Game Review - ထိတ်လန့်ခြောက်ခြားမှုအရသာများ ပေးစွမ်းနိုင်မဲ့ Araya

date_range 03 May 2017

Game Review - ထိတ်လန့်ခြောက်ခြားမှုအရသာများ ပေးစွမ်းနိုင်မဲ့ Araya

visibility 1150 Views

                Mad Virtual Reality Studio ကနေ ၂၀၁၆ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Araya (First-person horror game) ဟာ Steam client  ရဲ့ Greenlight မှာလည်းဖော်ပြခြင်းခံခဲ့ရတဲ့ ဂိမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Microsoft Windows အတွက်ပဲ သီးသန့်ထုတ်လုပ်ထားတာကြောင့် Platform support တော့အားနည်းသွားပါတယ်။

                Xbox Controller Support ပါ၀င်ပါတယ်။ Oculus VR Headset နဲ့လည်းဆော့ကစားနိုင်တာကြောင့် ခြောက်ခြားစရာခံစားချက်တွေကို ပိုမိုထိတွေ့ချင်တဲ့ VR Headset ပိုင်ရှင်တွေအတွက်ကတော့ အကြိုက်တွေ့မှာအမှန်ပါပဲ။ Unity engine ကိုသုံးထားတာမို့ High end graphic နဲ့ textures တွေပါ၀င်မှာမဟုတ်သော် လည်း Developers တွေအတော်လေးကြိုးစားမွမ်းမံထားတာမို့ အရမ်းကြီးဆိုးလှတဲ့အထဲမှာတော့ မပါပါဘူး။

                ထိုင်းနိုင်ငံမှ ထုတ်လုပ်ထားသောဂိမ်းတစ်ခုဖြစ်ပြီး  Main story ဟာလည်း ထိုင်းဆေးရုံတစ်ခုမှ လူသတ်မှုနဲ့အတူ ထူးဆန်းစွာပျောက်ဆုံးနေတဲ့ Araya ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို နောက်ယောင်ခံလိုက်ရင်း ကြောက်စရာကောင်းတဲ့အရာတွေနဲ့ ရင်ဆိုင်တွေ့ကြုံရမှာပဲဖြစ်ပါတယ်။  အဓိကဇာတ်ဆောင် သုံးယောက်ရှိပြီး ကိုယ်က Marisa နေရာမှ ၀င်ရောက်ကစားရမှာဖြစ်ပါတယ်။

Marisa :   သတ္တိရှိပြီး ယုံကြည်မှုအပြည့်ရှိသော မိန်းကလေးတစ်ယောက်။ Araya ရဲ့တစ်ဦးတည်းသော သူငယ်ချင်း။ ပျောက်ဆုံးနေတဲ့ Araya လေးရဲ့ message ကို ရရှိခဲ့တဲ့နောက် ဆေးရုံကိုလာရောက်ပြီး သူငယ်ချင်းကိုလာရောက်ရှာဖွေသူ။

Rama :    ဆေးရုံစောင့်တစ်ယောက် ဖြစ်ပြီး သူဟာလှည့်ကင်းစောင့်နေချိန် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုကို မျက်မြင်တွေ့ရှိခဲ့သူ။

Boon :     ထိတ်လန့်လွယ်လွန်းတဲ့ လူငယ်တစ်ယောက်။ သူဟာ အဆောင်အယောင်တွေ စုဆောင်းရတာ ဝါသနာပါတဲ့သူ။ သူ့ရဲ့ လောင်းကစားကြွေးတွေကို စာရင်းရှင်းရန် ဆေးရုံသို့ ရောက်လာတဲ့သူ။

                ဒီဂိမ်းထဲမှာတော့ “Jit” ဆိုတဲ့သူဟာ Doctor တစ်ယောက်လည်းဟုတ်သလို Araya ကိုသတ်တဲ့ အဓိက suspect တစ်ယောက်လည်းဖြစ်ပါတယ်။


စာရေးသူရဲ့ Gaming Review

Graphics

                Graphics ပိုင်းကတော့ Horror ဂိမ်းတစ်ခုအနေနဲ့ အလင်းအမှောင်ကိုညီညီမျှမျှလေး သုံးထားတာမှန်ပေမဲ့ တစ်ချို့အခန်းတွေမှာဆို အတော်လေးမှောင်လွန်းတာကိုတွေ့ရတယ်ဗျ။ ဖုန်းမီးလေးနဲ့ သွားရပြီး သဘာ၀ကျအောင်လုပ်ထားတာ မှန်ပေမဲ့ တစ်ချို့နေရာတွေဟာ အလင်းအရမ်းစူးပြီး တစ်ချို့နေရာတွေကတော့ Flashlight ရှိနေတာတောင် သေချာမမြင်ရတာကြောင့် အလင်း အမှောင်က အားရစရာမရှိတာအမှန်ပါပဲ။ မှောင်လွန်းမှလည်းကြောက်စရာ ကောင်းတာမဟုတ်ပါဘူး။ Right place at the right time ဆိုသလိုပဲ သွားနေရင်းနဲ့ ဗြုန်းစားကြီး ရန်သူတွေနဲ့ ရင်ဆိုင်ရတာမျိုး၊ ရုတ်တရက် သရဲအခြောက်ခံလိုက်ရတာမျိုးတွေဟာ အမှောင်ထဲမှာပဲ ရသမြောက်တာမျိုးမဟုတ်ပါ။

                First person ပေမဲ့ ကိုယ်လမ်းလျှောက်တဲ့ခြေလှမ်းတွေ၊ တွားသွားတဲ့အခါ ဖုန်းကိုကိုင်ထားတဲ့ လက်အထားအသိုလေးတွေ၊  Camera motion တွေက အထူးကောင်းမွန်ပါတယ်။ Visual ပိုင်းကို သဘာ၀ကျကျရေးဆွဲထားတာကိုတွေ့ရပါတယ်။ သရဲလိုက်လာတဲ့အခန်းတွေကလည်း တကယ် ထိုင်းသရဲကားထဲရောက်နေသလို သည်းထိတ်ရင်ဖိုခံစားချက်တွေပေးစွမ်းနိုင်မှာ အမှန်ပါပဲ။ FPS ပိုင်းမှာတော့ အနည်းငယ်မငြိမ်မသက်တာမျိုးတွေရှိပါတယ်။ တစ်ချို့အခန်းတွေမှာ 47-56 လောက်ထိပဲ FPS ရှိတာကိုတွေ့ရပြီး တစ်ချို့အခန်းတွေမှာတော့ 60-80 FPS လောက်ထိ High graphics နဲ့ Textures settings မှာ Run နိုင်တာကိုတွေ့ရပါတယ်။ Textures bug အနည်းငယ်ရှိပါတယ်။



Sound

                ဒီနေရာမှာ ကျွန်တော်ပြောချင်တာကတော့ တခြား သရဲဂိမ်းတွေလို Background theme တီးလုံးတွေဟာ အမြဲတမ်းခြောက်ခြားစရာကောင်းအောင် တီးခတ်နေမှာမဟုတ်ပဲ Jump scare (သိသိသာသာ ဖြဲခြောက်ခြင်း)ကိုအသားမပေးတဲ့ဂိမ်းတစ်ခုမို့လို့ မလိုအပ်ပဲ Sound effect တွေအများကြီးသုံးမထားသော်လည်း ထိတ်လန့်စရာရင်ဆိုင်ကြုံရတော့မယ့် အချိန်မှာဆိုရင်တော့ နောက်ခံတီးလုံးတွေက သိသိသာသာ tension မြင့်လာမှာဖြစ်ပြီး သရဲလိုက်တဲ့အခန်းတွေမှာ ကိုယ်ကကွိခနဲ မိသွားပြီဆိုရင်တော့ဖြင့် Horror movies တွေထဲကအတိုင်း ကြောက်မက်ဖွယ် အသံကြီးတွေထွက်ပေါ်လာမှာပဲဖြစ်ပါတယ်။ Marisa ရဲ့စကားပြောသံဟာ အင်္ဂလိပ်စကားပြောသံ သိပ်မပီတာကိုတွေ့ရပါတယ်။ ဒါကလည်း တကယ်တော့ Native English ပြောနိုင်တဲ့ Europe ဘက်ကလာတဲ့ဂိမ်းတစ်ခုမဟုတ်တာကြောင့် English accent မပီတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့  In-Game English language က ပြောစရာမရှိတာမို့ အရမ်းကြီးပြဿနာတော့သိပ်မရှိပါဘူး။

Gameplay

                Gameplay ပိုင်းမှာဆိုရင်တော့ In-game interactions တွေဖြစ်တဲ့ တံခါးဖွင့်တာ၊ မိန်းခလုတ်ဆွဲဖွင့်တာတွေကို Mouse နဲ့ dragging ဆွဲပြီး Real world ပုံစံအတိုင်း ပြုလုပ်ထားတာမို့ Nice လို့ပြောချင်ပါတယ်။ ဒါပေမဲ့ အသေအကြေ ပြေးလွှားနေရချိန်မှာ Camera အောက်စိုက်ပြီး တံခါးက အရေးထဲမယ်ဆွဲဖွင့်နေရသေးတာမို့ တစ်ခါတလေ အားမလိုအားမရဖြစ်မိပါတယ်။ စာရေးသူ ကိုယ်တိုင် တံခါးဆွဲဖွင့်နေရတာနဲ့တင် တိုင်ပတ်ရင်း ခဏခဏ သေပြီး ဒေါသခဏခဏထွက်ရပါတယ်။ သူက သဘာ၀ကျကျ ကိုယ့်ကိုပြေးစေချင်တာကြောင့် Press “E” to open သမားတွေကတော့ ရွာလည်မှာ အသေအချာပါပဲ ဟဲဟဲ။ Araya လေးလည်း လမ်းသွားတဲ့တလျှောက် နေရာတိုင်းလိုလိုတွေ့နေရပါတယ်။ အရမ်းတော့စွတ်မလိုက်နဲ့ပေါ့။ သရဲကားတွေထဲကအတိုင်း ထောင်ချောက်ထဲ ကွက်တိခုန်ဆင်းသလိုတွေ ခဏခဏကြုံခဲ့ရလို့။ သေသွားရင်တောင် last checkpoint ကပြန် စ တဲ့အတွက်အခက်အခဲမရှိပဲ စိတ်ချလက်ချအေးအေးဆေးဆေး explore  လုပ်နိုင်ပါတယ်။ အသွားမတော် တစ်လှမ်းအကွက်တွေကတော့ စုံနေအောင်ကိုရှိပါတယ်။ သတိထားပေါ့ဗျာ။ Auto save function လည်းပါသလို သွားခဲ့ဖူးတဲ့ chapters တွေကိုလည်းပြန်ဆော့လို့ရအောင် Chapters menu လည်းပါ၀င်ပါတယ်။ 


Main Story

                Story ပိုင်းမှာက အစပိုင်းမှာအရမ်းကြီးအခြေအမြစ်မရှိပါဘူး။ Intro ပိုင်းတအား အားနည်းတယ်ပြောရမလားပဲ။ ဘာလို့လဲဆိုတော့ ကိုယ့်သူငယ်ချင်းတစ်ယောက် ဆေးရုံတက်နေရပြီးနောက် တစ်နှစ်ကျော်ကြာ ပျောက်ဆုံးသွားသည်အထိကို သတိလက်လွတ်နေထိုင်ခဲ့ပြီး Message လေးတစ်ခုရလာမှ ဆေးရုံပျက်ကြီးထဲအထိတောင် မကြောက်မရွံ့၀င် ရှာဖွေတယ်ဆိုတာ သိပ်တော့အဓိပ္ပာယ်မရှိပါဘူး။  တမင်တကာကြီး ဇာတ်လမ်းဖြစ်လာအောင်ခေါ်ယူလိုက်တဲ့ပုံစံမျိုးကြီးဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းရှာဖွေရင်းနဲ့ပဲ တစ်စ တစ်စ အမှုမှန်ပေါ်ပေါက်လာပုံလေးကတော့ စိတ်၀င်စားစရာ ကောင်းပါတယ်။ ကိုယ်ဟာ တကယ် ထိုင်းသရဲကား တစ်ခုထဲမှာ ၀င်ရောက်သရုပ်ဆောင်နေရသလို ခံစားချက်မျိုးပေးစွမ်းနိုင်တာကတော့ အတော်ကောင်းတယ်ပြောရမယ်။ သဘောမကျတာက Araya ကိုပါ။ သူဟာ ကိုယ့်သူငယ်ချင်းကိုအမှုမှန်ဖော်ထုတ်ခိုင်းပေမဲ့ ရန်သူမဟုတ်သလို မိတ်ဆွေလည်းမဟုတ်တဲ့ အပြုအမူတွေက သဘောကျစရာမကောင်းပါဘူး။ Horror ဂိမ်းတစ်ခု သူဟာလည်း တစ္ဆေတစ်ယောက်ဖြစ်နေတာမို့ ဒီလိုပုံစံဆက်ဆံတာကိုတော့ ခြွင်းချက်တစ်ခုအနေနဲ့ လက်ခံပေးလို့ရပါတယ်။

Conclusion

                Araya ဟာအရမ်းကြီးကောင်းမွန်လှတဲ့ Horror ဂိမ်းတစ်ခုမဟုတ်သော်ြငား အသင့်အတင့်အနေနဲ့တော့ ဆော့ပျော်လောက်တဲ့ဂိမ်းတစ်ခုပါပဲ။ သရဲအိမ်တစ်ခု၀င်နေရသလို ခြောက်ခြားစရာတွေပေးနိုင်မှာ မှန်ပေမဲ့ Real hardcore horror fans တွေအတွက်တော့ အနည်းငယ်ပျင်းဖို့ကောင်းပါလိမ့်မယ်။ ဘာလို့ဆို သာမန်သရဲခြောက်တာ ပြေးရလွှားရတာကလွဲလို့ အခြားထူးထူးခြားခြားဆွဲဆောင်မှုသိပ်မရှိပါဘူး။ High-end requirements တွေမလိုအပ်တဲ့အတွက်ကြောင့် သာမန် i3 i5, GeForce 500 ကျော် RAM 4GB လောက်ရှိတာနဲ့တင် ဆော့လို့ရပါတယ်။ (Requirements အသေးစိတ်ကို အောက်မှာဖော်ပြပေးထားပါတယ်)

ARAYA Minimum Requirements

CPU:    3.20 Dual Core Processor
RAM:    2 GB
OS:    Windows 7 / 8 / 8.1 / 10
Video Card:    NVDIA Geforce GTX 560 1GB / Radeon R7 250X 1 GB
Free Disk Space:    8 GB

ARAYA Recommended Requirements

CPU:    i7-4790 Processor 8M Cache, 4.00 GHz
RAM:    4 GB
OS:    Windows 7 / 8 / 8.1 / 10
Video Card:    NVIDIA GeForce GTX 970
Free Disk Space:    8 GB

                ဒီလောက်ဆိုရင် Araya ဂိမ်းအကြောင်းကို အတော်များများသိသွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Araya ဂိမ်းကိုဆော့ချင်တယ်ဆိုရင်တော့ Araya on Steam မှာ USD $14.99 နဲ့၀ယ်ယူဆော့ကစားနိုင်ပါတယ်။ TechX Myanmar Gaming Reviews ကို၀င်ရောက်ဖတ်ရှုတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

References
TechX Reviews Wikipedia
About Author
Assinged Tags
Microsoft Gaming Review Steam Oculus Rift Xbox Live Oculus Araya game MAD Virtual Reality Studio Unity 3D studio
Categorized Under
Reviews

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed