Nokia 3310 (2017) ဟာ အမှတ်တရအတိတ်ဟောင်းတွေကို ပြန်လည်ယူဆောင်ပေးဖို့ သက်သက်လား?

date_range 03 June 2017

Nokia 3310 (2017) ဟာ အမှတ်တရအတိတ်ဟောင်းတွေကို ပြန်လည်ယူဆောင်ပေးဖို့ သက်သက်လား?

visibility 1150 Views

                3310 လို့ခေါ်တဲ့ ဂဏန်းလေးလုံးတည်းနဲ့ နာမည်ပေးထားတဲ့ feature ဖုန်း တစ်လုံးက ၂၀၁၇ ခုနှစ်လို စမတ်ဖုန်းတွေကြီးစိုးနေတဲ့ အချိန်မျိုးမှာ အသုံးပြုသူအများစုကို လှုပ်လှုပ်သဲသဲဖြစ်သွားစေမယ်လို့ အရင်တုန်းက ဘယ်သူမှ တွေးထားခဲ့မိမှာ မဟုတ်ပါဘူး။

                ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၄ ရက်၊ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပသွားတဲ့ Mobile World Congress မှာ HMD Global က Nokia 3310 အသစ်ကို ကြေညာသွားခဲ့ပြီး “The Best Gaget” ဆုကို ရယူသွားခဲ့တဲ့ အချိန်ကတည်းက ၂၀ ကနေ ၂၁ ရာစု အကူးအပြောင်းမှာ အရွယ်ရောက်လာခဲ့တဲ့သူတွေ အကြားမှာ တကျော့ပြန် ထွက်ရှိလာတဲ့ Nokia 3310 အပေါ် မျှော်လင့်တကြီးနဲ့ စိတ်လှုပ်ရှားခဲ့ကြတာပါ။

                အခုလို စိတ်လှုပ်ရှားမယ်ဆိုရင်လည်း စိတ်လှုပ်ရှားစရာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ အများစုအတွက်တော့ Nokia 3310 ဖုန်းတွေ ပေါ်လာတော့ အထိုင်ဖုန်းတွေနဲ့တုန်းကလို မဟုတ်တော့ဘဲ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဖုန်းပြောခွင့်ရခဲ့တာတွေ၊ နောက်ပြီး ပျင်းနေတဲ့အချိန်ဆိုရင် keypad ဖုန်းလေးတစ်လုံးနဲ့ ဂိမ်းကစားခဲ့တာမျိုး အစရှိသဖြင့် အမှတ်ရစရာတွေ အများကြီးရှိခဲ့မှာမို့လို့ပါပဲ။ အားလုံးက မေ့ကောင်းမေ့နေပြီဖြစ်ပေမယ့် “tomorrow” ကို “tmrw”, “oh my god” ကို “omg”, “you are” ကို “u r” အစရှိသဖြင့် စာရိုက်ပြီး message ပို့ရာမှာသုံးတဲ့ ဝေါဟာရသစ်၊ စကားလုံးသစ်တွေကိုလည်း Nokia 3310 ခေတ်တုန်းက သုံးခဲ့ကြတဲ့သူတွေ အရင်ဆုံးစပြီး ထွင်ခဲ့ကြတာပါ။ ဒါပေမယ့် ၁၇ နှစ်တာ ကာလအတွင်းမှာ အများစုကတော့ အရင်လို မဟုတ်တော့တာ အမှန်ပါပဲ။

                အရင်က သုံးစွဲဖူးသူတွေအဖို့တော့ အသစ်ထွက်ရှိလာတဲ့ Nokia 3310 ဖုန်းဟာ တစ်ခါအားသွင်းပြီးရင် ရက်အတော်တော်များများ လှည့်ကြည့်စရာ မလိုတာမျိုး၊ တော်ရုံပြုတ်ကျရုံလောက်နဲ့တော့ ‘အေးဆေးပဲ’ ဆိုတာမျိုး စတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရခဲ့ဖူးတဲ့ ခံစားမှုအမှတ်တရတွေကို ချက်ချင်းဆိုသလို ပြန်လည်ရရှိစေမှာလည်း ဖြစ်ပါတယ်။

                အသစ်ထွက်ရှိလာတဲ့ Nokia 3310 မှာ Operating System အနေနဲ့ Nokia Series 30+ ပါဝင်လာပြီး အင်တာနက်ကိုလည်း ချိတ်ဆက်အသုံးပြုလို့ရနိုင်ပြီ ဖြစ်ပါတယ်။ ၂.၄ လက်မ ရောင်စုံမျက်နှာပြင်နဲ့အတူ Opera Mini လိုမျိုး app တချို့လည်း ပါလာပြီး အရင်ဗားရှင်းအဟောင်းမှာ မပါဝင်ခဲ့တဲ့ အရှေ့ဘက်ကင်မရာလည်း ပါဝင်လာခဲ့ပြီး 2MP ရှိမှာဖြစ်ပါတယ်။ Bluetooth အနေနဲ့ကတော့ Bluetooth 3.0 ကိုအထောက်အပံ့ပေးထားပြီး Wi-Fi, GPS နဲ့ NFC (Near Field Connectivity) တွေကတော့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ တချို့ Model တွေမှာဆိုရင် SIM ကတ် ၂ ကတ်အထိ စိုက်နိုင်မှာဖြစ်ပါတယ်။


                အရောင်အားဖြင့်တော့ Warm Red, Dark Blue, Yellow နဲ့ Grey ဆိုတဲ့ အရောင်လေးမျိုးထဲက နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ အစက ၅၉ ယူရိုနဲ့ ပွဲထုတ်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၆ မှာ ထပ်မံဆန်းသစ်ထားတဲ့ version ကို ပြန်လည် မိတ်ဆက်ခဲ့ရာမှာတော့ ၄၉ ယူရိုသာ ရှိပါတော့တယ်။

                တကယ်တမ်းကြည့်ရင် တကျော့ပြန်လာခဲ့တဲ့ Nokia 3310 ဟာ HMD global ရဲ့ အရမ်းကို ပြောက်မြောက်တဲ့ ဈေးကွက်ပရိယာယ် တစ်ခုသက်သက်လို့ပဲ ထင်ပါတယ်။ သုံးစွဲသူတွေ သတိမထားမိလောက်တဲ့အချက်တစ်ခုကတော့ အသစ်ထွက်ရှိလာတဲ့ Nokia 3310 မှာ ထူးခြားတာဆိုလို့ ဟိုအရင်နှစ်တွေဆီက သုံးစွဲသူတွေ ရင်းရင်းနှီးနှီး စွဲစွဲမြဲမြဲ သုံးခဲ့ဖူးတဲ့ အရင် Nokia 3310 ရဲ့ ကိုယ်ထည်နဲ့ တော်တော်လေး ဆင်တူတဲ့ အရောင်အသွေးစုံတဲ့ ကိုယ်ထည်ကို သုံးထားတာကလွဲရင် ကျန်တာတွေက သာမာန် feature ဖုန်း တစ်လုံးထက် ဘာမှထူးခြားမသွားဘူးဆိုတာကိုပါ။


                အမှတ်တရတွေဆိုတာက မေ့ဖျောက်ဖို့တော့ ခက်ပေမယ့် နည်းပညာပိုင်းအရ အဆင့်မြင့်လာတဲ့ တကျော့ပြန် Nokia 3310 ရဲ့ ဆွဲဆောင်မှုတွေက အရင် Nokia 3310 ကိုတော့ လိုက်မမီတာ အမှန်ပါ။ ဥပမာပြောရရင် တချိန်က မူလ Nokia 3310 ကို လူကြိုက်များစေခဲ့တဲ့ ‘မြွေဥစားတဲ့ဂိမ်း’ လို့ အလွယ်ခေါ်ခဲ့ကြတဲ့ Snake ဂိမ်းလိုမျိုး ဂိမ်းတွေကို သဲကြီးမဲကြီး ဆော့ခဲ့ရတဲ့အရသာကို  အခုခေတ်ကလေးတွေ နားလည်နိုင်မှာ မဟုတ်တော့လို့ပါပဲ။ Nokia 3310 အသစ်မှာ 'မြွေဥစားတဲ့ဂိမ်း' ပါပေမယ့်လည်း အရင် Old School Graphics နဲ့ မဟုတ်တော့တာကြောင့် အရင်ခံစားမှုမျိုး ပြန်မရနိုင်ပါဘူး။


                ဒါပေမယ့်လည်း စမတ်ဖုန်းတွေ တွင်ကျယ်နေပြီဖြစ်တဲ့ ဒီဘက်ခေတ်မှာ Nokia 3310 အသစ်ကို ကျနော်တို့ တကယ်ကော ဝယ်ယူချင်စိတ်ရှိပါ့မလား။ ဝယ်ပြီးရင်ကော တကယ်စွဲစွဲမြဲမြဲ ကိုင်နိုင်ပါ့မလား။ ၄၉ ယူရိုဆိုတဲ့ စျေးက လူတိုင်း ဝယ်ကိုင်ဖို့ အဆင်ပြေလောက်တဲ့ အနေအထားမှာရှိတာကြောင့်၊ အမှတ်တရအဖြစ် မဟုတ်ရင်တောင် သာမန်အကြမ်းသုံးဖို့အတွက်တော့ စဉ်းစားသင့်တဲ့ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ခင်ဗျားသာ ဆိုရင်ကော Nokia 3310 အသစ်ကို ဝယ်ဖြစ်မလားဆိုတာ ကျနော်တို့ စပ်စုကြည့်ချင်ပါတယ်။

This Article is Contributed by Min Hein Kyaw
References
Engadget Wikipedia The Verge
About Author
Assinged Tags
Features Nokia HMD Global Featured Articles Nokia 3310 Keypad Phones Feature Phones
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed