၈ နှစ်ကြာပြီးမှ ဒီဇိုင်းအသစ်နဲ့ ထွက်ပေါ်လာတဲ့ Google Street View Camera များ

date_range 06 September 2017

၈ နှစ်ကြာပြီးမှ ဒီဇိုင်းအသစ်နဲ့ ထွက်ပေါ်လာတဲ့ Google Street View Camera များ

visibility 300 Views

                ၂၀၀၉ ခုနှစ်ကနေ အခုလက်ရှိအချိန်ထိ Google Street View ရိုက်ကူးတဲ့ကားတွေအပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေက စက်လုံးပုံစံ အရွယ်အစားတော်တော်ကြီးမားတဲ့ ကင်မရာစက်ကြီးတွေ ဖြစ်ပါတယ်။


                ကားတွေဝင်ရောက်ဖို့ ခက်ခဲတဲ့တောတောင်နေရာတွေကို ရိုက်ကူးမယ်ဆိုရင်လည်း ဒီကင်မရာကြီးတွေကိုပဲ ရိုက်ကူးမယ့်သူအနေနဲ့ ကျောမှာလွယ်ပြီး၊ ရိုက်ကူးခဲ့ရတာပါ။


                Google ဟာ ယခု ၈ နှစ်အတောအတွင်းမှာ Products အသစ်တွေ အများအပြားမိတ်ဆက်ခဲ့သလို၊ ရှိပြီးသား Products တွေကိုလည်း ပိုကောင်းအောင် မွမ်းမံခဲ့ပေမယ့်၊ Street View ကင်မရာတွေကိုတော့ Update မလုပ်ဖြစ်ခဲ့တာကြာပါပြီ။

                အခု ၈ နှစ်ကျော်ကြာပြီးနောက်မှာတော့၊ Google ဟာ Street View Camera စက်အသစ်ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အရင်လို အရွယ်အစားကြီးကြီးမားမားကြီးတွေ မဟုတ်တော့သလို၊ ကင်မရာအရည်အသွေးလည်း ပိုမြင့်လာပြီး ပိုမိုကြည်လင်ပြတ်သား အရောင်စုံလင်တဲ့ Street View ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်တော့မှာ ဖြစ်ပါတယ်။

                Wired သတင်းဌာနကို Google ကနေ ပြောပြချက်အရ၊ အခု Street View Camera Rig အသစ်ဟာ အရင်လို ကင်မရာစုစုပေါင်း ၁၅ လုံးမပါဝင်တော့ဘဲ၊ ၇ လုံးသာ ပါဝင်တော့မှာဖြစ်ကာ ကင်မရာတစ်လုံးချင်းစီက 20-Megapixel Sensors တွေနဲ့ ဖြစ်ပါတယ်။ ဒီ့အပြင် အခု Camera Rig အသစ်မှာ HD Still ပုံတွေ ရိုက်ကူးနိုင်မယ့် သီးသန့်ကင်မရာနှစ်လုံးနဲ့ Laser Radar စနစ်တို့လည်း ပါဝင်ပါတယ်။


                Street View Camera Rig အသစ်ဟာ ဘက်ပေါင်းစုံကနေ HD ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး၊ တစ်ချိန်တည်းမှာပင် ရိုက်ကူးလိုက်တဲ့ဓာတ်ပုံတွေထဲမှာ ပါဝင်လာတဲ့ အပြင်က စီးပွားရေးလုပ်ငန်းတွေ၊ ဆိုင်တွေရဲ့ တည်နေရာနာမည်တွေ၊ ဆိုင်ဖွင်မယ့်အချိန်တွေ၊ ငွေပေးချေမှုလက်ခံတဲ့စနစ်တွေအပြင် ဆိုင်လိုဂိုပုံစံကအစ စတဲ့ Information တွေကို Aritifical Intelligence နည်းပညာသုံး Image Recognition Algorithm ကနေ ခွဲခြားထုတ်ယူကာ၊ Google Database ထဲ အလိုအလျောက်ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ ဒီအချက်အလက်တွေတော်တော်များများက ဆိုင်တွေရဲ့ ဆိုင်းဘုတ်တွေ၊ ဆိုင်ပြတင်းတံခါးတွေမှာ ရေးသားထားတာများတော့ Google မှာ ပြမယ့် Business တွေအတွက် Information ကိုပါ Street View ရိုက်ရင်း တခါတည်းရယူသွားနိုင်မှာဖြစ်ပါတယ်။

                Google ဟာ လက်ရှိမှာ ဒီလို Business နဲ့ ပတ်သတ်တဲ့အချက်အလက်တွေအတွက် ဆိုင်ပိုင်ရှင်တွေ၊ ဝင်ရောက်ကူညီပေးတဲ့ Users တွေကိုပဲ အားကိုးနေရတာဖြစ်ပေမယ့်၊ Street View ကင်မရာအသစ်တွေနဲ့ဆိုရင် Google ကိုယ်တိုင် အချက်အလက်စစ်ထုတ်လာနိုင်မှာဖြစ်ပါတယ်။ Information အမှားအယွင်းတွေလည်း တော်တော်နည်းလာနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

                Business တွေအတွက်တင် မဟုတ်ဘဲ၊ နောက်ပိုင်းမှာ Users တွေအနေနဲ့  “လမ်းထောင့်မှာရှိတဲ့ ဘုရားကျောင်းဘေးက ပန်းရောင်စတိုးဆိုင်လေးရဲ့ နာမည်က ဘာလဲ” ဆိုတဲ့မေးခွန်းမျိုးအထိ Google Search မှာ ရှာတာ၊ Google Assistant ကို မေးတာမျိုးတွေ လုပ်လာနိုင်မှာဖြစ်တယ်လို့ Google Maps ဌာနမှူးဖြစ်သူ Jen Fitzpatrick က Wired သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

                ဒီ့အပြင် အခုလို ပိုမိုကြည်လင်ပြတ်သားတဲ့ Street View ဓာတ်ပုံအချက်အလက်အသစ်တွေက Autonomous Vehicles လို့ခေါ်ဆိုတဲ့ မောင်းသူမဲ့ယာဉ်တွေအတွက်လည်း တော်တော်အသုံးတည့်နိုင်ပါတယ်။

                Google ရဲ့ Street View Camera အသစ်အကြောင်းကို ဆောင်းပါးအနေနဲ့ ထပ်မံတင်ဆက်ပေးပါမယ်။

References
Wired The Verge
About Author
Assinged Tags
Google Artificial Intelligence Google Street View Google Maps Camera Street View Camera Rig Image Recognition Algorithm
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed