စိတ်အချရဆုံး File Transfer စနစ်တစ်ခု (သို့) Firefox Send

date_range 03 September 2017

စိတ်အချရဆုံး File Transfer စနစ်တစ်ခု (သို့) Firefox Send

visibility 500 Views

                Online ကနေ တစ်ဆင့် File Sharing ပြုလုပ်ပေးတဲ့ Cloud Storage (သို့မဟုတ်) File Transfer Service အတော်များများက Upload ပြုလုပ်ပြီး Download Link ကိုပဲ Share ပေးနိုင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် တကယ်လို့ ကိုယ်ပို့ချင်တဲ့သူတင်မဟုတ်ပဲ အခြားတစ်ယောက်ကပါ အဲ့ဒီ Download Link ကို သိရှိနိုင်တဲ့အတွက် အရေးကြီးတဲ့ File တွေပို့မယ်ဆိုရင် စိတ်မချရတော့ပါဘူး။ 

                ဒါပေမယ့် မကြာသေးခင်အချိန်တုန်းက ကျွန်တော်တို့ သုံးနေကြ Firefox Browser ကုမ္ပဏီ Mozilla ကနေ Firefox Send ဆိုတဲ့ Feature တစ်ခုကို စတင်မိတ်ဆက် ခဲ့ပါတယ်။ Firefox Send ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်ပေးပို့ချင်တဲ့ File တွေကို ကိုယ်ပေးပို့လိုက်တဲ့သူကလွဲပြီး အခြားသူတွေ Download မပြုလုပ်နိုင်အောင်ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Firefox Send နဲ့ ပေးပို့တဲ့ File တွေအကုန်လုံးဟာ တစ်ကြိမ် Download ပြုလုပ်ပြီးတာနဲ့ ပျက်ပြယ်သွားမှာဖြစ်ပြီး တကယ်လို့ Download ပြုလုပ်တဲ့သူမရှိရင်လည်း ၂၄ နာရီကျော်တာနဲ့ ပျက်ပြယ်သွားမှာဖြစ်ပါတယ်။ 

                ဒါ့အပြင် Firefox Send ဟာ အားသာချက်အနေနဲ့ အခမဲ့အသုံးပြုနိုင်တဲ့ Service တစ်ခုဖြစ်ပြီး File Size Limit ကလည်း 1GB အထိ အကြိမ်အကန့်အသတ်မရှိအသုံးပြုလို့ရမှာဖြစ်ပါတယ်။ ဒီ နောက်ထပ်သဘောတွေ့စရာတစ်ခုကတော့ Account ပြုလုပ်တာ၊ Sign In ပြုလုပ်စရာမလိုပဲ အလွယ်တကူအသုံးပြုနိုင်တာဖြစ်ပါတယ်။ File Transfer စနစ်တစ်ခုမှာ ကျိန်းသေပါသင့်တဲ့ Encryption စနစ်လည်း ပါဝင်ပြီး တကယ်လို့ Download တကြိမ်ပြုလုပ်ပြီးတာ၊ ၂၄ နာရီကျော်သွားတာ ဆိုရင်လည်း File ကို Server မှာ ယာယီသိမ်းဆည်းထားတာမျိုးမပြုလုပ်ထားပဲ အပြီးတိုင်ဖျက်ပစ်လိုက်တာဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးအရ စိတ်ချရမှာဖြစ်ပါတယ်။ Firefox Send ဟာ လောလောဆည်မှာ Experimental Feature အနေနဲ့ စမ်းသပ်ဆဲဖြစ်ပြီး၊ နောက်ပိုင်းမှာ Feature အသစ်တွေ ထပ်လာနိုင်သေးပါတယ်။



                Firefox Send ကို ဘယ်လိုအသုံးပြုရမလဲဆိုရင် ပုံမှန် Web Browser ကနေ "send.firefox.com" Link ကို ဝင်ရောက်ပြီး Select a file to upload ကို နှိပ်ပြီး ကိုယ် Share ပေးချင်တဲ့ File တစ်ခုကို ရွေးပေးလိုက်ရုံပဲဖြစ်ပါတယ်။


                အဲ့ဒီအချိန်မှာ Upload စတင်ပြုလုပ်သွားမှာဖြစ်ပြီး Upload ပြုလုပ်ပြီးတဲ့အချိန်မှာ Download Link တစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။ အဆိုပါ Download Link ကို Copy to clipboard နဲ့ Copy ရယူပြီး ကိုယ်ပေးပို့ချင်တဲ့သူဆီကို အဲ့ဒီ Link ပေးပို့လိုက်ရုံပဲဖြစ်ပါတယ်။

                ဒီအခါ ကိုယ်ပေးပို့လိုက်သူရဲ့ Email ထဲကို Link တစ်ခု ရောက်ရှိလာမှာဖြစ်ပြီး၊ အဆိုပါ Link ကို ကလစ်နှိပ်ကာ ဖိုင်ကို Download ရယူနိုင်ပါတယ်။


                Firefox Send ကို သုံးသပ်ကြည့်ရမယ်ဆိုရင် အခုလိုမျိုး လုံခြုံရေးအရ စိတ်ချရတာကောင်းတယ်လို့ ပြောလို့ရပြီး အထူးသဖြင့် ကိုယ့်အတွက် အရေးကြီးတဲ့ File တွေ ပေးပို့တဲ့အချိန်မှာ သုံးစွဲသင့်တဲ့ Service တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Download Link အနေနဲ့သာ ထုတ်ပေးပြီး WeTransfer လိုမျိုး Email တွေအများအပြားကို တပြိုင်ထဲပေးပို့လို့ မရတဲ့အတွက်ကြောင့် တကယ်လို့ ကိုယ်က လူအများကို ပေးပို့ချင်တယ်ဆိုရင်တော့ တစ်ယောက်ပို့ပြီး နောက်တစ်ယောက်ကို ပေးပို့ဖို့အတွက် ပြန်ပြီး အဲ့ဒီ File ကို နောက်တစ်ခါ Upload ပြုလုပ်ရမှာဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ကို ပေးပို့ဖို့အတွက်ပဲ အဆင်ပြေသေးတာဖြစ်ပါတယ်။ တကယ်လို့ Upload ထပ်ပြုလုပ်စရာမလိုပဲ Download Link ကိုပဲ ပြောင်းလဲနိုင်တဲ့ Feature ပါဝင်လာမယ်ဆိုရင် ပိုပြီးအဆင်ပြေလာမှာပါ။ Mobile Application လည်း မရှိသေးတဲ့အတွက် ဖုန်းကနေဆိုရင်လည်း Web Browser ကနေပဲ သုံးနေရပါလိမ့်မယ်။ 

                File ပေးပို့တဲ့နေရာမှာတော့ တော်တော်ကိုပြည့်စုံတယ်ပြောလို့ရပြီး ကိုယ်ပေးလိုက်တဲ့ File ကို Download ပြုလုပ်ပြီးပြီလား၊ မလုပ်ရသေးဘူးလားဆိုတာကို Download Link ကို အခြား Tab တစ်ခုမှာဖွင့်ကြည့်လိုက်တာနဲ့ သိနိုင်ပြီး Download ပြုလုပ်ပြီးပြီဆိုရင် "This link has expired or never existed in the first place! " စာတန်း ပေါ်နေမှာဖြစ်ပါတယ်။


                နောက်တစ်ခုက Download မပြုလုပ်ရသေးလို့ ၂၄ နာရီပြည့်မှ အလိုအလျောက် ဖျက်တာမျိုးကို မလိုချင်ရင်လည်း ကိုယ်ကြိုက်တဲ့အချိန်မှာ Delete File ကို နှိပ်ပြီး ဖျက်ပစ်နိုင်တာပဲဖြစ်ပါတယ်။ 

                ဘာပဲဖြစ်ဖြစ် Firefox Send ဟာ ကိုယ့်အတွက် အရေးကြီးတဲ့ File (ဒါမှမဟုတ်) Personal Information တွေကို အခြားတစ်ယောက်ကို Share ပေးတော့မယ်ဆိုရင် စမ်းသပ်သုံးစွဲသင့်တဲ့ Service တစ်ခုလို့ သတ်မှတ်ရမှာပါ။ 

References
Firefox
About Author
Assinged Tags
Features Firefox Cloud Storage Firefox Test Pilot Firefox Send File Transfer File Sharing
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed