Vibe Pure UI အစား Stock Android UI ကိုပြောင်းလဲအသုံးပြုတော့မယ့် Lenovo

date_range 07 August 2017

Vibe Pure UI အစား Stock Android UI ကိုပြောင်းလဲအသုံးပြုတော့မယ့် Lenovo

visibility 240 Views

                Lenovo မှ Vibe Pure UI ကို လုံး၀ဖြုတ်ချပစ်ပြီး Stock Android ပုံစံကိုပဲ ပြောင်းလဲအသုံးပြုတော့မယ်လို့ လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်က အတည်ပြုပြောကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့ Custom စမတ်ဖုန်း UI ဖြစ်တဲ့ Vibe ကို လုံး၀စွန့်လွှတ်ဖို့ဆုံးဖြတ်ခဲ့တာဟာ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုလို့လည်းပြောလို့ရပါတယ်။

                Lenovo ရဲ့ K8 Note ဟာ ပထမဦးဆုံး Stock Android UI ကိုအသုံးပြုထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမယ်လို့လည်း Lenovo စမတ်ဖုန်း Marketing အကြီးအကဲဖြစ်တဲ့ Anuj Sharma ကနေ Gadgets360 နဲ့အင်တာဗျူးတစ်ခုမှာ ပြောကြားချက်အရ သိရှိရပါတယ်။ ဒီလိုဆုံးဖြတ်ချက်ကိုလည်း Customer Feedback တွေနဲ့အတူ ကုမ္ပဏီအတွင်းပိုင်းက နှစ်အတော်ကြာဆွေးနွေးမှု တွေအရ ချမှတ်ခဲ့တာဖြစ်ပါတယ်။

                ဒီလိုမျိုး Stock Android UI ကိုပြောင်းလဲအသုံးပြုတဲ့အတွက် Google မှ Android Updates တွေကိုလည်း မြန်မြန်ဆန်ဆန်ပဲ Lenovo စမတ်ဖုန်းတွေအတွက် System Update တွေထုတ်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Samsung, LG နဲ့ Xiaomi စတဲ့ ကိုယ်ပိုင် UI တွေကိုပဲအသုံးပြုတဲ့ ကုမ္ပဏီတွေဟာ Android Updates တွေကိုထုတ်လုပ်ပေးချင်တဲ့အခါ ကိုယ်ပိုင် UI နဲ့ပြန်စမ်းသပ်နေရသေးတဲ့အတွက် Update ထုတ်လုပ်ပေးမှု အချိန်အတော်ကြာမြင့်တတ်ပါတယ်။

                Stock Android ကိုပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်ချက်ဟာ Lenovo မှ Motorolla ကို  ၂၀၁၄ ခုနှစ်မှာ USD $2.91 ဘီလီယံနဲ့၀ယ်ယူခဲ့တဲ့အပေါ်မှာလည်း သက်ဆိုင်နေတယ်လို့ထင်မြင်မိပါတယ်။ Motorolla ဟာ ကိုယ်ပိုင်စမတ်ဖုန်းတွေလည်း ထုတ်လုပ်ခဲ့ဖူးပြီး Motorolla Moto X ကိုလည်း Stock Android UI ထည့်သွင်းပြီး ထုတ်လုပ်ပေးခဲ့ဖူးပါတယ်။

                Lenovo ဟာ စမတ်ဖုန်းတွေစတင်ထုတ်လုပ်ခဲ့တုန်းက Vibe UI ထည့်သွင်းပေးခဲ့ပြီး Android Skin ကို အတော်လေးပြုပြင်ခဲ့သလို Bloatware ပေါင်းများစွာ ပါ၀င်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Vibe Pure UI ကိုထပ်မံထုတ်လုပ်ပေးခဲ့ပြီး Bloatware ထည့်သွင်းထားမှုကိုလည်း လျှော့ချပစ်လိုက်ပါတယ်။ အခုအချိန်မှာတော့ ဘာ Custom UI ကိုမှဆက်လုပ်အသုံးပြုဖို့ဆန္ဒ မရှိတော့ဘဲ Stock Android ကိုသာ သုံးစွဲသွားတော့မှာမို့ Lenovo ဟာလည်း အသွင်တစ်မျိုးနဲ့ စမတ်ဖုန်းစျေးကွက်တွေမှာ မြင်တွေ့လာရဖို့ရှိပါတယ်။

References
Tech Spot Gadgets NDTV
About Author
Assinged Tags
Lenovo K8 Note Lenovo K8 Note Lenovo Vibe UI Lenovo Vibe Pure UI Stock Android UI Stock Android
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed