သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေများမှာ Google Search နှင့် Google Maps ပေါ်တွင် ပြသမည့် SOS Alert များ

date_range 30 July 2017

သဘာဝဘေးအန္တရာယ်နှင့်အရေးပေါ်အခြေအနေများမှာ Google Search နှင့် Google Maps ပေါ်တွင် ပြသမည့် SOS Alert များ

visibility 2620 Views

                နယ်မြေဒေသ တစ်ခုခုမှာ အရေးပေါ်အခြေအနေ ကျရောက်နေပြီဆိုရင် Google Search နဲ့ Google Maps မှာ အရေးပေါ် သတိပေးချက်များ (SOS Alerts) နဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေကို Google က ဖော်ပြပေးတော့မှာ ဖြစ်ပါတယ်။ ဘယ်လို အရေးပေါ် အခြေအနေတွေ ဖြစ်နေလဲ ဆိုတာကို အလျင်မြန်ဆုံး သိရှိနိုင်ဖို့နဲ့၊ နောက် ဘာဆက်လုပ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ရာမှာ ကူညီပေးနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Google Search မှာ ပြသမယ့် SOS Alert များ

via GIPHY

                လတ်တလော ဖြစ်ပေါ်နေတဲ့ တောမီးလောင်ခြင်း၊ ရေကြီးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း စတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး Google Search မှာ ရှာဖွေလိုက်မယ်ဆိုရင် Search Result တွေရဲ့ အပေါ်ဆုံးမှာ သတိပေးချက်တွေကို ပြသထားမှာ ဖြစ်ပါတယ်။ သတိပေးချက်တွေမှာ အရေးပေါ်ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ မြေပုံတွေ နဲ့ နောက်ဆုံးရ သတင်းတွေကို ဖော်ပြထားမှာ ဖြစ်ပြီး၊ အဆိုပါ ဖြစ်စဉ်အတွက် ဆက်သွယ်ရမယ့် အရေးပေါ် ဖုန်းနံပါတ် များကိုလည်း တတ်နိုင်သလောက် ထည့်သွင်း ဖော်ပြသွားမယ် လို့ ဆိုပါတယ်။ SOS Alert တွေကို အများသောအားဖြင့် ယင်းဖြစ်စဉ်တည်နေရာမှာ အသုံးပြုတဲ့ ဘာသာစကား နဲ့ ဖော်ပြမှာဖြစ်ပြီး၊ English ဘာသာနဲ့လည်း ကြည့်ရှုနိုင်ပါလိမ့်မယ်။

                ဖုန်းထဲမှာ Google App ကို ထည့်သွင်းထားပြီး၊ Location Service လည်း ဖွင့်ထားမယ် ဆိုရင်တော့ အသုံးပြုသူ ရောက်ရှိနေတဲ့ နေရာပေါ်မူတည်ပြီး လိုအပ်ရင် လိုအပ်သလို Push Notification တွေလည်း ပို့ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီ့ Notification တွေက တစ်ဆင့် အရေးပေါ် သတိပေးချက်နဲ့ သတင်းအချက်အလက်တွေကို ကြည့်ရှုနိုင်မှာပါ။

Google Maps မှာ ပြသမယ့် SOS Alert များ

via GIPHY

                Google Maps App မှာ ဆိုရင်တော့ အရေးပေါ်ဖြစ်စဉ် တည်နေရာကို မြေပုံပေါ်မှာ တွေ့မြင်ရမှာ ဖြစ်ပြီး၊ ယင်းနေရာကို ထောက်ကြည့်လိုက်ရင်တော့ အရေးပေါ် ဆက်သွယ်ရမယ့် သက်ဆိုင်ရာ ဖုန်းနံပါတ်တွေ နဲ့ Website များကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ပိတ်ထားတဲ့ လမ်းတွေ၊ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေနဲ့ Transit Information တွေကိုလည်း အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာပါ။

                အရေးပေါ်ဖြစ်နေတဲ့ နေရာနဲ့ အလွန် ဝေးကွာနေရင်တောင် ဒီလို နောက်ဆုံးရ အချက်အလက်တွေကို ရှာဖွေ ကြည့်ရှုနိုင်ပါတယ်။ အခြား နေရာတစ်ခုကနေ Google Search နဲ့ Google Maps မှာ အရေးပေါ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရှာဖွေလိုက်မယ် ဆိုရင်တော့ အရေးကြီးတဲ့ ဖုန်းနံပါတ်နဲ့ Website လို အချက်အလက်တွေ အစား၊ ထိခိုက်ဆုံးရှုံးမှုတွေ အတွက် ငွေကြေးလှူဒါန်းမှု ပြုလုပ်နိုင်မယ့် Option ကို ထည့်သွင်း ပြသပေးမှာ ဖြစ်ပါတယ်။

SOS Alert ပြသဖို့အတွက် Google က ဘယ်လိုအချက်တွေ ထည့်သွင်းစဉ်းစားမှာလဲ

                အရေးပေါ်အခြေအနေ တစ်ခုခုဖြစ်တိုင်း SOS Alert တွေ ပြသပေးမှာတော့ မဟုတ်ပါဘူး။ ဖြစ်စဉ်တည်နေရာရဲ့ အင်တာနက် ရရှိမှု အခြေအနေ၊ သက်ဆိုင်ရာအစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်များ နဲ့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အစည်းများမှ ထုတ်ပြန်တဲ့ သတင်းအချက်အလက်များ ရရှိမှု၊ တကယ့် မြေပြင်က ထိခိုက်ဆုံးရှုံးမှုပမာဏ စတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားပြီးမှသာ SOS Alert တွေ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒါဟာ မလိုအပ်ဘဲ အထိတ်တလန့် မဖြစ်စေလိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကြုံတွေ့ရသမျှ အရေးပေါ် အခြေအနေတိုင်းအတွက် SOS Alert တွေ မြင်တွေ့ရဖို့တော့ အာမ မခံနိုင်သေးပေမယ့်၊ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

SOS Alert အတွက် သတင်းအချက်အလက်တွေ Google က ဘယ်လို စုဆောင်းမှာလဲ

                လိုချင်တဲ့ အချက်အလက်တွေကို Internet မှာ မွှေနှောက် ရှာဖွေဖို့က Google အတွက်တော့ မခက်ခဲလှပါဘူး၊ ဒါပေမယ့် မှန်ကန်တိကျတဲ့ အရေးပေါ် သတင်းအချက်အလက်တွေကို စုဆောင်း ဖော်ပြနိုင်ဖို့ကတော့ အလွန် အရေးကြီးပါတယ်။ Google ဟာ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာအနှံ့က လေ့ကျင့်သင်ကြားပေးထားတဲ့ သတင်းပေးသူတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး၊ Web, Social Media နဲ့ အခြား Google Product တွေက ရရှိတဲ့ တိကျတဲ့ အချက်အလက်တွေကို စုစည်းဖော်ပြမှာ ဖြစ်ပါတယ်။ အစိုးရ ဌာနတွေ၊ ယုံကြည်ရတဲ့ သတင်းမီဒီယာတွေ၊ NGO တွေက ရရှိတဲ့ အချက်အလက်တွေကို အဓိက အသုံးချမှာပါ။ ဒီလို Feature/Tool တွေ ဖန်တီးဖို့ အတွက်လည်း Red Cross, Federal Emergency Management Agency, Philippine Atmospheric, Geophysical and Astronomical Services Administration တို့ အပါအဝင် အခြားအဖွဲ့အစည်းများစွာနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။

                SOS Alert တွေကို “Human-caused crisis” တွေမှာပါ အသုံးပြုဖို့အတွက် ရည်ရွယ်ထားကြောင်း SOS Alerts Help စာမျက်နှာမှာ ဖော်ပြထားတာကြောင့် အကြမ်းဖက်တိုက်ခိုက်မှု တွေအတွက်ပါ ထည့်သွင်း စဉ်းစားထားပုံ ရတယ်လို့ The Verge က ရေးသားခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။

                ဒီ SOS Alert တွေဟာ အရေးပေါ် အခြေအနေမှာ အသုံးပြုနိုင်တဲ့ Tool တွေဖြစ်တဲ့ Google Person Finder, Google Crisis Map နဲ့ Google Public Alerts တို့ကို အားဖြည့်ထားတဲ့ နောက်ဆုံး Feature တစ်ခုပဲ ဖြစ်ပါတယ်။ Facebook မှာလည်း မိမိ လုံခြုံဘေးကင်းစွာ ရှိနေကြောင်း ပြသနိုင်မယ့် Safety Check လို Feature တွေ ရှိပေမယ့်၊ တကယ် အရေးပေါ်ကြုံတွေ့နေရတဲ့ နေရာ အနီးတဝိုက်ကလူတွေကို သတိပေးဖို့နဲ့ အရေးကြီး သတင်းအချက်အလက်တွေကို ဖော်ပြဖို့ အတွက်ကတော့ Google ရဲ့ Feature အသစ်က ပိုမို ထိရောက်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။ အစိုးရ ရဲ့ တရားဝင် သတင်းထုတ်ပြန်မှု တွေကိုတော့ Google က အစားထိုးလို့ မရနိုင်ပေမယ့်၊ SOS Alert တွေဟာ တိကျတဲ့ အချက်အလက်တွေ စုစည်း ဖော်ပြပြီး မှန်ကန်တဲ့ လမ်းညွှန်မှုတော့ ပေးနိုင်မယ် လို့ ယူဆရပါတယ်။

 “တစ်ချိန်တုန်းကတော့ Radio နဲ့ TV တွေဟာ အရေးပေါ် သတင်းအချက်အလက်တွေကို လျင်လျင်မြန်မြန် ဖြန့်ဝေနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုဆိုရင် Internet နဲ့ Mobile Phone တွေဟာ ပိုပြီး အရေးပါ လာပါတယ်”

လို့လည်း အမေရိကန်နိုင်ငံ Federal Emergency Management Agency ရဲ့ Director ဖြစ်တဲ့ Robert Glenn က ပြောကြားခဲ့ပါတယ်။

References
CNN Tech Google Blog SOS Alert Help
About Author
Assinged Tags
Google Google App Google Search Google Maps Maps SOS Alerts SOS Disasters Emergency
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed