အိမ်တွင်းအကြမ်းဖက်မှုကို ရဲခေါ်ပြီး ဖြေရှင်းပေးလိုက်တဲ့ စမတ်စပီကာ

date_range 10 July 2017

အိမ်တွင်းအကြမ်းဖက်မှုကို ရဲခေါ်ပြီး ဖြေရှင်းပေးလိုက်တဲ့ စမတ်စပီကာ

visibility 820 Views

                Brand တံဆိပ်အတိအကျမသိရသေးတဲ့ စမတ်စပီကာတစ်လုံးဟာ အမေရိကန်ပြည်ထောင်စု၊ New Mexico ပြည်နယ်က အိမ်တွင်းအကြမ်းဖက်မှုတစ်ခုကို ရဲခေါ်ပြီး ဖြေရှင်းပေးလိုက်နိုင်တယ်လို့ ABC News သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

                ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက New Mexico ပြည်နယ်၊ Tijeras မြို့က အခင်းဖြစ်ပွားတဲ့အိမ်မှာ Eduardo Barros ဆိုသူဟာ ရည်းစားဖြစ်သူရယ်၊ ရည်းစားရဲ့ ကလေးတစ်ယောက်နဲ့အတူတူ အိမ်စောင့်နေပေးနေရင်း ရည်းစားနှစ်ယောက်ကြား ကတောက်ကဆဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ပထမ စကားများတဲ့အဆင့်ကနေ နောက်ပိုင်း ကိုယ်ထိလက်ရောက်ဖြစ်ခဲ့ကြတယ်လို့ Bernalilo County ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲအုပ် Felicia Romero က ပြောကြားခဲ့ပါတယ်။

                Romero ရဲ့ ပြောကြားချက်အရ Barros ဟာ နောက်ဆုံးမှာ သေနတ်ဆွဲထုတ်ပြီး၊ သူ့ရည်းစားကို “Did you call the Sheriffs?” လို့ မေးမြန်းကာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါအိမ်မှာ ရှိနေတဲ့ စမတ်စပီကာတစ်လုံးက Barros ရဲ့ စကားကို “Call the Sheriffs” လို့ Voice Command ပေးတယ်ထင်ပြီး၊ 911 ကို အလိုအလျောက်ဖုန်းခေါ်ပေးခဲ့တာ ဖြစ်ပါတယ်။

                ရဲစခန်းဟာ ဖုန်းထဲကနေ ရည်းစားနှစ်ယောက်စကားများတဲ့အသံတွေကို ကြားပြီးနောက်၊ SWAT Team နဲ့ စေ့စပ်ညှိနှိုင်းရေးဝန်ထမ်းတွေကို စေလွှတ်ခဲ့ကာ၊ နောက်ဆုံးမှာ Barros ကို အကြမ်းဖက်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

                Barros ရဲ့ ရည်းစားဖြစ်သူကောင်မလေးအနေနဲ့ ဒဏ်ရာအနာတရတွေ ရရှိခဲ့ပေမယ့်၊ ရဲတွေသာ ရောက်မလာခဲ့ဘူးဆိုရင် ဒီထက်အခြေအနေပိုဆိုးဖို့ပဲရှိတယ်လို့ ရဲတွေက ထွက်ဆိုထားပါတယ်။

                ယခုအမှုအခင်းမှာ ပါဝင်ခဲ့တဲ့ စမတ်စပီကာဟာ Google Home လား Amazon Echo လား၊ ဒါမှမဟုတ် တခြား Brand တစ်ခုခုလားဆိုတာတော့ အတိအကျမသိရသေးပါဘူး။

                နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက စမတ်စပီကာတွေဟာ အသံနဲ့ ခိုင်းစေနိုင်ဖို့အတွက် အရင်ဆုံး “Wake Word” လို့ ခေါ်တဲ့ Command တစ်ခု အရင်ပြောပေးရပါတယ်။ ဥပမာ Google Home ဆို “OK Google”, Amazon Echo ဆို “Alexa” စသဖြင့်ပေါ့။ Google Home ကတော့ အဆိုပါ Wake Word ကို ပြောင်းလို့မရပဲ၊ Amazon Echo ကတော့ “Alexa” အစား “Amazon”, “Echo”, “Computer” စသဖြင့် ပြောင်းပေးလို့ရပါတယ်။ ဒီအမှုမှာတော့ Barros အနေနဲ့ ဒီလိုမျိုး Wake Word ပြောမိဖို့က မဖြစ်နိုင်လောက်ပါဘူး။ ဒီတော့ Wake Word မလိုတဲ့ တခြားစမတ်စပီကာတစ်လုံးလုံးလည်း ဖြစ်နိုင်ပါတယ်။

"This Article is still Developing"
References
ABC News Gizmo China
About Author
Assinged Tags
Smart Speaker Amazon Echo Google Home
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed