Google ဟာ ၎င်းတို့ရဲ့ Google Shopping ဝန်ဆောင်မှုကို ပြိုင်ဘက်ဝန်ဆောင်မှုတွေထက် Google Search မှာ ရည်ရွယ်ချက်ရှိရှိ ပိုမိုအသားပေး ဖော်ပြခဲ့တာကြောင့် ဒဏ်ငွေ ယူရို (၂.၄) ဘီလီယံ ပေးဆောင်ဖို့ European Commission ကနေ ယခုနှစ်၊ ဇွန်လမှာ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါဟာ (၂၀၀၉) ခုနှစ်က Intel ကို ချမှတ်ခဲ့တဲ့ ယူရို (၁.၀၆) ဘီလီယံ ဒဏ်ကြေး ကိုကျော်လွန်ပြီး စံချိန်တင် ဒဏ်ကြေးပမာဏ အဖြစ် မှတ်တမ်းဝင်သွားပါပြီ။
အဓမ္မစျေးကွက်လက်ဝါးကြီးအုပ်မှုကြောင့် EU က ချမှတ်ခဲ့သည့် အများဆုံးဒဏ်ကြေးများ
                အဲ့ဒီ့ ဆုံးဖြတ်ချက်ကြောင့် Google ဟာ Shopping နဲ့ ပက်သက်တဲ့ Search Algorithm တွေနဲ့ Search Result ပြသပုံတွေကိုလည်း ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Google ကတော့ ဒီလို ဆုံးဖြတ်တာကို လေးစားစွာနဲ့ပဲ သဘောမတူကြောင်း ပြောကြားခဲ့ပြီး၊ အယူခံဝင်သွားဖွယ် ရှိနေတာကြောင့် ဒီ ပြစ်ဒဏ်တွေကို အမှန်တကယ် ခံယူဖို့ကတော့ အချိန်ကြာမြင့်နိုင်မှာပါ။
နောက်ထပ်အနေနဲ့ Google ဟာ Android ရဲ့ အောင်မြင်မှုကို အသုံးချပြီး ပြိုင်ဘက်တွေအပေါ် မမျှတစွာ အနိုင်ယူနေတယ် ဆိုတဲ့ကိစ္စအတွက်လည်း ထပ်မံဒဏ်ရိုက်ဖို့ကို European Commission က စဉ်းစားနေပြီလို့ Reuters ရဲ့ Report တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။ မိုဘိုင်းဖုန်း ထုတ်လုပ်သူတွေဟာ ၎င်းတို့ရဲ့ ဖုန်းတွေမှာ Google Search နဲ့ Chrome လို App တွေကို တွဲဖက်ထုတ်လုပ်ခြင်းမရှိရင် Play Store အသုံးပြုခွင့်ကို Google က ပိတ်ပင်ထားတယ် လို့လဲ စွပ်စွဲခံထားရပါတယ်။
Google ရဲ့ ကြော်ငြာလုပ်ငန်းဖြစ်တဲ့ AdSense နဲ့ ပက်သက်လို့လည်း စုံးစမ်းစစ်ဆေးနေပြီး၊ ဒီလို ပြဿနာတွေ ဖြေရှင်းဆုံးဖြတ်ရာမှာ Google ရရှိတဲ့ တစ်နှစ်ဝင်ငွေရဲ့ (၁၀) ရာခိုင်နှုန်း အထိ European Union (EU) က ဒဏ်ငွေ ချမှတ်နိုင်ခွင့် ရှိပါတယ်။ ဒီ Android ကိစ္စမှာ လတ်တလော ချမှတ်ခံထားရတဲ့ ယူရို (၂.၄) ဘီလီယံ ထက် ပိုမိုပြီး ဒဏ်ရိုက်ခံရနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် Google အတွက်ကတော့ မြင့်မားလှတဲ့ ဒဏ်ကြေးထက်စာရင် Android နဲ့ ပက်သက်တဲ့ စည်းတွေဘောင်တွေကို ပြောင်းလဲပစ်ရဖို့က ပိုပြီး ဝန်လေးစရာ ဖြစ်နေပါတယ်။ ဒီ Android ပြဿနာကို ဒီနှစ်ကုန်ပိုင်းလောက်မှာ EU က ဆုံးဖြတ်ချက်ဖို့များတယ်လို့ သိရပါတယ်။
EU ဘက်က ဒီလိုတွေ စစ်ဆေးအရေးယူနေတာက ပြိုင်ဘက်ကုမ္ပဏီတွေ မျှတစွာ ယှဉ်ပြိုင်နိုင်ဖို့ ချမှတ်ထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေအရ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် Google ကို EU တင်မကဘဲ အခြားကုမ္ပဏီများကပါ တရားစွဲတာတွေလုပ်လာဖို့ လမ်းဖွင့်ပေးလိုက်သလိုတော့ ဖြစ်သွားပါတယ်။
Google ရဲ့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်တုန်းက Microsoft တွေ့ကြုံခဲ့ရတာနဲ့ ဆင်တူပါတယ်။ Windows နဲ့အတူ Windows Media Player ကို တပါတည်း ထည့်သွင်းခဲ့တာကို ပြိုင်ဘက်များက ကန့်ကွက်ခဲ့ပြီး၊ EU ရဲ့ ဖိအားပေးမှုကြောင့် Windows Media Player မပါဝင်တဲ့ ဥရောပအတွက် Special Version တစ်ခုကို Microsoft က ထုတ်လုပ်ပေးခဲ့ရပါတယ်။

Internet Explorer ကို Windows မှာ တွဲဖက် ထည့်သွင်းတာဟာလည်း ပြိုင်ဘက် Browser တွေအပေါ် မမျှတတဲ့ အသာစီးရယူမှု ဖြစ်တယ်လို့ EU က ယူဆခဲ့ပြီး၊ အသုံးပြုသူကသာ မိမိနှစ်သက်ရာ Browser ကို ရွေးချယ်ပြီး Install လုပ်နိုင်မယ့် စနစ်ကို Windows မှာ ထည့်သွင်းစေခဲ့ပါတယ်။
အမေရိကန် နည်းပညာ ကုမ္ပဏီတွေကို EU က မမျှမတ ဆက်ဆံနေတယ်လို့လည်း အမေရိကန် စီးပွားရေး အသိုင်းအဝိုင်းက စွပ်စွဲထားပါတယ်။ EU ကတော့ ဒါကို အချက်အလက်နဲ့ ငြင်းဆိုထားပြီး၊ (၂၀၁၀) ကနေ (၂၀၁၇) ခုနှစ် အတွင်း သူတို့ လုပ်ဆောင်ခဲ့တဲ့ အရေးယူမှုတွေထဲမှာ (၁၅) ရာခိုင်နှုန်းကသာ အမေရိကန် ကုမ္ပဏီတွေ ဖြစ်ပြီး အများစုက ဥရောပကုမ္ပဏီတွေ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
နည်းပညာ ကုမ္ပဏီတွေ အင်အားကောင်းလာတာနဲ့အမျှ ဈေးကွက်ပြိုင်ဆိုင်မှုကို မျှတစွာ လုပ်ဆောင်ဖို့၊ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားရာကနေ အငြင်းပွားမှုတွေ၊ လုပ်ပိုင်ခွင့်ရ အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာတွေကိုလည်း တွေ့လာရတာပဲ ဖြစ်ပါတယ်။
 
             
	 
      			 
      			 
      			 
      			 
                     
                         
                         
                         
                         
                         
                             
                             
                             
                             
                             
             
             
             
             
            
Join Us On