စမတ်ဖုန်း Modems နည်းပညာကို အဓမ္မစျေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ထိုင်ဝမ်မှာ ကန်ဒေါ်လာ ၇၇၄ သန်း ဒဏ်ရိုက်ခံလိုက်ရတဲ့ Qualcomm

date_range 13 October 2017

စမတ်ဖုန်း Modems နည်းပညာကို အဓမ္မစျေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ထိုင်ဝမ်မှာ ကန်ဒေါ်လာ ၇၇၄ သန်း ဒဏ်ရိုက်ခံလိုက်ရတဲ့ Qualcomm

visibility 1720 Views

                ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက၊ EU ကနေ Google ကို အဓမ္မစျေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် စံချိန်တင်ဒဏ်ကြေး ယူရို (၂.၄) ဘီလီယံ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပြီးနောက်မှာ၊ နောက်ထပ်အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Qualcomm ကိုလည်း ဒီလို စျေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် ထိုင်ဝမ်တရားရုံးက ဒဏ်ကြေး ကန်ဒေါ်လာ ၇၇၄ သန်း ပေးဆောင်စေဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

                Taiwan’s Fair Trade Commission က Qualcomm ဟာ စမတ်ဖုန်းတွေမှာ အသုံးပြုတဲ့ CDMA, WCDMA နဲ့ LTE Modem Chips တွေနဲ့ နည်းပညာတွေကို တစ်ဦးတည်းချုပ်ကိုင်ထားနိုင်ပြီး၊ ဒီအားသာချက်ကို ကိုင်ကာ တခြားကုမ္ပဏီတွေကို များပြားတဲ့လိုင်စင်ကြေး တောင်းတာ၊ မမျှတတဲ့စာချုပ်တွေ ချုပ်ခဲ့သလို၊ သူ့နည်းပညာကို စျေးကွက်တွင်းက တခြားကုမ္ပဏီတွေကိုလည်း လိုင်စင်ပြန်ပေးဖို့ ငြင်းဆန်ခဲ့တာတွေကြောင့် ဒဏ်ရိုက်ခဲ့တာဖြစ်တယ်လို့ ယနေ့ တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။

                တရုတ်အစိုးရနဲ့ တောင်ကိုရီးယားအစိုးရတို့ကလည်း Qualcomm ရဲ့ အဓမ္မစျေးကွက်လက်ဝါးကြီးအုပ်ချင်တဲ့ လိုင်စင်စည်းကမ်းချက်တွေကြောင့် Qualcomm ကုမ္ပဏီကို ဒဏ်ရိုက်ခဲ့ပြီးဖြစ်သလို၊ U.S Federal Trade Commission ကလည်း ဒီအချက်တွေကြောင့်ပဲ Qualcomm ကုမ္ပဏီကို လက်ရှိမှာ တရားစွဲဆိုထားပါတယ်။ အခု ထိုင်ဝမ်အစိုးရကပါ ဒဏ်ရိုက်လိုက်တာကြောင့် Qualcomm အတွက် အခြေအနေတော့ သိပ်မကောင်းလှပါဘူး။

                ထိုင်ဝမ်ကော်မရှင်က Qualcomm အနေနဲ့ ဒီလုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ အမိန့်ထုတ်ပြန်ထားပြီး၊ လိုင်စင်စာချုပ်ချုပ်ဆိုထားတဲ့ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုအခြေအနေအဆင့်ဆင့်ကို ကော်မရှင်ထံ ခြောက်လခြားစီ အစီရင်ခံတင်ပြဖို့လည်း အမိန့်ချထားပါတယ်။

“ TFTC ( Taiwan’s Fair Trade Commission ) ရဲ့ သတင်းထုတ်ပြန်ချက်ထဲက ဆုံးဖြတ်ချက်ကို Qualcomm ဘက်က သဘောတူလက်ခံမှာ မဟုတ်ပါဘူး။ လာမယ့်အပတ်တွေထဲမှာ TFTC က တရားဝင်ဆုံးဖြတ်ချက်အမိန့် ချပြီးတာနဲ့ ထိုင်ဝမ်တရားရုံးတွေကနေ ဒီအမိန့်ကို အယူခံပြန်ဝင်သွားမှာဖြစ်ကာ၊ လိုအပ်တာတွေ ထပ်မံလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”

လို့ Qualcomm ကုမ္ပဏီဘက်က ယခုသတင်းနဲ့ပတ်သတ်ပြီး ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။

“ ဒဏ်ကြေးပမာဏကလည်း Qualcomm ရဲ့ ထိုင်ဝမ်က ဝင်ငွေပမာဏနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ ယှဉ်ရင် ဘာမှ သက်ဆိုင်မှုမရှိပါဘူး။ ဒီဒဏ်ကြေးပမာဏကော၊ ဒဏ်ကြေးတွက်ချက်တဲ့နည်းစနစ်တွေကိုပါ Qualcomm ဘက်က အယူခံဝင်သွားမှာ ဖြစ်ပါတယ်”

လို့ တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။

                မကြာသေးခင်တုန်းကလည်း Apple က Qualcomm ဟာ သူ့ရဲ့ မိုဘိုင်းဆက်သွယ်မှုနည်းပညာမူပိုင်ခွင့်တွေကို အသုံးချပြီး၊ iPhone တွေမှာ Qualcomm Modem Chips တွေကိုပဲ သုံးရမယ်ဆိုတဲ့ မမျှတတဲ့စည်းကမ်းချက်တွေ သတ်မှတ်ခဲ့တာကြောင့် တရားစွဲဆိုခဲ့ပါသေးတယ်။ ဒါကို မကျေနပ်တဲ့ Qualcomm ဟာ US မှာတောင် iPhone တင်သွင်းခွင့်မရအောင် ကြိုးစားခဲ့တာကို မှတ်မိကြမှာပါ။

                Android စမတ်ဖုန်းတွေမှာ အသုံးများတဲ့ Snapdragon Processors တွေနဲ့ နာမည်ကြီးတဲ့ Qualcomm ကုမ္ပဏီရဲ့ ဝင်ငွေဟာ တကယ်တမ်းတော့ Chipset တွေက ရတာထက်၊ သူ့ရဲ့ မူပိုင်ခွင့်လိုင်စင်ကြေးတွေကနေ ရတာက ပိုများပါတယ်။ Qualcomm အနေနဲ့ အခုလိုမျိုးသာ ကုမ္ပဏီနဲ့ အာဏာပိုင်အဖွဲ့ပေါင်းစုံက ဆက်တိုက်တရားစွဲဆိုတာ ခံနေရရင်၊ နောက်ပိုင်းမှာလည်း ကုမ္ပဏီရဲ့ မူပိုင်ခွင့်ဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို နဂိုကတည်းက အစာမကြေဖြစ်နေတဲ့ တခြားဖုန်းကုမ္ပဏီတွေကပါ တရားစွဲတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ Qualcomm ဘက်က ဘယ်လိုဆုံးဖြတ်၊ လုပ်ဆောင်မလဲဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းနေပါပြီ။

References
The Verge CNBC Reuters
About Author
Assinged Tags
Qualcomm Qualcomm Modems Qualcomm Chipset Patent Patent Licensing Agreement Antitrust Law Fines Taiwan's Fair Trade Commission Fair Trade
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed