US ကို iPhone တင်သွင်းခွင့် ပိတ်ဆို့ရန် Qualcomm ကြိုးပမ်း

date_range 05 May 2017

US ကို iPhone တင်သွင်းခွင့် ပိတ်ဆို့ရန် Qualcomm ကြိုးပမ်း

visibility 14900 Views

                Qualcomm ဟာ အာရှမှာ ထုတ်လုပ်ထားတဲ့ iPhone တွေ US ထဲ တင်သွင်းခွင့်ပိတ်ပင်ဖို့ နိုင်ငံတကာကုန်သွယ်ရေးကော်မရှင် (International Trade Commission) ထံ တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                Qualcomm ရဲ့ တောင်းဆိုမှုသာ အောင်မြင်ရင်တော့ ဒီနှစ်ထဲ iPhone မော်ဒယ်သစ် မိတ်ဆက်ဖို့ရှိပြီး၊ US စျေးကွက်ကနေတင် iPhone ရောင်းချရမှုဝင်ငွေ ဒေါ်လာ ၅၀ ဘီလီယံလောက်ရှိတဲ့ Apple အတွက်တော့ စိုးရိမ်စရာပါ။

                ITC ဟာ အမေရိကန်ထဲကို ကုန်ပစ္စည်းတင်သွင်းခွင့်ကို ပိတ်ဆို့ပစ်နိုင်လောက်တဲ့အထိ အာဏာရှိတဲ့ ဝါရှင်တန်အခြေစိုက်အေဂျင်စီတစ်ခုဖြစ်ပြီး၊ ခရိုင်တရားရုံးတွေထက် လုပ်ဆောင်မှုအဆင့်တွေ ပိုမြန်ပါတယ်။

                Qualcomm ဘက်က Apple ကို အခုလိုတိုက်ခိုက်မှုက အကြောင်းရှိပါတယ်။ Apple ဟာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတုန်းက Qualcomm ကို တရားစွဲဆိုခဲ့တာ သိကြမှာပါ။

                Apple ဘက်က တရားစွဲဆိုမှုကလည်း အနည်းငယ်ရှုပ်ပါတယ်။ သူတို့ အမေရိကန်ကုမ္ပဏီအချင်းချင်း ဖိုက်တဲ့ဇာတ်လမ်းက ပြောရရင် အရှည်ကြီးဖြစ်နေမှာစိုးလို့ အချက်နှစ်ချက်နဲ့ အကြမ်းဖျဉ်းဖော်ပြလိုက်ပါတယ်။

                Qualcomm မှာ သူ့ဆီက Chip ကို သုံးသုံး၊မသုံးသုံး မြန်နှုန်းမြင့်ဒေတာအသုံးပြုနိုင်တဲ့စမတ်ဖုန်းတိုင်းကို ဖုန်းတန်ဖိုးရဲ့ ရာခိုင်နှုန်းတစ်ခုအထိ မူပိုင်ခွင့်နှုန်းထားကောက်ယူနိုင်တဲ့ မူပိုင်ခွင့်တွေ၊ အခွင့်အရေးတွေရှိပါတယ်။ (မိုဘိုင်းဆက်သွယ်မှုနည်းပညာခေတ်ဦးထဲက ဦးဆောင်လာခဲ့တဲ့ Qualcomm ကုမ္ပဏီရဲ့ မူပိုင်ခွင့်အပြည့်အစုံကို ဒီမှာ လေ့လာနိုင်ပါတယ်။) Apple က ဒီနည်းလမ်းဟာ တရားမျှတမှုမရှိကြောင်းနဲ့ Qualcomm ဘက်က မူပိုင်ခွင့်ဆိုင်ရာအားသာချက်တွေ အသုံးပြုပြီး၊ သူ့ဆီက Chips တွေကိုပဲ စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်အောင် လုပ်နေကြောင်း တရားရုံးကို တင်ပြတရားစွဲဆိုခဲ့တာပါ။

                Qualcomm မူပိုင်ခွင့်စည်းကမ်းတွေက ဘယ်လောက်ဆိုးလဲဆိုရင် Apple ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ iPhone တွေမှာ Qualcomm က Modem Chips တွေကိုပဲ အသုံးပြုခဲ့ရပြီး၊ iPhone 7 ကျတော့မှ Intel ရဲ့ Modem Chip ကော Qualcomm ရဲ့ Chip ပါ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် US မှာ iPhone 7 ဒါမှမဟုတ် iPhone 7 Plus တစ်လုံးဝယ်မယ်ဆိုရင် Intel Modem Chip နဲ့ Qualcomm Modem Chip Version ဆိုပြီး နှစ်မျိုး ရှိမှာပါ။ Intel ရဲ့ 7630 Modem Chip က Sprint နဲ့ Verizon တို့ရဲ့ 3G CDMA Network တွေနဲ့ အလုပ်လုပ်မလုပ်တာကြောင့်၊ ဒီ Network သုံးတဲ့ Customer တွေက Qualcomm Chip Model iPhone 7 ကိုပဲ ရရှိမှာဖြစ်ပါတယ်။

                ဒုတိယအချက်ကတော့ တောင်ကိုရီးယားစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က Qualcomm ကုမ္ပဏီကို စစ်ဆေးမှုမှာ Apple က ပူးပေါင်းပါဝင်ပေးခဲ့မှုကြောင့် Qualcomm ဘက်က လက်စားချေတဲ့အနေနဲ့ Apple ဘက်က ပြန်ရစရာရှိတဲ့ ဒေါ်လာ တစ်ဘီလီယံခန့်ကို ပြန်မပေးမှုကြောင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

                ဒီလိုတရားစွဲဆိုပြီးနောက်မှာတော့ Apple ဟာ ယခုအမှုအခင်းမပြီးပြတ်သေးတဲ့အချိန်အထိ Qualcomm ကို မူပိုင်ခွင့်ကြေးပေးအပ်မှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ကြောင်း ကြေငြာခဲ့ပြီး၊ အဆိုပါကြေငြာမှုပြီးနောက်မှာပဲ Qualcomm ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ ထိုးကျသွားခဲ့ပါတယ်။

                Qualcomm ကုမ္ပဏီဟာ Chip တွေ အဓိကထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပေမယ့်၊ ကုမ္ပဏီရဲ့ ဝင်ငွေအများစုက များပြားတဲ့ မိုဘိုင်းဆက်သွယ်မှုနည်းပညာမူပိုင်ခွင့်တွေကနေ ရရှိနေတာပါ။ Apple ဘက်ကသာ ဒီအမှုနိုင်သွားရင် တခြားစမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း Apple နည်းတူ မူပိုင်ခွင့်ကြေးလျော့ပေးတာတွေ၊ လုံးဝမပေးတော့တာတွေ၊ သူတို့ရဲ့ Chip တွေကို အသုံးမပြုတော့တွေ ဖြစ်လာမှာစိုးတာကြောင့် Apple ကို အခုလို လိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်။

                ပြီးတော့ ITC ဟာ Patent Owner လို့ခေါ်တဲ့ မူပိုင်ခွင့်ပိုင်ရှင်တွေကို ပိုအားသာချက်ပေးလေ့ရှိတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။ အရင် ၂၀၁၃ ခုနှစ်တုန်းကဆို Samsung ဖုန်းတွေဟာ Apple ရဲ့ မူပိုင်ခွင့်နှစ်ခုကို ချိုးဖျက်မှုကြောင့် ITC က Samsung ဖုန်းတွေကို US တင်သွင်းခွင့်ပိတ်ပင်ဖူးတဲ့ အစဉ်အလာရှိပါတယ်။ ဒီအချက်တွေက Apple အတွက်တော့ အနည်းငယ်စိုးရိမ်စရာပါ။

            Apple ဟာ iPhone တွေကို လက်ရှိအချိန်ထိ အာရှမှာပဲ ထုတ်လုပ်နေဆဲဖြစ်တာကြောင့် US ထဲ ပြန်ရောင်းဖို့ကို နိုင်ငံထဲ အရင်ပြန်တင်သွင်းရမှာဖြစ်ပြီး၊ မူပိုင်ခွင့်ညိတဲ့ကုန်ပစ္စည်းတွေကို တင်သွင်းခွင့်ပိတ်ပစ်နိုင်တဲ့ ITC က ဘယ်လို ဆုံးဖြတ်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။

References
Bloomberg Fortune Fast Company
About Author
Assinged Tags
iPhone Qualcomm Modems
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed