Google Assistant ပါဝင်လာတဲ့ Chrome OS သုံး စွမ်းဆောင်ရည်မြင့် Pixelbook ကို Google မိတ်ဆက်

date_range 05 October 2017

Google Assistant ပါဝင်လာတဲ့ Chrome OS သုံး စွမ်းဆောင်ရည်မြင့် Pixelbook ကို Google မိတ်ဆက်

visibility 2700 Views

                Google ဟာ မနေ့ည ( အောက်တိုဘာလ ၄ ရက်နေ့ ) မြန်မာစံတော်ချိန် ညဆယ်နာရီခွဲဝန်းကျင်က ပြုလုပ်သွားခဲ့တဲ့ ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ Pixel 2 ဖုန်းအသစ်တွေ နဲ့အတူ ‘Pixelbook’ ဆိုတဲ့ Laptop မော်ဒယ်အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။

                Google ရဲ့ Pixelbook Laptop မော်ဒယ်အသစ်ဟာ Chrome OS သုံး Laptop တစ်ခုဖြစ်ပြီး၊ တန်ဖိုးနည်း၊ စွမ်းဆောင်ရည်နိမ့် Chromebook တွေနဲ့မတူဘဲ၊  High-Performance Chromebook တစ်လုံးအနေနဲ့ ပေါ်ထွက်လာတာဖြစ်ပါတယ်။

Design

                Google ရဲ့ အဆိုအရ Pixelbook ဟာ 4-in-1 အသုံးပြုနိုင်တဲ့ Laptop တစ်လုံးဖြစ်ပြီး၊ သာမန် Laptop ပုံစံ၊ ကီးဘုတ်ကို အောက်ချိုးပြီး ဗီဒီယိုကြည့်၊ ဂိမ်းဆော့တဲ့ ပုံစံ၊ ပြီးတော့ Display ကို လှန်ချပြီး Tablet ပုံစံ၊ ရွက်ဖျင်တဲပုံစံ ထောင်ပြီး သုံးနိုင်တဲ့ပုံစံ စသဖြင့် အသုံးပြုနိုင်တဲ့ Laptop တစ်လုံးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ Laptop အဖြစ်ကော၊ Tablet အဖြစ်ပါ အသုံးပြုနိုင်တဲ့ သာမန် ၃၆၀ ဒီဂရီချိုး 2-in-1 Convertible Laptop ပါပဲ။ အထူကတော့ ၁၀.၃ မီလီမီတာသာ ရှိမှာဖြစ်ပြီး၊ အပါးဆုံး Chromebook တစ်လုံးလည်း ဖြစ်ပါတယ်။


                Pixelbook ရဲ့ ကိုယ်ထည်က အလူမီနီယမ်ကိုယ်ထည်နဲ့ ဖြစ်ပြီး၊ ကာလာကတော့ Pixel ဖုန်းတွေအတိုင်း အရောင်နှစ်ရောင်စပ်နဲ့ ဖြစ်တာကို တွေ့ရပါတယ်။ လောလောဆည်တော့ အဖြူနဲ့ ငွေရောင်စပ် Silver မော်ဒယ်တစ်မျိုးပဲ ဝယ်နိုင်ဦးမှာပါ။ Google ဟာ Pixelbook ရဲ့ ဒီဇိုင်းကို အရှင်းလင်းဆုံး ဖြစ်အောင် လုပ်ထားတာတွေ့ရပြီး၊ Laptop ကိုယ်ထည်ရဲ့ အပေါ်ဘက်ထောင့်လေးမှာ G Logo လေးပဲ ပါဝင်မှာပါ။ 


                Pixelbook မှာ 3:2 Screen Ration နဲ့ ၁၂.၃ လက်မအကျယ် 2400 x 1600 pixels (235 ppi) QHD LCD Display ကို အသုံးပြုထားပြီး၊ Touchscreen Display ဖြစ်ပါတယ်။ ကီးဘုတ်တွေက Backlit Keys တွေဖြစ်ပြီး၊ Google Assistant အတွက် Key သက်သက် ပါဝင်လာပါတယ်။ Trackpad ကို Glass နဲ့ အုပ်ထားပြီး၊ Laptop ကိုယ်ထည်အောက်ဆုံးအထိ Trackpad အပြည့် ပါဝင်မှာပါ။

Specifications

                Specifications အနေနဲ့ကတော့ 7th Generation Intel Core i5 ဒါမှမဟုတ် i7 Processors မော်ဒယ်ကွဲနှစ်မျိုးနဲ့ ဖြစ်ပြီး၊ U-Series ပဲ ဖြစ်ဖို့ များပါတယ်။ RAM ကိုတော့ 8 GB နဲ့ 16 GB ရွေးချယ်နိုင်ပြီး၊ Storage ကိုတော့ 128 GB, 256 GB ဒါမှမဟုတ် 512 GB SSD အမျိုးမျိုး ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ အနိမ့်ဆုံးမော်ဒယ်က ၉၉၉ ဒေါ်လာ ရှိမှာဆိုတော့ တန်ဖိုးနည်း Chromebook တော့ မဟုတ်တော့ပါဘူး။ US ၊ Canada နဲ့ UK တို့မှာ ယနေ့ကစ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး၊ အောက်တိုဘာလ ၃၁ ရက်နေ့ကျ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Software

                OS အနေနဲ့ Chrome OS ကို အသုံးပြုသွားမှာဖြစ်ပြီး၊ Google Play အသုံးပြုနိုင်တာကြောင့် Adobe Lightroom, Snapchat စတဲ့ Android Apps တွေ အကုန်လုံးနီးပါး ဒီ Chromebook မှာ Run နိုင်မှာပါ။ Security အတွက် Chip သက်သက် ပါဝင်ပြီး၊ Updates တွေကို အလိုအလျောက်လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


                Google Pixelbook မှာ အထူးခြားဆုံးအချက်လို့ ဆိုရမှာက Google Assistant တပါတည်း ပါဝင်လာတာဖြစ်ပြီး၊ OK Google Voice Command နဲ့ကော Google Assistant ခလုတ်နဲ့ပါ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ Pixelbook မှာ နောက်ထပ်မိုက်တဲ့ Feature တစ်ခုကတော့ “Instant Tethering” ဆိုတဲ့ Feature ပါ။ ဒီ Feature က Pixel ဖုန်းမှာ Wi-Fi လွှင့်ထားတာနဲ့ Pixelbook က အလိုအလျောက်ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။

Pixelbook Pen


                Pixelbook မှာ Pixelbook Pen ကိုလည်း အသုံးပြုနိုင်မှာဖြစ်ပြီး၊ ဒီ Pen က Google Assistant နဲ့လည်း တွဲဘက်အလုပ်လုပ်နိုင်ပါတယ်။ Display ပေါ်က ပုံတစ်ပုံ ဒါမှမဟုတ် စာသားတစ်ခုခုကို Pen နဲ့ ဝိုင်းပြလိုက်တာနဲ့ Google Assistant က အလိုအလျောက်အချက်အလက်ရှာပေးမှာပါ။


                Pixelbook Pen ရဲ့ Latency က 10ms ရှိပြီး၊ 60-degree အထိ Pen ထိပ်ဖူးကို စောင်းသုံးနိုင်ပါတယ်။ Pressure Sensitivity Levels ကတော့ 2000+ လို့ပဲ Google က ပြောထားပါတယ်။ ပြီးတော့ Drawing လုပ်နိုင်တယ်လို့ပဲ ပြောသွားပြီး၊ အရမ်းကြွားမပြောသွားတာကြောင့်၊ Drawing ပိုင်းကတော့ အခြေအနေ ဘယ်လိုရှိမလဲ မသိပါဘူး။

                Pixelbook Pen ကို လိုချင်ရင်တော့ ၉၉ ဒေါ်လာနဲ့ သက်သက် ထပ်ဝယ်ရမှာပါ။ Pen ထဲကို AAAA ဘက်ထရီထည့်သုံးရမှာ ဖြစ်ပြီး၊ ဒီဘက်ထရီနဲ့တင် တစ်နှစ်လောက် အသုံးပြုနိုင်တယ်လို့ Google က ဆိုပါတယ်။

Ports

                Pixelbook မှာ USB-C Charger ကို အသုံးပြုထားပြီး၊ ဒီ Charger နဲ့ပဲ Pixel ဖုန်းကိုပဲ အားသွင်းနိုင်တာကြောင့် ဖုန်းအတွက် အားသွင်းကြိုးသက်သက်၊ Laptop အတွက် သက်သက် ယူစရာလိုမှာမဟုတ်တော့ပါဘူး။ ဘက်ထရီက ၁၅ မိနစ် အားသွင်းလိုက်ရုံနဲ့ ၂ နာရီတိတိ အသုံးပြုနိုင်မှာဖြစ်တယ်လို့ Google က ဆိုပါတယ်။ အားအပြည့်ဆိုရင်တော့ ၁၀ နာရီအထိ အသုံးခံမှာဖြစ်ပါတယ်။

                Ports တွေအနေနဲ့ကတော့ Charging Port အပြင် 4K Display နဲ့ပါ ချိတ်သုံးနိုင်မယ့် USB Type-C Ports နောက်တစ်ခု၊ 3.5 mm Headphone Jack တို့ပဲ ပါဝင်မှာပါ။ စပီကာနှစ်လုံး ပါရှိပြီး၊ Microphones ကတော့ လေးလုံးနဲ့ ဖြစ်တယ်လို့ သိရပါတယ်။

                အမြင့်ဆုံး Specifications နဲ့ ယူမယ်ဆိုရင် ၁,၆၄၉ ဒေါ်လာ အထိကျသင့်မယ့် Google ရဲ့ Pixelbook အသစ်ကတော့ Chromebook တွေထဲမှာ စျေးအကြီးဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Chromebook တစ်လုံးလို့ ဆိုရမှာပါ။

References
Google The Verge
About Author
Assinged Tags
Google Google Assistant Laptop Convertible Laptop Pixelbook Pixelbook Pen
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed