Pixel 2 အပါအဝင် မကြာမီမိတ်ဆက်မယ့် Google Product ငါးခုစလုံးရဲ့ ဓာတ်ပုံနဲ့ စျေးနှုန်းများ ထွက်ပေါ်

date_range 20 September 2017

Pixel 2 အပါအဝင် မကြာမီမိတ်ဆက်မယ့် Google Product ငါးခုစလုံးရဲ့ ဓာတ်ပုံနဲ့ စျေးနှုန်းများ ထွက်ပေါ်

visibility 2220 Views

                Google ဟာ အောက်တိုဘာလ ၄ ရက်နေ့မှာ ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲ ပြုလုပ်သွားဖို့ရှိကြောင်း၊ Billboard ကနေတဆင့် ကြေငြာခဲ့ပါတယ်။ အဆိုပါပွဲမှာ Google အနေနဲ့ ဘာ Product တွေ မိတ်ဆက်မလဲဆိုတာ တရားဝင်ပြောထားခြင်းမရှိပေမယ့်၊ အားလုံးကတော့ Pixel ဖုန်းမျိုးဆက်သစ် Pixel 2 ကို မြင်တွေ့ရနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

                မနေ့ကပဲ Android အဓိက အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ Droid Life က သူတို့ဟာ Google ကနေ မကြာမီမိတ်ဆက်မယ့် Product ပေါင်း ငါးခုတိတိရဲ့ ဓာတ်ပုံနဲ့ စျေးနှုန်းတွေကို ရယူနိုင်ခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရှိခဲ့ရပါတယ်။ Droid Life ဟာ နိုင်ငံတကာနည်းပညာမီဒီယာတွေထဲမှာ နာမည်ရှိတဲ့ မီဒီယာတစ်ခုဖြစ်ပြီး၊ သက်တမ်းလည်း တော်တော်ကြာမြင့်နေပြီဖြစ်တဲ့ မီဒီယာတစ်ခုဖြစ်တာကြောင့် ဒီသတင်းက အမှန်ဖြစ်လောက်ပါတယ်။

၁။ Pixel 2


                Android ဖုန်းပရိတ်သတ်တွေ တကယ်တမ်းစောင့်မျှော်နေတဲ့ဖုန်းက Android OS ပိုင်ရှင် Google ရဲ့ Pixel ဖုန်းအသစ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Pixel ဖုန်းဟာ စမတ်ဖုန်းပရိတ်သတ်ကြားထဲမှာ နာမည်ကောင်းကောင်းရခဲ့တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ပဲ အားလုံးက Pixel 2 ကို စိတ်ဝင်တစား စောင့်မျှော်နေကြတာပါ။

                ဒါပေမယ့် အခုထွက်ရှိလာတဲ့ဓာတ်ပုံတွေအတိုင်းဆို Pixel 2 ဟာ အရင် Pixel ဖုန်းပုံစံအတိုင်းပဲ ပြန်လည်ထွက်ရှိလာဖို့ ရှိနေပါတယ်။ 

                Pixel 2 ကို HTC က ထုတ်လုပ်ပေးတာဖြစ်ပြီး၊ Kinda Blue၊ Just Black နဲ့ Clearly White ဆိုပြီး ကာလာသုံးမျိုး ရရှိမှာဖြစ်ပါတယ်။ 64 GB နဲ့ 126 GB မော်ဒယ်နှစ်မျိုးကို ၆၄၉ ဒေါ်လာနဲ့ ၇၄၉ ဒေါ်လာစျေးနဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

၂။ Pixel 2 XL


                Pixel 2 ထက် မျက်နှာပြင်ပိုကြီးတဲ့ Pixel 2 XL ကိုတော့ LG က ထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ အရောင်နှစ်မျိုးနဲ့ ရရှိမှာပါ။ ပထမတစ်ရောင်ကတော့ အဖြူနဲ့ အနက် စပ်ထားတဲ့ “Black & White” နဲ့ ဖြစ်ပြီး၊ နောက်တစ်ရောင်ကတော့ Pixel အတိုင်း အနက်သီးသန့် “Just Black” ဖြစ်မှာပါ။

                Pixel 2 XL ကလည်း လက်ရှိမြင်ရသလောက်တော့ ဘာမှပြောင်းလဲမှုမရှိပါဘူး။ Google အနေနဲ့ Pixel 2 XL ကို 64 GB နဲ့ 128 GB မော်ဒယ်နှစ်မျိုး ထုတ်သွားဖို့ရှိပြီး၊ 64 GB က ၈၄၉ ဒေါ်လာ၊ 128 GB က ၉၄၉ ဒေါ်လာအထိ ရှိမှာပါ။

                Pixel ဖုန်းအသစ်တွေက အရမ်းထူးခြားမှုမရှိလို့ စိတ်မပျက်သွားပါနဲ့။ ကျနော်တို့ သိရှိထားသလောက်တော့ HTC က ထုတ်ပေးနေတဲ့ Pixel 2 ကော LG က ထုတ်ပေးနေတဲ့ Pixel 2 XL မှာပါ HTC U11 က ဘေးဘောင်တွေကို ဖိပြီး သတ်မှတ်ထားတဲ့ Function တွေ ခိုင်းလို့ရတဲ့ Squeeze Feature ပါဝင်လာဖွယ် ရှိနေတယ်လို့တော့ သိရပါတယ်။ Google အနေနဲ့ ပြိုင်ဘက်ကုမ္ပဏီတွေလို Dual Camera Setup အစား Single Main Camera ကိုပဲ ဆက်လက်အသုံးပြုသွားမှာဖြစ်ပေမယ့်၊ Google Lens ဆိုတဲ့ Feature အသစ်နဲ့ အကောင်းဆုံးဖုန်းကင်မရာအရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို ဆက်လက်ပေးစွမ်းနိုင်အောင် လုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

၃။ Google Home Mini


                အောက်တိုဘာ (၄) ရက်နေ့အတွက် Google ရဲ့ တတိယမြောက် Product ကတော့ Google Home Mini ပါ။ Google Assistant ပါဝင်တဲ့ Google Home Mini စမတ်စပီကာဟာ အရင် Google Home ထက် အရွယ်အစားသေးသွားမှာဖြစ်ပြီး၊ စျေးနှုန်းကလည်း ၅၀ ဒေါ်လာပဲ ရှိတော့မှာဖြစ်တာကြောင့် အိမ်တိုင်းလိုလို စမတ်စပီကာတစ်လုံး ပိုင်ဆိုင်လာနိုင်မှာပါ။

၄။ Google Pixelbook


                အချိန်တော်တော်ကြာ ကောလာဟာလတွေ ထွက်နေတဲ့ Google ရဲ့ Laptop “Pixelbook” ကို ဒီပွဲမှာ မြင်တွေ့ရမှာဖြစ်တယ်လို့ Droid Life က သေချာပေါက်ဆိုထားပါတယ်။ နောက်ထပ်သတင်းတွေအရ အခု Pixelbook ဟာ Microsoft ရဲ့ Surface Book ကို အဓိကယှဉ်ပြိုင်သွားမယ့် Product တစ်ခု ဖြစ်ပြီး၊ နောက်ချိုးချနိုင်တဲ့ Touchscreen Display အပြင်၊ Pixelbook Pen ဆိုတဲ့ Pressure Sensitive Pen တစ်ခုကိုပဲ တွဲဘက်မိတ်ဆက်သွားဖို့ ရှိပါတယ်။


                Pixelbook ကို 128 GB မော်ဒယ်၊ 256 GB မော်ဒယ်နဲ့ 512 GB မော်ဒယ်ဆိုပြီး သုံးမျိုးရောင်းချသွားဖို့ရှိကာ၊ စျေးနှုန်းတွေကတော့ ၁,၁၉၉ ဒေါ်လာ၊ ၁,၃၉၉ ဒေါ်လာနဲ့ ၁,၇၄၉ ဒေါ်လာ အသီးသီးဖြစ်ပါတယ်။ Pixelbook Pen ကိုတော့ ၉၉ ဒေါ်လာနဲ့ သက်သက်ထပ်ဝယ်ရမှာပါ။ Pixelbook အတွက် OS ကိုတော့ Chromebook တွေအတိုင်း Chrome OS ပဲ ဆက်သုံးသွားဖို့ များပါတယ်။

၅။ Daydream View အသစ်


                Google ရဲ့ VR Headset တစ်ခုဖြစ်တဲ့ Daydream View မော်ဒယ်အသစ်ကိုလည်း ဒီပွဲမှာ မိတ်ဆက်သွားမှာပါ။

                မြင်ရတဲ့ပုံစံအရတော့ အရင် Daydream View Headset နဲ့ ဘာမှပြောင်းလဲသွားတာမျိုးမရှိပေမယ့်၊ စျေးကတော့ အရင်စျေး ဒေါ်လာ ၈၀ အစား၊ ဒေါ်လာ ၁၀၀ ဖြစ်သွားမယ်လို့ သိရပါတယ်။ Controller က Sensors တွေကို Upgrade လုပ်ပေးတာမျိုးလောက်နဲ့ အသုံးပြုနိုင်တဲ့ Android ဖုန်းအရေအတွက် ပိုများလာတာမျိုးလောက်ပဲ ရှိနိုင်ပါတယ်။

                Droid Life က ရရှိထားတဲ့ ဓာတ်ပုံတွေနဲ့ စျေးနှုန်းတွေအတိုင်း ဒီ Product တွေ တကယ်ထွက်ရှိလာမလား ဆိုတာကတော့ အောက်တိုဘာလ (၄) ရက်နေ့မှာ အဖြေပေါ်မှာဖြစ်ပါတယ်။


References
Droid Life Cnet Droid Life
About Author
Assinged Tags
Google Smartphones VR Headset Smart Speaker Google Home Convertible Laptop Pixel 2 Google Daydream Pixelbook Daydream View Google Home Mini Pixelbook Pen Pixel 2 XL
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed