Windows 10 မှာ AI နည်းပညာကို အသုံးပြုပြီး Malware တွေကို တိုက်ခိုက်သွားမည်

date_range 29 June 2017

Windows 10 မှာ AI နည်းပညာကို အသုံးပြုပြီး Malware တွေကို တိုက်ခိုက်သွားမည်

visibility 380 Views

                Microsoft ရဲ့ Windows OS ဟာ အခုတလော Malware တိုက်ခိုက်မှုတွေ ခဏခဏ ခံနေရတာကို သိကြမှာပါ။ မေလတုန်းက WannaCry Ransomware တိုက်ခိုက်မှုနဲ့၊ အခုလက်ရှိမှာလည်း Petya အမည်ရ Ransomware တစ်ခု တိုက်ခိုက်တာခံနေရပါတယ်။

                ဒီလိုတိုက်ခိုက်မှုတွေ ကြုံနေရတာကြောင့် Microsoft ဟာ သူ့ရဲ့ နောက်ဆုံး OS ဖြစ်တဲ့ Windows 10 သုံး ကွန်ပျူတာတွေကို Malware ရန်ကနေ ကာကွယ်ပေးဖို့ စတင်လုပ်ဆောင်လာပြီဖြစ်ပါတယ်။

                Microsoft ရဲ့ ပြောကြားချက်အရ နောက်ထပ်ထွက်ရှိလာမယ့် Windows 10 Update တစ်ခုဖြစ်တဲ့ Windows 10 Fall Creators Update ရဲ့ Windows Defender Advanced Threat Protection ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားဖို့ ရှိပြီး၊ Malware တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့အတွက် Machine Learning နည်းပညာအသစ်ကို ထည့်သုံးသွားဖို့ ရှိတယ်လို့ သိရပါတယ်။


                CNET သတင်းဌာနကို ပြောကြားခဲ့တဲ့ Microsoft ရဲ့ အဆိုအရ Windows 10 OS သုံး ကွန်ပျူတာပေါင်း သန်း ၄၀၀ ကျော်ဟာ လာမယ့် Update ကစပြီး၊ Antivirus အတွက် Machine Learning ကို အဓိကအားထားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Fall Creators Update မှာ Microsoft အနေနဲ့ သူ့ရဲ့ Cloud Programs တွေဖြစ်တဲ့ Azure, Endpoint နဲ့ Office တို့က ရရှိတဲ့ ဒေတာတွေကို Artificial Intelligence Antivirus ဖန်တီးဖို့အတွက် အသုံးပြုသွားမှာဖြစ်ပြီး၊ အဆိုပါ AI ဟာ Apps တွေထဲက မူမမှန်တဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပြီး၊ Malware ဖြစ်နိုင်လားဆိုတာ အလိုအလျောက်စစ်ဆေးပေးသွားမှာဖြစ်တယ်လို့ Windows Enterprise and Security ရဲ့ Program Management Director ဖြစ်သူ Rob Lefferts က ရှင်းပြခဲ့ပါတယ်။

                အဆိုပါ Feature ကို Windows Defender Advanced Threat Protection မှာ ထည့်သွင်းပေးမှာဖြစ်ပြီး၊ နောက်ထပ် Features အသစ်တွေအနေနဲ့ Browser ( Microsoft Edge သီးသန့် ) အတွက် Application Guard ၊ Cloud သုံး Device Guard နဲ့ Exploit Guard တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။


                အကယ်လို့ Malware အသစ်တစ်မျိုးကို ကမ္ဘာ့နေရာတစ်ခုခုက Windows 10 ကွန်ပျူတာ တစ်လုံးမှာ တွေ့ရှိတာနဲ့ အဆိုပါ Malware ကို Cloud ထဲ Quarantine ရွှေ့ပစ်မှာဖြစ်ပြီး၊ တခြား တစ်ကမ္ဘာလုံးက ကွန်ပျူတာတွေမှာလည်း အဆိုပါ Malware မဝင်အောင် ကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ Microsoft မှာ ရှိတဲ့ လုံခြုံရေးပညာရှင်တွေအနေနဲ့ Detect မိတဲ့ Malware အတွက် ကာကွယ်မှုစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်သွားမှာဖြစ်ပြီး၊ Protection ရဖို့အတွက် နာရီအနည်းငယ်တော့ ကြာမြင့်နိုင်တယ်လို့ သိရပါတယ်။

                တကယ်လို့ AI က Malware လို့ သတ်မှတ်လိုက်တဲ့ Program က ကိုယ့်အတွက်အန္တရာယ်မရှိတာ သေချာတဲ့ Program ဆိုရင် User အနေနဲ့ Cloud ထဲက ပြန်ယူနိုင်မလား၊ မနိုင်ဘူးလားဆိုတာကတော့ သေချာမသိရသေးပါဘူး။

                Windows 10 ATP ( Advanced Threat Protection) မှာ ပါဝင်လာမယ့် ယခု Features အသစ်တွေကို Windows 10 Enterprise သုံးတဲ့သူတွေအတွက် အရင်ထုတ်ပေးသွားမှာဖြစ်ပြီး၊ သိပ်မကြာခင်မှာပဲ Home တို့ Pro တို့ သုံးတဲ့ Customer တွေအတွက်လည်း ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီ့အပြင် Microsoft ဟာ Windows Defender ကို Windows အပြင် တခြား Platform တွေအတွက်လည်း ထုတ်ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

References
Cnet Gadgets NDTV
About Author
Assinged Tags
Microsoft Artificial Intelligence Windows 10 Malwares Security Windows Defender Anti-Virus Machine Learning Update Fall Creators Update Windows 10 Fall Creators Update Advanced Threat Protection Cloud
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed