Touchscreen ပါဝင်လာတဲ့ “Echo Show” စမတ်စပီကာကို Amazon တရားဝင်မိတ်ဆက်

date_range 10 May 2017

Touchscreen ပါဝင်လာတဲ့ “Echo Show” စမတ်စပီကာကို Amazon တရားဝင်မိတ်ဆက်

visibility 100 Views

                Amazon ရဲ့ Echo စမတ်စပီကာမျိုးဆက်သစ် “Echo Show” ဟာ ကောလဟာလသတင်းတွေအတိုင်းပဲ Touchscreen Display ၊ ဒေါ်လာ ၂၃၀ စျေးနှုန်းတို့နဲ့ တကယ်ထွက်ရှိလာပါပြီ။

                “Echo Show” လို့ အမည်ပေးထားတဲ့ စမတ်စပီကာမှာ  ၇ လက်မအရွယ် Touchscreen Display ပါရှိလာပြီး၊ ဖုန်းခေါ်တာ၊ Video Call ပြောတာ၊ YouTube ကြည့်တာ စတဲ့ နေ့စဉ်ကျနော်တို့ အသုံးပြုနေကြအရာအားလုံး နီးပါးကို ဒီစမတ်စပီကာနဲ့တင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

                Display မပါတဲ့ ရိုးရိုး Echo စပီကာမှာလိုပဲ Amazon ရဲ့ Digital Assistant “Alexa” လည်း ပါဝင်လာမှာဖြစ်ပြီး၊ လုပ်ဆောင်ချက်အားလုံးကို Touchscreen တောင် သွားနှိပ်စရာမလိုဘဲ အသံနဲ့တင် စေခိုင်းနိုင်မှာဖြစ်ပါတယ်။

                Echo Show မှာ ရာသီဥတုအခြေအနေကြည့်တာ၊ သတင်းတွေဖတ်တာ၊ YouTube နဲ့ Amazon Video တို့က ဗီဒီယိုတွေ ကြည့်နိုင်တာအပြင်၊ တခြား Amazon Services တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဥပမာ Amazon Music က သီချင်းတွေဖွင့်ခိုင်းတာ၊ Amazon အွန်လိုင်းစတိုးက ပစ္စည်းတွေ မှာယူတာတွေ အကုန်လုံးကိုလည်း Echo Show စမတ်စပီကာနဲ့တင် လုပ်ဆောင်နိုင်မှာပါ။

                Amazon ရဲ့ ပြောကြားချက်အရ ယခုစမတ်စပီကာကို Wi-Fi အသုံးပြုနိုင်တဲ့ စမတ်အိမ်သုံးပစ္စည်းတွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပြီး၊ အိမ်တွင်းလုံခြုံရေးကင်မရာကနေ စောင့်ကြည့်တာ၊ စမတ်မီးလုံးတွေကို အသံနဲ့တင် အပိတ်အဖွင့် ထိန်းချုပ်နိုင်တာတွေ လုပ်နိုင်မှာပါ။

                Echo Show ကနေ အသံနဲ့ ဗီဒီယို ဖုန်းခေါ်ဆိုဖို့အတွက်ကတော့ တစ်ဖက်လူကော ကိုယ့်မှာပါ Alexa App ရှိမှ ရမှာဖြစ်ပြီး၊ လောလောဆည်မှာ Skype စတဲ့ Third-Party Communication App တွေကိုတော့ သုံးနိုင်ဦးမှာ မဟုတ်သေးပါဘူး။

                စမတ်စပီကာဆိုတဲ့ နာမည်အတိုင်း အသံအရည်အသွေးအတွက်လည်း အကောင်းဆုံးပြုလုပ်ထားပြီး၊ Dolby ရဲ့ နှစ်လက်မစပီကာနှစ်လုံး၊ 5-megapixel ရှေ့ကင်မရာနဲ့ အသံဖမ်းယူဖို့အတွက် မိုက်ခရိုဖုန်း ရှစ်လုံးတိတိ ပါရှိပါတယ်။ သီချင်းနားထောင်ဖို့အတွက်က Amazon Music အပြင် Pandora, Spotify, iHeartRadio, Tunein စတဲ့ Music Streaming Services တွေက သီချင်းတွေကို အင်တာနက်နဲ့ နားထောင်နိုင်သလို၊ Bluetooth ပါဝင်တာကြောင့် ကိုယ့်ဖုန်းထဲက သီချင်းတွေကိုလည်း Streaming လုပ် နားထောင်နိုင်မှာပါ။

                Amazon ရဲ့ Echo Show စမတ်စပီကာကို ဝယ်ယူချင်တယ်ဆိုရင်တော့ ဂျွန်လ ၂၈ ရက်နေ့ကနေ စတင်ကာ Amazon Website ကနေ ဝယ်ယူနိုင်ပြီဖြစ်ပြီး၊ တန်ဖိုး ၂၃၀ ဒေါ်လာပါ။ လက်ရှိမှာ ပရိုမိုးရှင်းအနေနဲ့ စပီကာနှစ်လုံးကို ၃၆၀ ဒေါ်လာစျေးနဲ့ ဝယ်ယူနိုင်ပါတယ်။

                Amazon ကုမ္ပဏီဟာ ပထမဆုံးမျိုးဆက် Echo စပီကာတွေကို ၂၀၁၄ ခုနှစ်၊နှောင်းပိုင်းမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ အခုအချိန်ထိ US မှာ အဆိုပါစပီကာအလုံးရေ ၁၁ သန်းကျော် ရောင်းချရပြီးဖြစ်တာကြောင့်၊ Display ပါ ပါဝင်လာတဲ့ အခု Echo Show စပီကာကလည်း လူကြိုက်များဦးမှာ သေချာပါတယ်။


References
The Verge
About Author
Assinged Tags
Amazon Gadgets Smart Home Smart Speaker Echo Show Amazon Echo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed