iOS Version တွေ အဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲ?

date_range 01 October 2017

iOS Version တွေ အဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲ?

visibility 16400 Views

                Apple ကို Mac နဲ့ စခဲ့ပေမယ့် အောင်မြင်မှုတွေကို ဆွတ်ခူးပေးနိုင်ခဲ့တာက iPhone တွေဖြစ်တဲ့အကြောင်းကို “iPhone မျိုးဆက်တွေ အဆင့်ဆင့် ဘယ်လိုပြောင်းလဲလာသလဲ?” ဆိုတဲ့ ဆောင်းပါးမှာ ပြောခဲ့ပြီးပါပြီ။ iPhone တွေက Apple ကို Smartphone လောကမှာ ဆရာတစ်ဆူဖြစ်အောင် လုပ်ပေးခဲ့တာတော့ ဟုတ်ပါပြီ ဒါပေမယ့် iPhone တွေကို အလုပ်လုပ်အောင် နောက်ကွယ်ကနေ ခိုင်းစေပေးနေတဲ့ iOS အကြောင်းကိုလည်း ချန်ထားခဲ့လို့ မရပြန်ပါဘူး။

                ဒီတော့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ iPhone မျိုးဆက်တွေနဲ့အတူ iOS Version တွေကရော ဘယ်လိုများ ပြောင်းလဲ၊ တိုးတက်လာခဲ့လဲ ဆိုတာကို ကျနော်နဲ့အတူ သမိုင်းကြောင်း ပြန်လှန်ကြည့်လိုက်ရအောင်ဗျာ။

iPhone OS

                ပထမဆုံး ဘိုးအေကြီး iPhone မှာ ပါဝင်လာခဲ့တဲ့ Operating System ကိုတော့ Apple က iPhone OS လို့ပဲ ရိုးရိုးရှင်းရှင်းလေးပဲ ခေါ်ဆိုခဲ့ပါတယ်။ iOS 4 ကနေစပြီး နောက်ပိုင်းမှာတော့ အခုကျနော်တို့အားလုံး ခေါ်ဆိုနေတဲ့ iOS လို့ စတင်ပြောင်းလဲ ခေါ်ဆိုခဲ့ပါတယ်။


                App Store ဆိုတာလည်း မရှိသေးတဲ့အတွက် Pre-Installed Apps တွေဖြစ်တဲ့ Phone, Calendar, Photos, Camera, Notes, Safari, Mail, iPod (နောက်ပြောင်းမှာတော့ Music နဲ့ Video Apps တွေအဖြစ် ခွဲထုတ်လိုက်ပါတယ်) စတဲ့ Apps တွေပဲ သုံးလို့ရခဲ့ပါတယ်။

                Features တွေအနေနဲ့လည်း Multi-Touch Interface, Safari, Visual Voicemail, iTunes integration စတာတွေပဲ ပါဝင်ခဲ့ပါတယ်။ Final Version 1.1.5 ကိုတော့ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှာ Release လုပ်ပေးခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ Support ကို ရပ်ဆိုင်းခဲ့ပါတယ်။


                Third-Party Apps တွေလည်း သုံးလို့မရခဲ့ဘူး၊ Features တွေကလည်း စုံစုံလင်လင် မပါဝင်သေးဘူး ဆိုပေမယ့် ပထမဆုံး iOS ကတော့ Smartphone သမိုင်းမှာ ပြောစမှတ်တွင်စရာ တစ်ခုအနေနဲ့ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

iPhone OS 2.0

                ဒီ Version မှာတော့ Third-Party Apps တွေကို အသုံးပြုနိုင်ဖို့အတွက် App Store လေး စတင်ပါဝင်လာပြီ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ iPhone OS 2.0 ကို စတင်မိတ်ဆက်ခဲ့ချိန်တုန်းက App Store ထဲမှာ Apps တွေ အခု ၅၀၀ လောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ Maps App မှာလည်း Public Transit, Walking Directions စတာတွေ ပါဝင်လာခဲ့ပါတယ်။

 

                ဒီ Version မှာတော့ သိသိသာသာ ပြောင်းလဲတာတွေ၊ Features အကောင်းစားတွေတော့ မပါဝင်ခဲ့ပါဘူး။ Final Version ဖြစ်တဲ့ iPhone OS 2.2.1 ကိုတော့ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ Release လုပ်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ Support ကို ရပ်ဆိုင်းခဲ့ပါတယ်။


iPhone OS 3.0

                ဒီ Version ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှာ Release လုပ်ပေးခဲ့ပြီး MMS, Spotlight Search, Copy and Paste စတဲ့ Features သစ်လေးတွေ ပါဝင်လာပါတယ်။ Camera App မှာလည်း Video Recording စတင် လုပ်လို့ရပြီ ဖြစ်ပါတယ်။


                iPhone OS 3.2 ဟာ ပထဆုံး iPad မှာ အသုံးပြုခဲ့တဲ့ OS ဖြစ်ခဲ့ပါတယ်။ Final Version 3.2.2 ကိုတော့ သြဂုတ်လ ၁၁ ရက်နေ့၊ ၂၀၁၀ ခုနှစ်မှာ Release လုပ်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်မှာတော့ Support ကို ရပ်ဆိုင်းခဲ့ပါတယ်။


iOS 4

                ဒီ Version မှာတော့ အခေါ်အဝေါ်လေး စပြောင်းသွားပါပြီ။ iPhone OS 4.0 မဟုတ်တော့ပဲ iOS 4 ဖြစ်သွားပါပြီ။ ၂၀၁၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ ထွက်ရှိလာခဲ့တဲ့ iOS 4 မှာတော့ iBooks ဆိုတဲ့ App အသစ်လေးလည်း စတင်ပါဝင်လာခဲ့ပြီး FaceTime, Multitasking, Folders, Personal Hotspot, AirPlay, AirPrint စတဲ့ Features သစ်တွေ အများကြီး ပါဝင်လာပါတယ်။


                iOS 4 ဟာ အရင်ထွက်ရှိခဲ့သမျှ iDevices တွေ အကုန်လုံးကို Support မပေးခဲ့တဲ့ ပထမဆုံး iOS Version ပဲ ဖြစ်ပါတယ်။ ပထဆုံး iPhone အပြင်၊ First Generation iPod Touch နဲ့လည်း Compatible ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ချို့ iDevice Model တွေအချို့နဲ့တော့ Compactible ဖြစ်ခဲ့ပေမယ့် တစ်ချို့ Features သစ်တွေကိုတော့ အသုံးပြုလို့ မရခဲ့ပါဘူး။


                အခုခေတ် iOS Version တွေရဲ့ ပုံစံကို iOS 4 က Foundation ချပေးလိုက်တာလို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ Final Version ဖြစ်တဲ့ iOS 4.3.5 ကိုတော့ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှာ Release လုပ်ပေးခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ Support ကို ရပ်ဆိုင်းခဲ့ပါတယ်။

iOS 5

                iOS 4 က UI Foundation ချပေးလိုက်တယ် ဆိုပေမယ့် အခုခေတ် iOS Version တွေကနေ ရရှိနေတဲ့ User Experience တွေကိုတော့ iOS 5 က Foundation ချမှတ်ခဲ့တာပါ။ Wireless Syncing, Wireless Activation, Notification Center စတဲ့ Features သစ်တွေ ပါဝင်လာပါပြီ။


                iCloud App လေးလည်း စတင်ပါဝင်လာခဲ့ပြီဖြစ်ပြီး အခုခေတ် အနောက်တိုင်းက iOS User တွေ စွဲစွဲလမ်းလမ်း အသုံးပြုနေတဲ့ iMessage App လေးလည်း စတင်ပါဝင်လာခဲ့ပါပြီ။ နောက်ပြီး အခုခေတ် iOS User တွေရဲ့ Assistant Lady လေးဖြစ်တဲ့ Siri လည်း စတင်ပါဝင်ပါပြီ။

 

                Final Version ဖြစ်တဲ့ iOS 5.1.1 ကိုတော့ မေလ ၇ ရက်နေ့၊ ၂၀၁၂ မှာ Release လုပ်ပေးခဲ့ပြီး Support ကိုတော့ ၂၀၁၄ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

iOS 6

                ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့မှာ Release လုပ်ပေးခဲ့တဲ့ iOS 6 မှာတော့ iPhone OS 1.0 မှာထဲက ပါဝင်လာတဲ့ YouTube App လေးကို ဖြုတ်ပစ်ခဲ့ပါတယ်။ နောက်ပြီး Google နဲ့ပူးပေါင်းခဲ့တဲ့ Maps App ကိုလည်း ဖြုတ်ပစ်ခဲ့ပြီး Apple ရဲ့ကိုယ်ပိုင် Apple Maps ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ Do Not Disturb, Passbook (အခုဆိုရင်တော့ Wallet App ပေါ့) စတာတွေ ပါဝင်လာခဲ့ပါတယ်။


                Apple Maps ကို စတင်မိတ်ဆက်ခဲ့ပေမယ့် မျက်နှာပန်းမလှခဲ့ပါဘူး။ Bug တွေ၊ Direction အမှန်မပြနိုင်တာတွေ၊ တခြားပြဿနာတွေကြောင့် Apple မျက်နှာ ပျက်ခဲ့ရပါတယ်။ Apple CEO Tim Cook အနေနဲ့ iOS Development ရဲ့အကြီးအကဲ Scott Frostall ကို လူသိရှင်ကြား တောင်းပန်ခိုင်းရာမှာ Scott က မလုပ်ဘူးလို့ ငြင်းခဲ့တာကြောင့် Tim Cook က Scott ကို အလုပ်ထုတ်ပစ်ခဲ့တာတွေလည်း ဖြစ်ခဲ့ပါသေးတယ်။


                ပထမဆုံး iPhone OS 1.0 အထဲက အခု iOS 6 အထိအောင် ဦးစီးဦးဆောင်ပြုခဲ့တဲ့ Scott ကို အလုပ်ထုတ်ပစ်ခဲ့တာဟာ Apple အတွက်တော့ ပြောင်းလဲမှု အကြီးစားတစ်ခု ဖြစ်ခဲ့ပါတယ်။ Final Version ဖြစ်တဲ့ iOS 6.1.6 ကိုတော့ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ Release လုပ်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ Support ကို ရပ်ဆိုင်းခဲ့ပါတယ်။

iOS 7

                iOS 6 တုန်းကလည်း ပရိတ်သတ်တွေနဲ့ ပြဿနာတက်ခဲ့ရတဲ့ Apple ဟာ iOS 7 မှာလည်း ပြဿနာတွေ ထပ်တက်ခဲ့ပါတယ်။ ဒီတစ်ခေါက်တက်တဲ့ပြဿနာက အဆန်းကြီးပါ။ အပြောင်းအလဲတွေများလို့ မကြိုက်တော့ဘူးဆိုတဲ့ ပရိတ်သတ်တွေကြောင့် ပြဿနာတက်တွေ တက်ခဲ့တာပါ။


                Scott ထွက်ခွာသွားတဲ့နောက် သူ့နေရာမှာ ဝင်လာတဲ့ Jony Ive က လုပ်လိုက်တဲ့ အပြောင်းအလဲတွေကို Apple ရဲ့ အမာခံ ပရိတ်သတ်တွေက မကြိုက်ကြလို့ ပြဿနာတွေ တက်ခဲ့ကြတာပါ။ Jony Ive အနေနဲ့ iOS 7 ကို ခေတ်သစ်အမြင် ရရှိစေဖို့အတွက် UI ပြောင်းလဲမှုတွေ ကြီးကြီးမားမား လုပ်ပစ်ခဲ့ပါတယ်။


                အပြောင်းအလဲတွေထဲမှာ ပရိတ်သတ်တွေ မကြိုက်ကြတာကတော့ Font တွေ သေးသွားတာပါ။ Animations တွေကလည်း မျက်စိနောက်တယ်လို့ ဆိုကြပါသေးတယ်။ အခု iOS Version တွေရဲ့ UI နဲ့ Animations တွေက iOS 7 ကနေ စခဲ့တာလို့ ဆိုလို့ရပါတယ်။ Apple က နောက်ပိုင်း Improvements တွေ မှန်မှန်ပေးခဲ့တာကြောင့် နောက်ပိုင်း ပြဿနာတွေ ဆက်မတက်တော့ပါဘူး။

                iOS 7 မှာတော့ Activation Lock, AirDrop, CarPlay, Control Center, Touch ID စတာတွေ ပါဝင်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ Support ကို ရပ်ဆိုင်းခဲ့ပါတယ်။

iOS 8


                iOS 8 မှာတော့ ဘာပြဿနာမှ မတက်ခဲ့ပါဘူး။ iOS 7 တုန်းက စတင်ပြောင်းလဲခဲ့တဲ့ UI ပြောင်းလဲမှု အချို့ဟာ iOS 8 မှာတော့ ပိုပြီး Stable ဖြစ်လာပါတယ်။ Apple Music, Apple Pay, iCloud Drive, HandOff, Family Sharing, Third-Party Keyboards, HomeKit, iCloud Photo Library, iCloud Music Library စတာတွေ ပါဝင်လာခဲ့ပါတယ်။

 

iOS 9

                iOS 7 မှာ ပြောင်းလဲခဲ့ပြီးပြီး၊ iOS 8 မှာလည်း ပြောင်းလဲမှုတွေကို ပိုပြီးတည်တည်ငြိမ်ငြိမ် ဖြစ်လာအောင် လုပ်ခဲ့ပြီးပြီး ဆိုပေမယ့်လည်း လေ့လာတွေ့ရှိချက်တွေအရ iOS ဟာ အရင် Version တွေသုံးကလိုမျိုး Stable မဖြစ်တော့တာ၊ Dependable မဖြစ်တော့တာ၊ အရင်ကလို Solid Performance မရှိတော့တာတွေကို တွေ့ရှိနေရတာကြောင့် iOS 9 မှာ Features သစ်တွေ သိပ်ပြီးမထည့်တော့ပဲ Foundation ကိုပဲ ပိုမိုခိုင်မာလာအောင် လုပ်ခဲ့ပါတယ်။


                iDevice အဟောင်းတွေမှာတောင် Performance, Speed, Responsiveness, Stability စတာတွေမှာ ပိုမိုကောင်းမွန်လာအောင် iOS 9 ကို ပြုလုပ်ခဲ့ပါတယ်။ Night Shift, Low Power Mode စတဲ့ Features အနည်းငယ် ပါဝင်လာခဲ့ပါတယ်။


iOS 10

                ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထွက်ရှိလာတဲ့ iOS 9 မှာတော့ Built-In Apps တစ်ချို့ကို အသုံးမပြုချင်သူတွေအနေနဲ့ Delete လုပ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ အဓိက ပြောင်းလဲမှုကတော့ App တစ်ခုနဲ့ တစ်ခုခြားမှာ အရင်ကထက်ပိုမို ချိတ်ဆက်အလုပ်လုပ်လာနိုင်တာပဲ ဖြစ်ပါတယ်။

 

                Siri ကလည်း Third-Party Apps တွေနဲ့ လက်တွဲအလုပ်လုပ်နိုင်လာပြီး iMessage Apps မှာလည်း Features သစ်တွေ အများကြီး ပါဝင်လာပါတယ်။

 

iOS 11

                iOS 11 ဟာ Multitasking ပိုင်းမှာ တော်တော်လေး ကောင်းလာပါတယ်။ iPad မှာ Multitasking လုပ်ရတာ အရင်ကထက် ပိုမိုကောင်းမွန်လာပါတယ်။ Camera ပိုင်းမှာဆိုရင် Live Photos တွေကို မိမိကြိုက်သလို Customize လုပ်လို့ရမှာပါ။ App Store ကိုလည်း အပြောင်းလဲကြီး ပြောင်းလဲလိုက်ပါတယ်။


                Siri, Control Center, Maps, Notes App, AR Kit, Files App, Machine Learning စတဲ့ Features အသစ်တွေ အများကြီးပါဝင်လာပါတယ်။ အပြည့်အစုံကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။


References
Life Wire Git-Tower Computer World
About Author
Assinged Tags
iOS iOS 11 iOS 10 Apple
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed