သာမာန်အချိန်တွေမှာဆိုရင် Facebook က စိတ်အပန်းဖြေဖို့သက်သက် အသုံးပြုတဲ့ လူမှုကွန်ယက်ဝန်ဆောင်မှုတစ်ခုသာဖြစ်ပေမယ့် သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံလာရတိုင်း Facebook က အသက်ပေါင်းများစွာကို ကယ်ဆယ်ဖို့အတွက် အထောက်အကူပြုတဲ့ အရာတစ်ခုဖြစ်လာတတ်တယ်ဆိုတာ အရင်က ကြုံခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေက သက်သေပြခဲ့ပြီးပါပြီ။ ဒါကို ကောင်းကောင်းနားလည်သဘောပေါက်တဲ့ Facebook က သဘာဝဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါတိုင်း အရေးပေါ်ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေကို ကူညီဖို့အတွက် သူ့ရဲ့ Software ကို အသုံးချသွားမယ်လို့ ပြီးခဲ့တဲ့လ (ဂျွန်လ) ၆ ရက်နေ့က ကြေညာသွားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်လို့ Facebook ရဲ့ Public Policy Manager ဖြစ်သူ Molly Jackman က
“သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံနေရတဲ့အချိန်တွေမှာဆိုရက် လူအတော်များများက Facebook ပေါ်မှာ သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ သတင်းအချက်အလက်တွေ ဆက်သွယ်မျှဝေခဲ့တာကို ကျွန်မတို့ တွေ့ခဲ့ရပြီးပါပြီ။ ဒါကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ Facebook ပေါ်မှာ မျှဝေနေတဲ့ သတင်းအချက်အလက်တွေက လူမှုကူညီရေး အဖွဲ့အစည်းတွေ လိုအပ်နေတဲ့ ကွက်လပ်ကြီးကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာကိုပါပဲ။ ကျွန်မတို့ဆီက သတင်းအချက်အလက်တွေရဲ့ အကူအညီနဲ့ဆိုရင် သဘာဝဘေးအန္တရာယ်ကြုံရတဲ့ နေရာတွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အကျိုးရှိရှိသွားရောက်ကူညီနိုင်ကောင်း ကူညီနိုင်ပါလိမ့်မယ်”
လို့ ဆိုပါတယ်။
Facebook အနေနဲ့ သဘာဝဘေးအန္တရာယ်တွေအပြီး အသက်ရှင်ကျန်ရစ်သူတွေကို တာဝန်ရှိသူတွေက လိုက်လံရှာဖွေပြီး ကယ်ဆယ်နိုင်ဖို့အတွက်၊ ပဏာမအနေနဲ့ မတူညီတဲ့ မြေပုံ သုံးမျိုးကို ဖန်တီးထားပြီးပြီလို့ သိရပါတယ်။
Location Density Map
အဲဒီသုံးမျိုးထဲကမှ ပထမတစ်မျိုးကိုတော့ Location Density Map လို့ခေါ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီဆိုရင် ရှေးအစဉ်အဆက်က သုံးစွဲလာကြတဲ့ ဆက်သွယ်ရေးစနစ်တွေကို သုံးမရတာမျိုး မကြာခဏဖြစ်တတ်ပါတယ်။
Location Density Map ရဲ့ အလုပ်လုပ်ပုံကတော့ ဘေးအန္တရာယ်နဲ့ မကြုံခင်၊ ကြုံနေစဉ်အချိန်တွေမှာ Facebook ရဲ့ကနေ ရရှိတဲ့ လူတွေရှိတဲ့တည်နေရာတွေကို တစ်ဦးချင်းစီရဲ့ အချက်အလက်အသေးစိတ်တွေ ဖယ်ထုတ်ပြီး လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတွေမြင်အောင် ပြသပေးသွားမှာဖြစ်ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့လည်း တစ်ယောက်ချင်းစီက ရတဲ့ သတင်းအချက်အလက်တွေထက်စာရင် လူတွေအများကြီးဆီက အချက်အလက်တွေကို တစ်စုတစည်းတည်းပိုပြီးအလိုရှိတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး Jackman က
“ကျွန်မတို့အနေနဲ့ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကိုလည်း ထိန်းသိမ်းထားနိုင်မယ်။ ပြီးတော့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးပြီးသားဖြစ်သွားမယ်ဆိုတာကို သိလိုက်ရတဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
လို့ ဆိုပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အပျက်အစီး အထိအခိုက်အများဆုံးနေရာတွေကို သိရှိနိုင်ဖို့အတွက် သတင်းအချက်အလက်တွေကို အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ Facebook က မျှော်လင့်နေပါတယ်။
Movement Map
နောက်ထပ်မြေပုံတစ်ခုဖြစ်တဲ့ Movement map ကတော့ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်း မြို့ကြီးတစ်မြို့နဲ့ တစ်မြို့အကြား၊ ဒေသတစ်ခုနဲ့ တစ်ခုအကြား လူတွေ ရွှေ့ပြောင်းသွားကြတဲ့ လမ်းကြောင်းတွေကို ခြေရာခံပေးပါတယ်။ ဒါမှလည်း အာဏာပိုင်တွေအနေနဲ့ အစားအစာ၊ ရေ နဲ့ ဆေးပစ္စည်းစတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဘယ်လို ဖြန့်ဝေပေးရမယ်ဆိုတာကို သိရှိစေမှာဖြစ်ပါတယ်။ ယာဉ်ကြောတွေ ပိတ်ဆို့တတ်တဲ့နေရာတွေဆိုရင်လည်း ယာဉ်ကြောပိတ်မပိတ် ကြိုတင်သိရှိနိုင်မှာဖြစ်ပြီး ကယ်ဆယ်ရေးတွေ ပြုလုပ်ဖို့အတွက် ဘယ်လမ်းတွေကို အသုံးပြုမယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
Safety Check Map
တတိယနဲ့ နောက်ဆုံး မြေပုံကိုတော့ Facebook က အပြီးသတ်နေပြီဖြစ်ပြီး အရင်က ရှိခဲ့တဲ့ Safety check tool ကို ပဲ အခြေခံထားတာဖြစ်ပါတယ်။ ဒီမြေပုံကတော့ အန္တရာယ်ကနေ လွတ်မြောက်လာတဲ့သူတွေ check-in ပြုလုပ်ထားတဲ့ ယုံကြည်စိတ်ချရတဲ့ နေရာတွေကို မျှဝေပေးတာဖြစ်ပြီး အဖွဲ့အစည်းတွေအနေနဲ့ ကယ်ဆယ်ရေးတွေကို ဘယ်နေရာတွေမှာ ဦးစားပေးပြီး လုပ်ဆောင်ရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိနိုင်မှာဖြစ်ပါတယ်။
အခုလောလောဆယ်အထိတော့ UNICEF, International Fedration of Red Cross and Red Crescent (IFRC, အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့အစည်း) နဲ့ World Food Programme (WFP, ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်း) တို့ကသာ အဲဒီအချက်အလက်တွေကို ရယူသုံးစွဲပိုင်ခွင့်ရှိမယ်လို့ Facebook က အတည်ပြုထားပါတယ်။
Facebook အနေနဲ့ အခြားအဖွဲ့အစည်းတွေအပြင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေနဲ့တောင်မှ ဒီအချက်အလက်တွေကို တဖြည်းဖြည်း မျှဝေသွားဖို့အတွက် ရည်ရွယ်ပေမယ့် အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ မပေါက်ကြားစေဖို့အတွက် သူယုံကြည်စိတ်ချရတယ်လို့ ခံစားရတဲ့ အဖွဲ့အစည်းတွေကိုသာ သတင်းအချက်အလက်တွေ မျှဝေပေးဖို့အတွက် ရည်ရွယ်နေတာဖြစ်ပါတယ်။
This Article is Contributed by Min Hein Kyaw
Join Us On