၁၀ နှစ်အတွင်း ထွက်ခဲ့သမျှ iPhone တွေကို ဖဲ့လိုက်တဲ့ Samsung ရဲ့ တစ်မိနစ်စာ ကြော်ငြာအသစ်

date_range 07 November 2017

၁၀ နှစ်အတွင်း ထွက်ခဲ့သမျှ iPhone တွေကို ဖဲ့လိုက်တဲ့ Samsung ရဲ့ တစ်မိနစ်စာ ကြော်ငြာအသစ်

visibility 10260 Views

                Apple ကို မကြာခဏ ဆိုသလို ရွဲ့သလိုလို၊ ခနဲ့သလိုလို လုပ်လေ့ရှိတဲ့ Samsung ကတော့ ဒီတစ်ခါ တည့်တည့်ကြီးကို ဖဲ့လိုက်ပြန်ပါပြီ။ မကြာသေးခင်ကမှ Huawei က လှောင်ပြောင်ထားတဲ့ iPhone X အပြင် လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်း ထွက်ခဲ့သမျှ iPhone တွေအားလုံးကို ပြိုင်ဘက် Samsung Galaxy ဖုန်းတွေနဲ့ နှိုင်းယှဉ် ဖော်ပြသွားတာ ဖြစ်ပါတယ်။

                (၂၀၀၇) ခုနှစ်က စလို့ iPhone တွေကိုပဲ စွဲစွဲမြဲမြဲ ကိုင်ခဲ့တဲ့ လူငယ်တစ်ယောက် တွေ့ကြုံခဲ့ရတဲ့ iPhone ရဲ့ အခက်အခဲတွေကို ခုနှစ်အလိုက် ပြောင်းလဲ ဖော်ပြသွားတာ ဖြစ်ပြီး iPhone တွေမှာ Storage မလောက်တဲ့ ပြဿနာကို “Storage Almost Full” ဆိုတဲ့ Alert Message နဲ့ စတင် ပြသပါတယ်။ (၂၀၁၃) ခုနှစ်၊ Galaxy Note 3 က 5.5-inch Display ကို သုံးထားတဲ့ အချိန်မှာ iPhone 5S ရဲ့ 4-inch Display က သေးငယ်လွန်းတဲ့ အကြောင်းကို ပြသွားပါတယ်။ (၂၀၁၆) အရောက်မှာတော့ Galaxy Series တွေ ရေစိုခံနိုင်တဲ့အချိန်မှာ iPhone လေးက ရေအခြောက်ခံဖို့ ဆန်ထည့်ထားတဲ့ ဇလုံ ထဲရောက်သွားတာကိုလည်း ဖဲ့ထားပါတယ်၊ (ဒီမှာဆိုရင်တော့ ဆန်အိုး ပေါ့လေ)။ (၂၀၁၇) ကတော့ Headphone Jack မပါတော့တဲ့ iPhone မှာ Headphone နဲ့ Charging Cable တစ်ပြိုင်တည်း တပ်ချင်ရင် သုံးရတဲ့ Dongle/Adapter ကြီး တန်းလန်းနဲ့ သုံးနေရတာကို ရိုက်ပြပါတယ်။

                “Growing Up” လို့ နာမည်ပေးထားတဲ့ ဒီကြော်ငြာမှာ iPhone ပဲ အမြဲ ကိုင်ခဲ့တဲ့သူက နောက်ဆုံးမှာ Galaxy Note 8 ကိုပဲ ပြောင်းသုံးလိုက်တဲ့ အကြောင်း ဖော်ပြထားပါတယ်။ အကြိုက်ဆုံးကတော့ iPhone X ဝယ်ဖို့ တန်းစီနေတဲ့ လူတစ်ယောက်ရဲ့ ဆံပင်ကို iPhone X ရဲ့ Notch ပုံသဏ္ဍာန် ညှပ်ပေးထားတာ ပါပဲ။


                Samsung ပေးချင်တဲ့ Message ကတော့ သူတို့က Apple ထက် အမြဲတမ်း ခြေတစ်လှမ်း ကြိုလှမ်းထားပြီးသား ဖြစ်တယ် ဆိုတာပါပဲ။ ဘယ်လိုပဲ ပြောပြော Apple ရဲ့ CEO Tim Cook ကတော့ “We don’t give a rat’s about being first, we want to be the best” လို့ ကြုံးဝါးထားပြီးသားပါ။

                ဘက်ထရီ ပေါက်ကွဲမှုတွေ ရှိခဲ့တဲ့ Galaxy Note 7 က Meme တွေ အလုပ်ခံခဲ့ရပေမယ့် ဒီ ကြော်ငြာနဲ့ ဆိုရင်တော့ Samsung Fan တွေ ပြန်တုံ့ပြန်နိုင်ပါပြီ။ Apple Fan တွေကလည်း Tim Cook စကားအတိုင်း “အကောင်းဆုံး ဖြစ်ဖို့” ကသာ အရေးကြီးကြောင်း ပြောဆိုနေကြဦးမှာ ဖြစ်ပါတယ်။

                Samsung ရဲ့ “Growing Up” ဆိုတဲ့ ကြော်ငြာအသစ်ကို ကြည့်ရှုလိုက်ကြပါဦး။



References
The Verge
About Author
Assinged Tags
Samsung iPhone Samsung Galaxy Advertisement Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed