တရုတ်နိုင်ငံမှာ iPhone ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်သွားရန် Qualcomm ကြိုးပမ်း

date_range 16 October 2017

တရုတ်နိုင်ငံမှာ iPhone ထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်သွားရန် Qualcomm ကြိုးပမ်း

visibility 5360 Views

                မကြာသေးခင်ကမှ ထိုင်ဝမ်မှာ ကန်ဒေါ်လာ (၇၇၄) သန်း အထိ ဒဏ်ရိုက်ခံလိုက်ရတဲ့ Qualcomm ကတော့ တရားရုံးတွေ တက်ရတာ တော်တော်ခုံမင်နေပုံပါပဲ။ 

                လွန်ခဲ့တဲ့ ငါးလလောက်က US ကို iPhones တင်သွင်းခွင့် ပိတ်ပစ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ Qualcomm ကုမ္ပဏီဟာ၊ ယခုအခါမှာလည်း တရုတ်နိုင်ငံမှာပါ iPhones ရောင်းချခွင့်ကော ထုတ်လုပ်ခွင့်ပါ ပိတ်ပင်ပေးဖို့ ထပ်မံကြိုးစားနေပြန်ပါပြီ။

                Bloomberg ရဲ့ Report တစ်ခုအရ Qualcomm ဟာ Beijing မူပိုင်ခွင့်ဆိုင်ရာတရားရုံးမှာ Apple ကို မူပိုင်ခွင့်သုံးခုချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပြီး၊ တရုတ်ပြည်တွင်းမှာ iPhone ထုတ်လုပ်ရောင်းချခွင့်ကို ပိတ်ပင်ပေးဖို့ အမိန့် ( Injunctive Relief ) ချမှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

“ Qualcomm က တီထွင်ထားတဲ့ နည်းပညာတွေကို Apple ဘက်က ပိုက်ဆံမပေးဘဲနဲ့ ယူသုံးနေပါတယ်

                 လို့ Qualcomm ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ Christine Trimble က ပြောကြားထားပါတယ်။

                Qualcomm က အမှုတွဲထးတဲ့ မူပိုင်ခွင့်သုံးခုမှာ လက်ရှိ iPhones တွေမှာ အသုံးပြုနေတဲ့ Power Management နဲ့ Force Touch နည်းပညာ တို့ ပါဝင်အကျုံးဝင်ကြောင်း Qualcomm က အခိုင်အမာဆိုထားပါတယ်။ Apple အနေနဲ့ သူ့ Devices တွေကို တိုးတက်ကောင်းမွန်အောင် လုပ်ပြီး၊ အကျိုးအမြတ်ပိုရအောင် အသုံးပြုနေတဲ့ Qualcomm ရဲ့ နည်းပညာတွေ အများကြီးထဲမှာ၊ ယခု မူပိုင်ခွင့်တွေက နမူနာလေးတွေပဲ ရှိသေးတယ်လို့ Qualcomm က ဆိုထားပါတယ်။

                ယခုဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Apple ကတော့ Qualcomm ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မခိုင်လုံကြောင်းနဲ့ ဒီအမှုမှာလည်း Qualcomm ပဲ ရှုံးနိမ့်လိမ့်မှာ ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ Apple ရဲ့ အဆိုအရ Qualcomm ဟာ Patents ( မူပိုင်ခွင့် ) တွေ အကြောင်း နှစ်ဖက်ဆွေးနွေးညှိနှိုင်းခဲ့စဉ်တုန်းက ဒီ Patents တွေကို ထုတ်မပြခဲ့ဘဲ၊ အခုတလောမှ ထုတ်ပြန်ထားတဲ့ မူပိုင်ခွင့်တွေလို့ သိရပါတယ်။

“ နည်းပညာဆန်းသစ်တီထွင်မှုရဲ့ တန်ဖိုးကို Apple ဘက်က တကယ့်ကို အလေးအနက်တန်ဖိုးထားပါတယ်။ ဘယ်တော့မဆို ကျနော်တို့ အသုံးပြုတဲ့ Patents တွေ အကုန်လုံးကို သင့်တင့်၊မျှတတဲ့ စျေးနှုန်းတွေ ပေးအပ်ပြီးမှ ယူသုံးတာပါ။ ကျနော်တို့ Qualcomm နဲ့ နှစ်ရှည်လများ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့်၊ အခု Patents တွေအကြောင်း တခါမှ မဆွေးနွေးခဲ့ဖူးပါဘူး။ မကြာခင်လပိုင်းအလိုကမှ အတည်ပြုလိုက်တဲ့ Patents တွေ ဖြစ်ပါတယ်”

                လို့ Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

“ တစ်ကမ္ဘာလုံးက စည်းကမ်းကြပ်မတ်ရေးအဖွဲ့တွေကလည်း Qualcomm ဟာ နှစ်တော်တော်ကြာကြာ သူတို့ပါဝါကို အလွဲသုံးစားလုပ် အသုံးချခဲ့တယ်ဆိုတာကို စစ်ဆေးတွေ့ရှိပြီး ဖြစ်ပါတယ်။ ပြီးတော့ အခု တရားစွဲဆိုချက်က အခြေအမြစ်မခိုင်လုံတော့၊ သူတို့ရဲ့ တခြားအမှုတွေလိုပဲ ကျရှုံးလိမ့်ဦးမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်”

လို့ Apple က ဆိုထားပါတယ်။

                Qualcomm ဟာ ယခုတရားစွဲဆိုမှုကို စက်တင်ဘာ ၂၉  ရက်နေ့က ဘေဂျင်းတရားရုံးမှာ စတင်အမှုဖွင့်ခဲ့တာဖြစ်ပြီး၊ တရားရုံးကတော့ အခုအချိန်ထိ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

                ဒါပေမယ့် တရုတ်တရားရုံးတစ်ခုဟာ အမေရိကန်ကုမ္ပဏီတစ်ခုရဲ့ တောင်းဆိုမှုကြောင့် အခုလို နိုင်ငံတွင်းထုတ်လုပ်ရောင်းချခွင့် ပိတ်ပင်ဖူးတဲ့ အစဉ်အလာမရှိခဲ့သလောက်ပါပဲ။ ပြီးတော့ Apple ကိုသာ တရုတ်မှာ ထုတ်လုပ်ရောင်းချခွင့် တကယ်ပိတ်လိုက်ရင် Apple ရဲ့ တရုတ် Supplier ကုမ္ပဏီတွေနဲ့ အဆိုပါကုမ္ပဏီတွေက တရုတ်နိုင်ငံသားဝန်ထမ်းတွေပါ နစ်နာဆုံးရှုံးမှုတွေ ရှိလာမှာဖြစ်ပါတယ်။

                တဖက်က ပြန်ကြည့်ရင်တော့ Qualcomm ဘက်က လိုက်မယ်ဆိုရင် တရုတ်အခြေစိုက်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Huawei, Xiaomi, Oppo, Vivo စတဲ့ ဖုန်းကုမ္ပဏီတွေအနေနဲ့ စျေးကွက်ဝေစုတွေ ပိုများလာနိုင်ပါတယ်။ ဒါပေမယ့် Apple ဘက်ကတော့ iPhones အများစုကို ထုတ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံမှာ အမှုရှုံးခံမှာ မဟုတ်ပါဘူး။ တကယ်လို့ ထုတ်လုပ်ခွင့်စိုးရိမ်လာရပြီဆိုရင်တောင် Qualcomm ကို နှစ်အနည်းငယ်လောက် ပိုက်ဆံပြန်ပေးဖို့ပဲ လုပ်မှာပါ။ Production ကိုတော့ တစ်ရက်တောင် အပျက်ခံမှာမဟုတ်ဘူးလို့ စျေးကွက်လေ့လာစိစစ်သူပညာရှင်တစ်ဦးဖြစ်တဲ့ Mike Walkley က သုံးသပ်ထားပါတယ်။

References
Bloomberg The Verge
About Author
Assinged Tags
iPhone Qualcomm Copyright Infringement China Patent Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed