၂၀၁၇ ခုနှစ်၊ MWC ပွဲကြီးကတော့ မနက်ဖြန် မနက် ၉ နာရီဆို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန်နဲ့ဆို မနက်ဖြန် နေ့လယ် ၂နာရီခွဲလောက်ဖြစ်ပြီး၊ MWC ပွဲမှာ မိတ်ဆက်သွားတဲ့ Product နဲ့ နည်းပညာအသစ်အဆန်းတွေကို ကျနော်တို့ website မှာ တင်ဆက်ပေးသွားမှာလည်း ဖြစ်ပါတယ်။
Mobile World Congress လို့ ခေါ်တဲ့ MWC ပွဲကို GSMA အဖွဲ့အစည်းက ဦးဆောင်ကျင်းပတာဖြစ်ပြီး၊ နှစ်စဥ်တက်ရောက်သူဦးရေ ၉၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားရှိပါတယ်။ MWC ကို CES မိုဘိုင်းပွဲလို့လည်း ပြောနိုင်ပြီး၊ မိုဘိုင်းဖုန်းတွေကို အဓိကမိတ်ဆက်ကြတာတွေ့ရပါတယ်။
ဒီနှစ် MWC 2017 ပွဲက ဖေဖော်ဝါရီလ ၂၇ ကနေ မတ်လ ၂ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး၊ ဒီပွဲမှာ Samsung၊ Nokia ၊ LG၊ Sony၊ Motorola နဲ့ Blackberry တို့က ဖုန်းမော်ဒယ်အသစ်တွေ မိတ်ဆက်ဖို့ရှိပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီနှစ်ခုဖြစ်တဲ့ Xiaomi နဲ့ Meizu ကတော့ ဒီပွဲတက်ရောက်မှာမဟုတ်ပါဘူး။
LG
MWC 2017 မှာ စိတ်ဝင်စားစရာအကောင်းဆုံးကုမ္ပဏီတစ်ခုကတော့ LG ပါ။ ကုမ္ပဏီဟာ ဒီပွဲမှာ ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေတဲ့ LG G6 ဖုန်းကို တရားဝင်မိတ်ဆက်ပြသသွားမှာပါ။ LG ကတော့ ပွဲတရားဝင်မဖွင့်လှစ်ခင် စောစောစီးစီးပဲ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီမှာ မိတ်ဆက်သွားမှာပါ။ (အခုမိတ်ဆက်နေပါပြီ။)
LG G6 ဖုန်းအပြင် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ကြေငြာခဲ့တဲ့ LG X Power 2 ဖုန်းကို တရားဝင်ထုတ်ပြဖွယ်ရှိပြီး၊ LG Watch Style နဲ့ LG Watch Sport စမတ်နာရီနှစ်မျိုးကိုလည်း တပါတည်းမိတ်ဆက်သွားဖို့ရှိပါတယ်။
Samsung
Samsung ဟာ မကြာမီ Galaxy S8 နဲ့ S8+ ဖုန်းအသစ်တွေ မိတ်ဆက်ဖို့ရှိတယ်ဆိုတာ သိပြီးဖြစ်ကြမှာပါ။ ဒါပေမယ့် ကျနော်တို့ သိထားသလောက် ဒီ MWC ပွဲမှာတော့ S စီးရီးမော်ဒယ်အသစ်ကို မိတ်ဆက်နိုင်ဖို့မရှိဘဲ မတ်လကျမှ သီးသန့်ပွဲတစ်ခုလုပ်ပြီး မိတ်ဆက်နိုင်ခြေရှိပါတယ်။ ဒါဆို ဒီပွဲမှာ Samsung က ဘာ Prodcuts အသစ်တွေ မိတ်ဆက်ဖို့ရှိလဲ?
ခိုင်လုံတဲ့ကောလဟာလသတင်းတွေအရ Samsung က ဒီပွဲမှာ တက်ဘလက်ဖုန်းမော်ဒယ်အသစ် Galaxy Tab S3 ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။ အခုဆို Tab S3 ရဲ့ ဓာတ်ပုံတွေလည်း အင်တာနက်မှာ ပျံ့နှံ့နေပြီဖြစ်ပြီး၊ အဆိုပါဖုန်းကို FCC ၊ Bluetooth SIG နဲ့ Wi-Fi Alliance အဖွဲ့အစည်းတွေကနေ စစ်ဆေးအသိအမှတ်ပြုပြီးဖြစ်တယ်လို့လည်း သိရတာကြောင့် ဒီပွဲမှာ Tab S3 ကို တရားဝင်မြင်တွေ့ရနိုင်ပါတယ်။
Nokia
Nokia အမှတ်တံဆိပ်ဖုန်းတွေ ထုတ်လုပ်ခွင့်ရထားတဲ့ HMD Global က ၂၀၁၇ ခုနှစ်ရဲ့ ပထမဆုံး Nokia ဖုန်းကို ဒီပွဲမှာ မိတ်ဆက်သွားမှာပါ။
HMD ကနေ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ Nokia 6 ဖုန်းတုန်းက တရုတ်စျေးကွက်မှာပဲ သီးသန့်ရောင်းခဲ့တာဖြစ်ပေမယ့်၊ ယခုမိတ်ဆက်မယ့် Nokia ဖုန်းအသစ်တွေကိုတော့ ကမ္ဘာအနှံ့တင်ပို့ရောင်းချနိုင်ပါတယ်။ လတ်တလောသိရှိထားသလောက် Nokia 8 ကတော့ သေချာသလောက်ရှိနေပြီး၊ နောက်ထပ် Nokia မော်ဒယ်သစ်နှစ်မျိုးကိုလည်း မြင်တွေ့ရခြေရှိပါတယ်။
Huawei
မကြာမီက မိတ်ဆက်တော့မယ်လို့ သတင်းထွက်ပေါ်နေတဲ့ Huawei P10 နဲ့ P10 Plus ဖုန်းတွေကို ဒီပွဲမှာ မျက်ဝါးထင်ထင်မြင်တွေ့ရဖို့ရှိပါတယ်။ Huawei ကလည်း သူတို့ပွဲကို စောစောစီးစီးလုပ်သွားဖို့ရှိပြီး၊ ယနေ့ တနင်္ဂနွေညနေ ည ၇ နာရီခွဲလောက်မှာ မိတ်ဆက်မှာပါ။ Huawei ပွဲကို Huawei ရဲ့ Facebook Event နဲ့ Youtube Channel တို့မှာ တိုက်ရိုက်ပြသသွားမှာဖြစ်ပါတယ်။ P10 ဖုန်းတွေအပြင် Huawei Watch 2 စမတ်နာရီကိုလည်း မြင်တွေ့ရဖွယ်ရှိပါတယ်။
BlackBerry
BlackBerry ဟာ ယခုနှစ် MWC ပွဲကို ပြန်လာမှာပါ။ DTEK70 ဆိုတဲ့ဖုန်းကို မိတ်ဆက်သွားဖို့ရှိပြီး၊ BlackBerry ဖုန်းတွေရဲ့ အထင်ကရအမှတ်အသားတစ်ခုဖြစ်တဲ့ QWERTY ကီးဘုတ်က မပါမဖြစ်ပါလာဦးမှာပါ။
Sony
ကောလဟာလတွေအတိုင်းသာဆိုရင်တော့ Sony ဟာ ဒီပွဲမှာ Sony Yoshino ဆိုတဲ့ 4K Display နဲ့ မျက်နှာပြင် ၅.၅ လက်မ Flagship ဖုန်းကို မိတ်ဆက်ပြသသွားဖို့ရှိပါတယ်။ Sony ပွဲကတော့ မနက်ဖန် ဖေဖော်ဝါရီ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၂ နာရီလောက်မှာဖြစ်ပါတယ်။
Oppo
Oppo အနေနဲ့ ကင်မရာနည်းပညာအသစ်ပါဝင်တဲ့ စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်မယ်လို့ သိရပါတယ်။
Lenovo/Motorola
Lenovo က ဝယ်ယူထားတဲ့ Motorola ကလည်း Moto G5 နဲ့ G5 Plus ဖုန်းနှစ်မျိုးကို မိတ်ဆက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ Lenovo နဲ့ ပတ်သတ်ပြီးတော့ ဘာအသံမှမကြားရသေးဘဲ၊ မိတ်ဆက်မယ်ဆိုရင်လည်း ဒီဇိုင်းဓာတ်ပုံတွေ ပေါက်ကြားဖူးတဲ့ တက်ဘလက်တစ်မျိုးကိုပဲ မိတ်ဆက်နိုင်ပါတယ်။
MWC 2017 ပွဲကတော့ စမတ်ဖုန်းပရိတ်သတ်တွေအတွက် စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတဲ့ ပွဲကြီးတစ်ခုဖြစ်ပြီး၊ ဘယ်လိုဖုန်းမော်ဒယ်အသစ်တွေကို စင်ပေါ်မှာ တွေ့မြင်ရမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပါ။
Join Us On