OnePlus 5 နဲ့ Xiaomi Mi 6 ဘယ်ဖုန်းကို ရွေးချယ်သင့်လဲ?

date_range 23 June 2017

OnePlus 5 နဲ့ Xiaomi Mi 6 ဘယ်ဖုန်းကို ရွေးချယ်သင့်လဲ?

visibility 35920 Views

                ပြီးခဲ့တဲ့ June လ ၂၀ ရက်နေ့က ထွက်ရှိခဲ့တဲ့ OnePlus 5 ဟာ လက်ရှိ Flagship ဖုန်းတွေရဲ့ Performance ကို ဈေးသက်သာစွာနဲ့ရရှိနိုင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အလားတူ ထွက်ရှိတာအနည်းငယ်ကြာနေပြီဖြစ်တဲ့ Xiaomi Mi 6 ကလည်း Performance ကောင်းကောင်း၊ ဈေးနှုန်းလည်းသက်သာစွာနဲ့ ဝယ်ယူရရှိနိုင်တဲ့ဖုန်းတစ်ခုဖြစ်ပါတယ်။ Chipset အနေနဲ့လည်း Qualcomm Snapdragon 835 SoC ပါဝင်တာချင်း တူညီပြီး၊ RAM ကလည်း 6GB အနည်းဆုံး ပါဝင်တဲ့ဖုန်းတွေဖြစ်တော့ ဘယ်ဖုန်းကိုရွေးချယ်ဝယ်ယူသင့်လဲဆိုတာကို အနည်းငယ်နိူင်းယှဉ်ပေးသွားမှာဖြစ်ပါတယ်။ 

Design 

                OnePlus 5 ကို Anodized Aluminum Body နဲ့ပြုလုပ်ထားပြီး 7.25mm သာအထူရှိတဲ့အတွက် ပါးလွှာတဲ့ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။ Dual Camera တပ်ဆင်ထားတဲ့နေရာက Apple iPhone 7 Plus နဲ့ ဆင်တူပြီး OnePlus 3T တုန်းကလိုပဲ Camera Bump ရှိနေတုန်းပဲဖြစ်ပါတယ်။ အရှေ့ဘက်ခြမ်းကတော့ OnePlus ဖုန်းတွေရဲ့ Design အတိုင်းဖြစ်ပြီးတော့ ပြောင်းလဲမှုတစ်ခုအနေနဲ့ Home Button မှာ Ceramic Fingerprint Reader ကိုအသုံးပြုထားပါတယ်။ OnePlus 5 ရဲ့အလေးချိန်က 153g သာရှိတဲ့အတွက် တော်တော်လေးကို ကိုင်ရတာပေါ့ပါးမှာပါ။ 



                Xiaomi Mi 6 မှာတော့ Gorilla Glass Body (သို့) Ceramic Body ကိုအသုံးပြုထားပြီး အကြမ်းခံနိုင်အောင် Stainless Steel Frame နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် OnePlus 5 ထက် Screensize ပိုသေးပေမယ့် အလေးချိန်က 168g/182g (Ceramic) အထိရှိမှာဖြစ်ပါတယ်။ အထူအနေနဲ့လည်း Mi 6 က 7.5mm ဆိုတော့ OnePlus 5 ထက် မဆိုစလောက်လေး ပိုထူမှာပါ။ Home Key တဖြစ်လဲ Fingerprint Sensor က Mi 5s လိုမျိုး Under glass Fingerprint Sensor ဖြစ်ပေမယ့် OnePlus 5 လိုတော့ Ceramic နဲ့ကာကွယ်ထားခြင်းမရှိပါဘူး။ 



Display 

                OnePlus 5 ရော၊ Xiaomi Mi 6 ရော Full HD Display ကိုပဲအသုံးပြုထားပေမယ့် သုံးစွဲထားတဲ့နည်းပညာကွဲပြားသွားပါတယ်။ OnePlus 5 မှာ Optic AMOLED Display ကို အသုံးပြုထားပြီး လက်ရှိ Apple iPhone 7, Samsung Galaxy S8 နဲ့ အချို့သောဖုန်းတွေမှာပဲ ပါဝင်သေးတဲ့ sRGB နဲ့ DCI P3 Color Profile ပါဝင်မှာဖြစ်ပါတယ်။ Xiaomi Mi 6 ကတော့ ပုံမှန် Xiaomi ဖုန်းတွေမှာလိုပဲ IPS LCD Panel ကို အသုံးပြုထားပေမယ့် Maximum Brightness က 600 Nits အထိရှိမှာဖြစ်ပါတယ်။ One Plus 5 က Xiaomi Mi6 ထက် ဘေးဘောင်တွေပိုမိုပါးလွှာပြီး Bezel-less Display တစ်ခုနီးပါးဖြစ်နေမှာဖြစ်ပါတယ်။ 

                Display ပိုင်းမှာတော့ Xiaomi Mi 6 ထက် One Plus 5 က ပိုပြီးကောင်းမွန်တယ်လို့ ယေဘုယျသတ်မှတ်နိုင်မှာဖြစ်ပါတယ်။


Performance 

                Performance ပိုင်းမှာတော့ OnePlus 5 နဲ့ Xiaomi Mi 6 ဖုန်း ၂ မျိုးစလုံးက လက်ရှိမှာ အမြန်ဆုံး Processor ဖြစ်တဲ့ Qualcomm Snapdragon 835 ကို အသုံးပြုထားကြပြီး 6GB RAM အနိမ့်ဆုံးပါဝင်ကြတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ လက်ရှိအကောင်းဆုံး Smartphone တွေအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ OnePlus 5 က 128GB Option မှာ RAM 8GB ပါဝင်တဲ့အတွက် အနည်းငယ်ပိုပြီး အသာရတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဖုန်း ၂ ခုစလုံးမှာ Bluetooth 5.0, 2×MIMO Wifi ပါဝင်တဲ့အပြင် OnePlus 5 မှာ High Resolution Bluetooth Audio အတွက် aptX HD စနစ်ကိုပါ အထောက်အပံ့ပေးဦးမှာဖြစ်ပါတယ်။

                Performance ကတော့ Hardware တင် မဟုတ်ဘဲ၊ Software နဲ့လည်း သက်ဆိုင်ပြီး၊ တကယ်စမ်းသပ်ကြည့်ထားတဲ့ Benchmark Results တွေကလည်း အရေးကြီးတာမို့ ဘယ်ဖုန်းက သာလည်းဆိုတာကတော့ လောလောဆည် အတိအကျပြောနိုင်ဦးမှာမဟုတ်ပါဘူး။

Camera 

                Camera အပိုင်းမှာတော့ OnePlus 5 နဲ့ Xiaomi Mi6 ၂ ခုလုံးက Dual Camera စနစ်ကို အသုံးပြုထားပြီး၊ OnePlus 5 က Dual Camera Setup ကို ပထမဆုံး အသုံးပြုထားတဲ့ OnePlus ဖုန်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း ၂ မျိုးစလုံးက Wide Lens + Tele Lens ကို ပေါင်းစပ်အသုံးပြုထားတာလည်း တူညီနေပြန်ပါတယ်။ အဲ့တော့ ဘယ်ဖုန်းပိုကောင်းလဲမပြောခင် သုံးထားတဲ့ Camera တွေအကြောင်းကို အရင်ပြောချင်ပါတယ်။

                OnePlus 5 မှာ 16 Megapixels f1.7 Primary Wide Lens နဲ့ 20 Megapixels f2.6 Tele Lens ကို အသုံးပြုပေးထားပြီး လက်ရှိဈေးကွက်အတွင်းမှာ Megapixels အများဆုံး Dual Camera Setup ဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ Xiaomi Mi 6 ကတော့ 12 Megapixels f1.8 Primary Wide Lens နဲ့ နောက်ထပ် 12 Megapixels f2.6 Tele Lens တစ်ခုကို တပ်ဆင်ထားတာဖြစ်ပါတယ်။


                Specifications အရတော့ One Plus 5 က ပိုသာပြီးတော့ သေသေချာချာ ဓါတ်ပုံရိုက်ချင်တဲ့သူတွေအတွက် Pro Mode Function လည်း ပါဝင်မှာဖြစ်ပါတယ်။ Pro Mode မှာ ISO, While Balance, Focus နဲ့ Long Exposure shots တွေအတွက် Shutter Speed ကို 30 seconds အထိ ထားနိုင်သလို လက်ရှိဖုန်းတွေမှာ ပါဝင်မှုနည်းပါးသေးတဲ့ Exposure ကို Real time မြင်နိုင်တဲ့ Histogram နဲ့ ကိုယ်ရိုက်တဲ့ပုံက ရေပြင်ညီဖြစ်နေလား၊ မဖြစ်ဘူးလား သိနိုင်တဲ့ Leveler ပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် OnePlus 5 မှာ Optical Image Stabilization - OIS မပါဝင်တော့ပဲ Electronic Image Stabilization - EIS ပဲ ပါဝင်မှာဖြစ်ပါတယ်။ ဒီနေရာမှာတော့ Xiaomi Mi 6 က OIS ပါဝင်တဲ့အတွက် ပိုပြီးအားသာမှာဖြစ်ပါတယ်။ ဖုန်း ၂ မျိုးစလုံးမှာ Portrait Mode, 2× Optical Zoom စတဲ့ Features တွေပါဝင်မှာဖြစ်ပါတယ်။ 

Software 

            OnePlus 5 နဲ့ Xiaomi Mi6 ဟာ Android 7.1 Nougat ကို အခြေခံထားတဲ့ဖုန်းတွေဖြစ်ပေမယ့် User Interface အနေနဲ့ လွန်စွာကွာခြားမှာဖြစ်ပါတယ်။ One Plus 5 က Pure Android ကိုအခြေခံထားတဲ့ Oxygen OS ကို အသုံးပြုထားပြီး Simplified Android UI ကိုပဲ အသုံးပြုထားတာဖြစ်တဲ့အတွက် အလွန်ပေါ့ပါးနေမှာဖြစ်ပါတယ်။ ဒါအပြင့် One Plus က One Plus 5 မှာ စာဖတ်ရင်အဆင်ပြေစေဖို့ အတွက် Reading Mode, Game ဆော့နေတဲ့အချိန်မှာ Notification တွေကို Block လုပ်ထားနိုင်မယ့် Gaming Do Not Disturb Mode, Secure Box, Gestures Functions တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ 

                Xiaomi Mi6 ကတော့ Xiaomi ဖုန်းတွေမှာ ပါဝင်နေကြ MIUI OS ကို အသုံးပြုထားပြီး Second Space, Dual App စတဲ့အသုံးဝင်တဲ့ Features အများအပြားပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Xiaomi Mi6 အတွက် သီးသန့် Features ရယ်လို့တော့ ပါဝင်မှာမဟုတ်ပါဘူး။ 

                Android Version Update ကတော့ Xiaomi Mi6 ထက် One Plus 5 က ပိုမြန်မြန်ရနိုင်ပါလိမ့်မယ်။ မြန်ဆန်မှုမှာကတော့ Bloatware နဲ့ Custom API Framework တွေ System ထဲမှာအရမ်းများလွန်းတဲ့ MIUI ဟာ OnePlus 5 ရဲ့ Pure Android ကိုအခြေခံထားတဲ့ Oxygen OS ကိုတော့ယှဉ်နိုင်မယ်မထင်ပါဘူး။ Software Performance အရတော့ OnePlus 5 ကို အလေးပိုပေးရမှာဖြစ်ပါတယ်။



Others Features

                အခြားအချက်တွေအနေနဲ့ကတော့ OnePlus 5 မှာ 3300mAh Battery နဲ့ Xiaomi Mi6 မှာ အနည်းငယ်ပိုများတဲ့ 3350mAh Battery ပါဝင်မှာဖြစ်ပါတယ်။ Charging စနစ်တွေအနေနဲ့ One Plus 5 မှာ Dash Charging နဲ့ Xiaomi Mi6 မှာ Quick Charge 3.0 ပါဝင်မှာဖြစ်ပါတယ်။ OnePlus 5 ရဲ့ Dash Charging နည်းပညာဟာ နာမည်ကြီး Flagship စမတ်ဖုန်းဖြစ်တဲ့ Samsung Galaxy S8 နဲ့ယှဉ်လိုက်တဲ့အခါမှာတော့ အတော်ကောင်းမွန်နေတာကို စမ်းသပ်ချက်အချို့အရ တွေ့ရှိရပါတယ်။ OnePlus 3 ရဲ့ Dash Charging ကို Quick Charge 3.0 နဲ့ နှိုင်းယှဉ်စစ်ဆေးတဲ့ Result တွေတုန်းကလည်း Dash Charging က အသာရခဲ့တာဆိုတော့ Fast Charging ပိုင်းမှာ OnePlus 5 က ပိုသာလောက်ပါတယ်။

                ဒါပေမယ့် Xiaomi Mi6 မှာ မတော်တဆ ရေစိုတာမျိုးကို ခံနိုင်ရည်ရှိတဲ့ Splash Resistant ပါဝင်ပြီးတော့ One Plus 5 မှာတော့ ပါဝင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် One Plus 5 က Xiaomi Mi6 လို Stereo Speakers လဲ မပါဝင်ပါဘူး။ ဒါပေမယ့် One Plus 5 မှာ Mi 6 မှ မပါဝင်တဲ့ Audio 3.5mm Port ပါဝင်တဲ့အပြင် One Plus ဖုန်းတွေရဲ့ Signature Feature တစ်ခုဖြစ်လာတဲ့ Alert Slider ပါဝင်မှာ ဖြစ်ပါတယ်။ 

သုံးသပ်ချက် 

                အကုန်လုံးကို ခြုံကြည့်မယ်ဆိုရင် OnePlus 5 က Xiaomi Mi6 ထက် Splash Resistant, Stereo Speakers မပါဝင်တာကလွဲလို့ ကျန်တဲ့ ကင်မရာလို အချက်တော်တော်များများမှာ အနည်းငယ်ပိုသာနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် OnePlus 5 နဲ့ Mi 6 တို့ဟာ Flagship Killer လို့ သတ်မှတ်ခံရတာချင်းအတူတူ၊ OnePlus 5 ရဲ့ ဒီအရောက်ဈေးက Xiaomi Mi6 ထက် ၁ သိန်းကျော်များနေပါတယ်။ ဒီတော့ ပိုသွားတဲ့ဈေးနဲ့ ပြန်ရတဲ့ Features နဲ့ Performance တွေက တန်ရဲ့လားဆိုတာကတော့ ကိုယ့်လိုအပ်ချက်နဲ့ ဘယ်ဖုန်းက ကိုက်ညီလဲဆိုတာကို လေ့လာပြီး ဆုံးဖြတ်ရမှာပါ။ 

References
TechX Myanmar
About Author
Assinged Tags
Features Smartphones Xiaomi Mi 6 OnePlus 5 Comparison
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed