ညကြီးအချိန်မတော် သီချင်းတွေ အကျယ်ကြီး ထဖွင့်ခဲ့တဲ့ Alexa Smart Speaker ကို ရဲတွေ အိမ်သော့ဖျက်ပြီး ပိတ်ခဲ့ရ

date_range 11 November 2017

ညကြီးအချိန်မတော် သီချင်းတွေ အကျယ်ကြီး ထဖွင့်ခဲ့တဲ့ Alexa Smart Speaker ကို ရဲတွေ အိမ်သော့ဖျက်ပြီး ပိတ်ခဲ့ရ

visibility 5700 Views

                Artificial Intelligence Assistant တွေ ပါဝင်တဲ့ Smart Speaker တွေက အထာလည်းကျ၊ လိုချင်စရာလည်း ကောင်းပါတယ်။ ဒါပေမယ့် Hamburg မြို့က Oliver Haberstroh ဆိုတဲ့ ဂျာမန် တစ်ယောက်ကတော့ သူ အိမ်မှာမရှိတုန်း ညကြီးအချိန်မတော် အလိုလို သီချင်းတွေ အကျယ်ကြီး ထဖွင့်ခဲ့တဲ့ Alexa ကြောင့် အိမ်သော့လည်း အဖျက်ခံခဲ့ရ၊ ရဲစခန်းကိုလည်း အလည်တစ်ခေါက် ရောက်ခဲ့ရပါတယ်။

                အရင်အပတ် သောကြာနေ့ညက ဖြစ်ခဲ့တဲ့ ဒီကိစ္စဟာ ဂျာမန် သတင်းစာ တစ်စောင်မှာတောင် သတင်းအနေနဲ့ ပါဝင်လာခဲ့ပါတယ်။ Alexa ကို စိတ်ပျက်သွားတဲ့ Haberstroh ဟာ အဲ့ဒီ့ သတင်းစာ အပိုင်းလေးကို ဓာတ်ပုံရိုက်ပြီး Amazon Germany ရဲ့ Facebook Page မှာ သူ့ အဖြစ်အပျက် အကြောင်းကို Post တင်ခဲ့ပါတယ်။

                “ခင်ဗျားတို့ရဲ့ Amazon ရဲ့ ဝန်ဆောင်မှုနဲ့ Alexa ကို ကျွန်တော် အရမ်း သဘောကျခဲ့ပါတယ်။ ဒါပေမယ့် သောကြာနေ့ညက စလို့ Alexa နဲ့ ကျွန်တော့်ကြားက Relationship ဟာ လုံးဝ ပြောင်းလဲသွားခဲ့ပါပြီ။ “Complicated Relationship" လို့ ပြောရင်လည်း ရပါတယ်။ အခုဖြစ်သွားတဲ့ ကိစ္စကြောင့် ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ လမ်းခွဲရပါတော့မယ်။”

လို့ Haberstroh က သူ့ရဲ့ Post မှာ အမွှန်းတင် ရေးသားခဲ့ပါတယ်။ 

                အဲ့နေ့တုန်းက Friday Night လည်း ဖြစ်တာဆိုတော့ အပန်းဖြေဖို့အတွက် Haberstroh ဟာ Hamburg မြို့ရဲ့ Reeperbahn လမ်းမပေါ်မှာ ရောက်နေခဲ့တာ ဖြစ်ပါတယ် (Reeperbahn ဆိုတာ အပန်းဖြေချင်တဲ့သူတွေ အတွက် Night Club တွေ၊ Bar တွေနဲ့ ပြည့်နေတဲ့ လမ်းမကြီးပဲ ဖြစ်ပါတယ်)။ 

                “Hamburg မြို့ရဲ့ Reeperbahn လမ်းမပေါ်မှာ ဘီယာတစ်ခွက် ထိုင်သောက်ရင်း ကျွန်တော် အေးအေးဆေးဆေး အနားယူနေတုန်းမှာ ဘာ Command မှလဲ မပေး၊ ဖုန်းကိုလဲ သုံးမနေဘဲနဲ့ Alexa က သူ့ဟာသူ သီချင်းတွေဖွင့်၊ Volume အဆုံးထိ တင်ပြီး ကျွန့်တော့် တိုက်ခန်းထဲမှာ ပွဲခံလိုက်ပါတယ်။ ပိုဆိုးတာက ညအချိန်မတော်ကြီး တစ်နာရီခွဲကနေ သုံးနာရီလောက်အထိ အဲ့လို ဖြစ်ခဲ့တာပါ။”

လို့ Haberstroh က ဆက်ရှင်းပြပါတယ်။

                ဒီလိုနဲ့ ကျယ်လောက်တဲ့ သီချင်းသံတွေကြောင့် ဒေါသထွက်နေတဲ့ အိမ်နီးချင်းတွေက ရဲခေါ်လိုက်ပါတော့တယ်။ ရဲတွေ ရောက်လာတဲ့အခါ သော့ဖျက်ပြီး အိမ်ထဲဝင်၊ Speaker ကို ပလပ်ဆွဲဖြုတ်လိုက်မှပဲ Alexa လည်း ပိတ်သွားပါတော့တယ်။ နောက်တော့ ရဲတွေက အိမ်သော့အသစ် လဲပေးထားခဲ့ပါတယ်။ 

                Haberstroh အိမ်ပြန်ရောက်တော့ အိမ်သော့အသစ် လဲထားတာကို တွေ့ပြီး၊ သူ့အိမ်ထဲ ဝင်နိုင်ဖို့အတွက် သော့အသစ်ကို ရဲစခန်းမှာ သွားယူခဲ့ရပါတယ်။ အိမ်သော့အသစ် လဲတုန်းက ညကြီးမိုးချုပ် ခေါ်လိုက်ရတဲ့ သော့ပြင်ဆရာအတွက် များပြားတဲ့ ဝန်ဆောင်ခကိုလည်း သူပဲ ရှင်းပေးလိုက်ရပါတယ်။

                “ကျွန်တော်တို့ အတူဆက်နေနိုင်မှာလား ဆိုတာနဲ့ ကျွန်တော် ရှင်းလိုက်ရတဲ့ ဝန်ဆောင်ခတွေကို သူပြန်ပေးမှာလား" လို့ Alexa ကို မေးကြည့်တော့ "အဖြေမရှိပါ" လို့ပဲ သူက ပြန်ဖြေပါတယ်”

ဆိုပြီး Haberstroh က သူ့ရဲ့ ငိုရမလို၊ ရယ်ရမလို အတွေ့အကြုံကို ပြောပြပါတယ်။

                ဇူလိုင်လတုန်းကလည်း Smart Speaker တစ်ခုက ရည်းစားနှစ်ယောက် စကားများ ရန်ဖြစ်နေတုန်း အော်ပြောတဲ့ စကားကို အကြားမှားပြီး အလိုအလျောက် ရဲကို ဖုန်းဆက် ခေါ်လိုက်တဲ့ အဖြစ်အပျက်တစ်ခု လည်း ရှိခဲ့ပါသေးတယ်။ အဲ့ဒီ့တုန်းကတော့ Smart Speaker ကြောင့် အမှုအခင်း တစ်ခုကို တားဆီးလိုက်နိုင်ခဲ့ပါတယ်။

                Smart Speaker တွေ ကြားချင်ရာကြားပြီး ကယောင်ကယမ်း ထလုပ်တာခြင်း တူပေမယ့် ဒီတစ်ခေါက် အသံအဆုံးထိချဲ့ပြီး ပွဲခံလိုက်တဲ့ Alexa ကတော့ ထူးလည်းထူးဆန်း သလို၊ Haberstroh လည်း ပိုက်ဆံ တော်တော် ထွက်သွားပါတယ်။ Smart Speaker တွေ မြန်မာလို နားမလည်သေးတာပဲ ခပ်ကောင်းကောင်းရယ်။

References
Mashable
About Author
Assinged Tags
Amazon Alexa Smart Speaker
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed