“Mars rover” ရှေ့ပြေးဒီဇိုင်းအသစ်ကို NASA မိတ်ဆက်ပြသ

date_range 12 June 2017

“Mars rover” ရှေ့ပြေးဒီဇိုင်းအသစ်ကို NASA မိတ်ဆက်ပြသ

visibility 250 Views

                Nasa ကနေ မိတ်ဆက်ပြသလိုက်တဲ့ “Mars rover” ဒီဇိုင်းအသစ်ဟာ မသိရင် The Dark Knight Rises ရုပ်ရှင်ကားထဲက Batmobile တစ်စီး အလားပါပဲ။

                မဝေးတော့တဲ့ သက္ကရာဇ် ၂၀၃၀ ခုနှစ်မှာ၊ အင်္ဂါဂြိုလ် (Mars) ပေါ်ကို လူသားတွေ စေလွှတ်ဖို့ ကြံစည်နေတဲ့ Nasa က ဒီ “Mars rover” ကားဒီဇိုင်းသစ်ဟာ လူသားတွေ အမှန်တကယ် Mars ပေါ် ရောက်သွားခဲ့ရင် မောင်းနှင်စီးနင်းနိုင်မယ့် ယာဉ်တစ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

                လောလောဆည်မှာတော့ “Concept” ရှေ့ပြေးဒီဇိုင်းအနေနဲ့သာရှိသေးပေမယ့်၊ Nasa လူသားဝန်ထမ်းတွေ Mars ကို တကယ်ရောက်သွားရင် လိုအပ်လောက်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးဖို့ အထူးဒီဇိုင်းဆွဲထားတာဖြစ်တာကြောင့်၊ ဒီထဲက Design တစ်ချို့ဟာ ၂၀၃၀ ခုနှစ်မှာ တကယ်အသုံးဝင်လာမှာပါ။

                Mars ဂြိုလ်ပေါ်မှာ လက်ရှိရောက်နှင့်နေပြီးသားဖြစ်တဲ့၊ အလိုအလျောက်စူးစမ်းလေ့လာရေးယာဉ် “Curiosity rover” လေးနဲ့ အခု “Mars rover” ဒီဇိုင်းအသစ်တို့ကတော့ လုံးဝကို ကွဲပြားသွားပါတယ်။ Curiosity rover က ချိန်းကြိုးတပ်ကားလေးဖြစ်ပေမယ့်၊ အခုကောင်ကတော့ ခြောက်ဘီးတပ်ကားကြီးဖြစ်ပြီး၊ အထဲမှာ ဓာတ်ခွဲခန်းအပြင်၊ ဆေးဝါးပစ္စည်းကိရိယာအစုံအလင် ပါရှိပါတယ်။

                Mars rover အသစ်ဟာ အမြင့်က ၃ မီတာခန့် ရှိပြီး၊ အရှည် ၇ ပေနဲ့ အကျယ် ၄ ပေ ရှိပါတယ်။ ၇၀၀ ဗို့အား ဘက်ထရီနဲ့ အီလက်ထရစ်မော်တာအင်ဂျင်ပါရှိပြီး၊ စွမ်းအင်အတွက် လိုအပ်တဲ့ ဆိုလာပြားတွေလည်း ပါရှိမှာပါ။ Mars ပေါ်က ကျောက်တုံးကျောက်စိုင်အကြီးကြီးတွေကို ကျော်ဖြတ်မောင်းနှင်ဖို့အတွက် ကြီးမားတဲ့ဘီးကြီး ခြောက်ခု ပါရှိပြီး၊ သဲတွေထဲ မောင်းနှင်တဲ့အခါမှာလည်း ဘီးထဲ သဲတွေ ပိတ်မနေဘဲ အပြင်ပြန်ထွက်သွားအောင်လို့ အပေါက်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။

                အာကာသယာဉ်မှူး ၄ ယောက်အထိ လိုက်ပါနိုင်ပြီး၊ စူးစမ်းရှာဖွေမှုကော လေ့လာစမ်းသပ်မှုကော တပါတည်းပြုလုပ်နိုင်အောင်လို့ ကားကို နှစ်ခြမ်းခွဲထုတ်နိုင်ပါတယ်။ ဓာတ်ခွဲခန်းဖြစ်တဲ့ ကားနောက်ခြမ်းကို လေ့လာစမ်းသပ်မှုတွေ လုပ်ဖို့ သုံးနေချိန်မှာ၊ စူးစမ်းရှာဖွေဖို့အတွက် ကားရှေ့ခြမ်းတစ်ခုပဲ မောင်းနှင်သွားနိုင်ပါတယ်။ ရှေ့ခြမ်းမှာ ရေဒီယိုစနစ်တွေနဲ့ လမ်းညွှန်စနစ်တွေလည်း ပါဝင်တာကြောင့်၊ ဂြိုလ်နီကြီးမှာ စူးစမ်းရှာဖွေဖို့ အသင့်အနေအထားပါပဲ။

                Mars rover ကို Florida မှာရှိတဲ့ Kennedy Space Center ရဲ့ ဧည့်ကြိုစင်တာမှာ ထားရှိပြသထားပြီး၊ ဂျူလိုင်လကနေ သြဂတ်စ်လအတွင်း နောက်ထပ် နေရာအနှံ့အပြားမှာလည်း ပြသသွားဖို့ ရှိတယ်လို့ NASA က ပြောကြားခဲ့ပါတယ်။ ပြီးရင်တော့ Kennedy Space Center မှာပဲ ပြန်ပြသထားမှာဖြစ်တယ်လို့ သိရပါတယ်။


References
Gadgets NDTV BBC
About Author
Assinged Tags
Science Space Travel NASA Mars Mars rover Curiosity rover Automobiles
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed