android 8.1 မှာတော့ ဟမ်ဘာဂါ Emoji ကို တကယ် ပြင်ဆင်ပေးလိုက်ပါပြီ။ ထွေထွေထူးထူးတော့ ပြောင်းလဲသွားခြင်း မရှိပေမယ့် လူပြောများခဲ့တဲ့ Cheese ပြားကို အောက်ဆုံးမှာ မထားတော့ဘဲ နေရာမှန်ဖြစ်တဲ့ အသားပြားရဲ့ အပေါ်ကို ရွှေ့ပေးလိုက်ပါတယ်။


                ဒီ ကိစ္စကို အစ ပျိုးလိုက်တဲ့ Thomas Baekdal ရဲ့ Tweet ဟာ Like (၅) သောင်းကျော်နဲ့ Retweet (၂) သောင်းခွဲလောက် ရခဲ့တာကို ကြည့်မယ်ဆိုရင် လူတော်တော်များများက ဒီလို အသေးအမွှား ကိစ္စကို သတိပြုမိသွားတာကို တွေ့ရပါတယ်။

                အဲ့ဒီ့ Tweet အောက်က Reply ပေါင်း (၂) ထောင်ကျော် မှာလည်း ဘယ်နေရာမှာ ဘာကိုထားတာက မှန်လဲဆိုတာ ဘာဂါ ပုံတွေ အထပ်လိုက်ကြီးနဲ့ ငြင်းခုံကြပြန်ပါတယ်။ အစားအသောက် (အထူးသဖြင့် ဟမ်ဘာဂါ) ကို တကယ်ကြိုက်တဲ့သူတွေဆို နေရာမမှန်တဲ့ Cheese ကြောင့် ပိုပြီး မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

                ရက်အနည်းငယ် အကြာ မှာတော့ Emoji ထဲက အတိုင်း Cheese ကို အောက်ဆုံးမှာ ထားထားတဲ့ ဟမ်ဘာဂါကို “Android Burger” ဆိုပြီး Google ရဲ့ ရုံးတွေမှာ နေ့လည်စာ အဖြစ် တည်ခင်းခဲ့ပါတယ်။ ရွဲ့ချင်တာပဲလား၊ အရသာ မြည်းစမ်းစေချင်တာလား ဆိုတာတော့ မသိပါဘူး။

                တနင်္လာနေ့က ထွက်ရှိခဲ့တဲ့ Android 8.1 Final Preview မှာ ဟမ်ဘာဂါ Emoji အသစ် ပါဝင်လာတာကို Emojipedia က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဘာဂါ ကိစ္စ အငြင်းပွားတုန်းက ထောက်ပြခံခဲ့ရတဲ့ အခြား Emoji အလွဲလေးတွေကိုလည်း ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ခွက်ထဲမှာ ဘီယာ တစ်ဝက်ပဲ ရှိပေမယ့် ဘီယာ အမြုပ်တွေက ခွက် နှုတ်ခမ်းဝ ရောက်နေတာကို ပြင်ဆင်ပေးလိုက်ပါတယ်။ (အောက်က ပုံမှာ ကြည့်လိုက်ပါ၊ ရေးနေရင်းနဲ့တောင် ရီချင်ပါတယ်။)


                Cheese အတုံးရဲ့ အပေါက်လေးတွေဟာ တကယ့် အပေါက်နဲ့ မတူဘဲ ဆေးခြယ်ထားသလို ဖြစ်နေတာကိုလည်း ပြင်ဆင်လိုက်ပါတယ်။


                Emoji တွေကို ကုမ္ပဏီတွေက စိတ်ကြိုက် ဒီဇိုင်းထုတ်တတ်ကြသလိုပဲ၊ ဟမ်ဘာဂါရဲ့ နေရာ အထားအသိုကလည်း ဆိုင်မတူ၊ Chef မတူတဲ့အခါ အနည်းငယ်တော့ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုပဲ ဖြစ်နေနေ စားလို့ကောင်းရင် ပြီးတာပါပဲ။

References
Tech Crunch Emojipedia
About Author
Assinged Tags
Google Emoji Android Oreo Android 8.1 Hamburger Emoji
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed