တန်ဖိုးနည်း Chromebook တွေကို စိန်ခေါ်မယ့် Lenovo ရဲ့ ၁၉၉ ဒေါ်လာတန် Miix 320 လက်ပ်တော့

date_range 28 February 2017

တန်ဖိုးနည်း Chromebook တွေကို စိန်ခေါ်မယ့် Lenovo ရဲ့ ၁၉၉ ဒေါ်လာတန် Miix 320 လက်ပ်တော့

visibility 170 Views

                လက်ပ်တော့တစ်လုံးအတွက် ပိုက်ဆံများများသိပ်မသုံးချင်သူတွေအတွက် Lenovo ရဲ့ Miix လက်ပ်တော့မော်ဒယ်အသစ် ထွက်ရှိလာပါပြီ။

                Lenovo ဟာ လွန်ခဲ့တဲ့နှစ် MWC ပွဲမှာတုန်းက Miix 310 လက်ပ်တော့ကို မိတ်ဆက်ခဲ့သလို၊ ယခု ၂၀၁၇ ခုနှစ် MWC ပွဲမှာလည်း Miix လက်ပ်တော့မော်ဒယ်အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

                Windows 10 တပါတည်းပါဝင်တဲ့ Miix ဟာ တက်ဘလက်အဖြစ်ပါ အသုံးပြုနိုင်တဲ့ 2-in-1 လက်ပ်တော့တစ်လုံးဖြစ်ပြီး၊ မျက်နှာပြင်အကျယ်က ၁၀.၁ လက်မရှိပါတယ်။ တန်ဖိုးနည်းဆိုပေမယ့် Screen Resolution က 1920 x 1200 Full HD အထိရှိပြီး၊ အရင်နှစ်က 1280 x 800 HD Display ထက် ရုပ်ထွက်အရည်အသွေးပိုမိုကောင်းမွန်လာတာတွေ့ရပါတယ်။

                အရည်အသွေးပိုကောင်းလာပေမယ့် စျေးနှုန်းကတော့ အရင်နှစ်မော်ဒယ်ထက်တောင် နည်းသွားပြီး၊ ဒေါ်လာ ၂၀၀ စျေးပဲရှိကာ၊ ယခုလာမယ့် ဧပြီလအတွင်း စျေးကွက်ဝင်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

                အခုစျေးကွက်ထဲမှာ လူကြိုက်များလျက်ရှိတဲ့ Chromebook တွေက စခရင်ဖြုတ်တပ်လို့မရတဲ့ လက်ပ်တော့တွေပဲများတာကြောင့်၊ Lenovo ရဲ့ ယခုလက်ပ်တော့က Chromebook တွေကို အဓိကစိန်ခေါ်မယ့် အလားအလာရှိနေပါတယ်။

                Lenovo Miix 320 မှာ Intel Atom X5 ပရိုဆက်ဆာ၊ 4GB DDR3 Memory နဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်တွေများ အသုံးများတဲ့ 128 GB eMMC Storage ပါဝင်မှာပါ။ CPU က အရမ်းမမြင့်တာကြောင့် သာမန်အင်တာနက်သုံးတာ၊ စာလုပ်တာလောက်ပဲ အဆင်ပြေမှာဖြစ်ပြီး၊ ကောင်းကျိုးတစ်ခုကတော့ ဘက်ထရီသက်တမ်း ၁၀ နာရီလောက်အထိ ခံနိုင်မှာဖြစ်ပါတယ်။

                လက်ပ်တော့မျက်နှာပြင်ကို ဖြုတ်ကာ Touch အသုံးပြုနိုင်တဲ့ Windows တက်ဘလက်အနေနဲ့လည်း အသုံးပြုနိုင်ပြီး၊ မျက်နှာပြင်ဘေးမှာပဲ USB Type-C အပေါက်နဲ့ HDMI တစ်ပေါက်တို့ ပါဝင်မှာပါ။ လက်ပ်တော့ကိုယ်ထည်မှာတော့ USB 2.0 အပေါက်နှစ်ပေါက်ပါရှိပါတယ်။

                အလေးချိန်က မျက်နှာပြင်တပ်ထားမယ်ဆိုရင် ၂.၂၄ ပေါင်ရှိပြီး၊ တက်ဘလက်အနေနဲ့ သုံးမယ်ဆိုရင်တော့ ၁.၂ ပေါင်ပဲရှိမှာပါ။ LTE အသုံးပြုနိုင်တဲ့ မော်ဒယ်လည်း ရွေးချယ်ဝယ်နိုင်မှာဖြစ်တာကြောင့် မိုဘိုင်းအင်တာနက်နဲ့လည်း နေရာမရွေး အင်တာနက်အသုံးပြုနိင်မှာပါ။

                ဂျူလိုင်လထဲမှာ Active Pen အသုံးပြုနိုင်ပြီး၊ Microsoft Office 365 တစ်နှစ်အသုံးပြုခွင့်ပါတဲ့ Mixx 320 ဗားရှင်းနောက်တစ်မျိုးကိုလည်း ထပ်ထုတ်ဖို့ရှိတယ်လို့ သိရပါတယ်။

References
Laptop Mag PC World Lenovo
About Author
Assinged Tags
Windows 10 Lenovo Hybrid Laptop Lenovo Ideapad Miix 320 Lenovo Laptops Tablet
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed