“Slide-To-Unlock” မူပိုင်ခွင့်အမှုမှာ ရှုံးနိမ့်ခဲ့တာကြောင့် Apple ကို ကန်ဒေါ်လာသန်း ၁၂၀ လျော်ကြေးပေးရတော့မယ့် Samsung

date_range 07 November 2017

“Slide-To-Unlock” မူပိုင်ခွင့်အမှုမှာ ရှုံးနိမ့်ခဲ့တာကြောင့် Apple ကို ကန်ဒေါ်လာသန်း ၁၂၀ လျော်ကြေးပေးရတော့မယ့် Samsung

visibility 11460 Views

                ၂၀၁၄ ခုနှစ်ထဲက Apple နဲ့ Samsung ကြားက “Slide-To-Unlock” မူပိုင်ခွင့်အမှုတွဲဟာ Apple ဘက်က အယူခံဝင်လိုက်၊ Samsung ဘက်က အယူခံဝင်လိုက်နဲ့ အမှုကမပြီးပြတ်ခဲ့ပါဘူး။ ဒီနေ့မှာတော့ အမေရိကန် နိုင်ငံတော် တရားရုံးချုပ် အနေနဲ့ Apple နဲ့ Samsung ကြားက မပြီးပြတ်သေးတဲ့ “Slide-To-Unlock” မူပိုင်ခွင့်အမှုတွဲမှာ Apple ကို အနိုင်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ နောက်ထပ်လည်း အယူခံဝင်တော့မှာ မဟုတ်ကြောင်း အမိန့်ချမှတ်လိုက်ပါတယ်။

                တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမှာပါပဲ။ Samsung အနေနဲ့ မနေ့ကမှ ထွက်ခဲ့သမျှ iPhone မျိုးဆက်တွေကို ဖဲ့ထားတဲ့ ကြော်ငြာဗီဒီယို တစ်ခုကို ထုတ်ပေးခဲ့ပြီး ဒီနေ့မှာတော့ မူပိုင်ခွင့်အမှုမှာ Apple ကို အရှုံးပေးလိုက်ရတဲ့အပြင် လျော်ကြေးအနေနဲ့လည်း ကန်ဒေါ်လာသန်း ၁၂၀ ပေးရတော့မှာ ဖြစ်ပါတယ်။

                ဒါပေမယ့် ဒီမူပိုင်ခွင့်အမှုတွဲထဲမှာ “Slide-To-Unlock” မူပိုင်ခွင့်အပြင်၊ ဖုန်းနံပါတ်တွေကို Tap လုပ်လို့ရနိုင်တဲ့ Link လေးတွေအဖြစ် အလိုအလျောက် ပြောင်းပေးနိုင်တဲ့ Software လိုမျိုး အခြားမူပိုင်ခွင့် အသေးအမွှားလေးတွေလည်း ပါဝင်ပါသေးတယ်။ 

                ဒီအမှုတွဲအစမှာတော့ တရားရုံးက Samsung ကို မူပိုင်ခွင့် ချိုးဖောက်ခဲ့တယ်လို့ အမိန့်ချမှတ်ခဲ့ပေမယ့်လည်း နောက်နှစ်နှစ်အကြာမှာတော့ အမိန့်ကို ပြန်လည်ပါယ်ဖျက်ခဲ့ပါတယ်။ နောက်ထပ် တစ်နှစ်အကြာမှာတော့ အခုမှုတွဲကိုပဲ ပြန်လည်ရင်ဆိုင်ခဲ့ကြပြီး ဒီနေ့မှာတော့ အမေရိကန် နိုင်ငံတော် တရားရုံးချုပ်က နောက်ထပ်အယူခံနိုင်ခွင့် မရှိတော့ဘူးလို့ အမိန့်ချမှတ်ခဲ့တာကြောင့် Apple နဲ့ Samsung ကြားက မပြီးပြတ်သေးတဲ့ ဒီအမှုတွဲဟာ ဒီနေ့မှာပဲ အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။

                ဒါပေမယ့် တရားရှုံးခဲ့တဲ့ Samsung ဘက်ကတော့ ကျေနပ်မှု မရှိခဲ့ပါဘူး။ Samsung ဘက်က တာဝန်ရှိသူ တစ်ဦးကတော့

                “အမေရိကန် နိုင်ငံတော် တရားရုံးချုပ်အနေနဲ့ ဒီအမှုကို ပြန်လည်အယူခံဝင်ခွင့် ပေးသင့်ပြီး မျှမျှတတ စီရင်ချက်ချသင့်ပါတယ်။ မျှမျှတတ စီရင်ချက်ချတယ်ဆိုတဲ့ နေရာမှာလည်း နည်းပညာကုမ္ပဏီတွေကြားမှာ မူပိုင်ခွင့်အလွဲသုံးစား မလုပ်ကြအောင် တားဆီးပေးနိုင်တဲ့ နည်းလမ်းတစ်ခု လိုအပ်မှာပါ။ အခုအမှုမှာလည်း Apple အနေနဲ့ မဟုတ်မမှန်တဲ့ မူပိုင်ခွင့်အမှုကနေ မမှန်ကန်တဲ့ အမြတ်အစွန်းတွေ ရရှိသွားတယ်”

လို့ ပြောကြားခဲ့ပါတယ်။

                Apple ဘက်ကတော့ Samsung က တာဝန်ရှိသူက အခုလိုမျိုး ပြောကြားခဲ့တာနဲ့ ပက်သက်ပြီး ပြန်လည်ချေပခဲ့ခြင်း မရှိသေးပါဘူး။ တစ်ဖက်မှာလည်း Apple နဲ့ Samsung ကြားက အမှုတွဲတွေက မပြီးသေးပါဘူး။ အခုပြီးပြတ်သွားတဲ့ အမှုကလည်း အမှုတွဲနေထဲကမှ အမှုတစ်မှုပဲ ရှိပါသေးတယ်။ နောက်နှစ် မေလရောက်ရင်လည်း နောက်ထပ်အမှုတစ်မှု ရင်ဆိုင်ကြဖို့ ရှိပါသေးတယ်။

References
The Verge
About Author
Assinged Tags
Samsung Copyright Copyright Infringement Lawsuit Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed