Moto Z2 Play နှင့်အတူ Moto Mod အသစ်များကို Motorola မိတ်ဆက်

date_range 03 June 2017

Moto Z2 Play နှင့်အတူ Moto Mod အသစ်များကို Motorola မိတ်ဆက်

visibility 2200 Views

                အရင်နှစ်က တဖြည်းဖြည်း အောင်မြင်လာခဲ့တဲ့ Moto Z Play စမတ်ဖုန်းတွေရဲ့ နောက်ဆက်တွဲအဖြစ် Moto Z2 Play ကို Motorola က ကြေညာလိုက်ပါပြီ။ အရင်ထွက်ရှိခဲ့တဲ့ Z Play လိုပဲ Z2 Play ဟာလည်း Moto Mod တွေကို တပ်ဆင်အသုံးပြုပြီး မိမိဖုန်းကို မိမိနှစ်သက်ရာ device တစ်ခုအဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့် မျက်နှာပြင်အရွယ်အစား ၅ ဒဿမ ၅ လက်မရှိတဲ့ အလယ်အလတ်တန်းစား Modular စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

                Z2 Play ဖုန်းတွေကိုတော့ ၄၉၉ ဒေါ်လာ နဲ့ Verizon ဆီကနေ ဝယ်ယူနိုင်မှာဖြစ်ပြီး Verizon Wireless မဟုတ်တဲ့ အခြား network ကို အသုံးပြုချင်တယ်ဆိုရင်တော့ Motorola ရဲ့ ဝက်ဘ်ဆိုက်ကနေတဆင့် ဒီနှစ်နွေရာသီမှာ unlock လုပ်နိုင်မှာပါ။

                Z2 Play အပြင် ထပ်မံပြီး ပွဲထုတ်ခဲ့တာကတော့ Motorola ရဲ့ Z အမျိုးအစား စမတ်ဖုန်းတွေအတွက် Mod လေးခုပဲ ဖြစ်ပါတယ်။ အဲဒါတွေကတော့ JBL SoundBoost 2, Moto TurboPower Pack, Wireless Charging ပါဝင်တဲ့ Moto Style Shell နဲ့ Moto Game Pad တွေပါ။ SoundBoost 2, Moto TurboPower Pack တွေကို ၇၉ ဒဿမ ၉၉ ဒေါ်လာ နဲ့ ရောင်းချပေးမှာပါ။ wireless charging ပါဝင်တဲ့ Style Shell တွေကိုတော့ တစ်ခုကို ၃၉ ဒဿမ ၉၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး အားလုံး ဒီနှစ်နွေရာသီမှာ ဈေးကွက်ပေါ်ကို ရောက်လာမှာပါ။


                Z2 Play က Z Play ထက် ပိုမိုပါးလွှာသွားမှာဖြစ်ပြီး processor ကိုလည်း အဆင့်မြှင့်တင်ထားပါတယ်။ RAM အနေနဲ့လည်း အရင်ကထက် ပိုများလာမှာဖြစ်ပြီး ကင်မရာ အသစ်လည်း ပါဝင်လာမှာပါ။ ကင်မရာအသစ်မှာတော့ f/1.7 aperture lens, dual pixel focusing နဲ့ အလင်းရောင်နည်းတဲ့ အခြေအနေတွေမှာ ရိုက်ကူးနိုင်ဖို့အတွက် အဆင့်မြှင့်တင်ထားတဲ့ laser focus system တို့ပါဝင်တာကြောင့် သုံးစွဲသူတွေ အကြိုက်တွေ့မယ်လို့လည်း ဆိုပါတယ်။ အရင် 3,510mAh ကနေ အခု 3,000mAh ပဲ ပါဝင်တော့မှာဖြစ်လို့ ဘက်ထရီက ၁၅ ရာခိုင်နှုန်းလောက် ပိုသေးသွားမှာဖြစ်ပါတယ်။ ဈေးနှုန်းအရဆိုရင်တော့ Z Play တုန်းကဈေးထက် များတာကိုတော့ တွေ့ရမှာပါ။

                Software ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတချို့ကို ပြုလုပ်ထားပါတယ်။ Android 7.1.1 Nougat ပါဝင်လာမှာဖြစ်ပြီ ညဘက်အချိန်တွေမှာ အပြာရောင်အလင်းထုတ်လွှတ်မှုကို လျှော့ချပေးမယ့် Night Display feature တစ်ခုလည်း ပါဝင်မှာပါ။ ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ လက်ဗွေရာဖတ် စနစ်အပြင် ဖုန်းကို ကိုင်တွယ်စရာ ဒါမှမဟုတ် ဖွင့်စရာမလိုပဲ အသံနဲ့ ချက်ချင်းခိုင်းစေလို့ရမယ့် voice control စနစ်အသစ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။


                အခုထွက်ရှိလာတဲ့ Mod တွေထဲမှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံးနှစ်ခုက TurboPower Pack နဲ့ GamePad တွေပါ။ 

                TurboPower Pack ကတော့ Motorola ရဲ့ အားအမြန်သွင်းစနစ် ပါဝင်တဲ့ portable Mod တစ်ခုပါ။ 3,490 mAh ရှိတဲ့ ဘက်ထရီတစ်လုံးပါဝင်ပြီး ဖုန်းကို 15 Watt နှုန်းနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး သူ့မှာပါဝင်တဲ့ USB Type-C က သူ့ကို မိနစ် ၂၀ ကြာ အားသွင်းရုံနဲ့ ဘက်ထရီရဲ့ ၅၀ ရာခိုင်နှုန်းအထိ ပြန်ပြည့်စေမှာ ဖြစ်ပါတယ်။


                Game Pad ကတော့ အခြား Moto Mod တွေလိုပဲ Moto Z ဖုန်းတွေမှာ တပ်ပြီးအသုံးပြုရမှာ ဖြစ်ပြီးတော့ control stick နှစ်ခု၊ Direction-Pad တစ်ခုနဲ့ ခလုပ် လေးခု ပါဝင်မှာဖြစ်ပါတယ်။ Motorola ရဲ့ ပြောပုံအရ Game Pad ကို Lenovo ရဲ့ လက်အောက်က gaming division နဲ့ အကျိုးတူပူးပေါင်းဖန်တီးထားတာဖြစ်ပြီး သူ့မှာ 1,035 mAh ဘက်ထရီတစ်လုံးပါဝင်တာကြောင့် ဖုန်းရဲ့ ဘက်ထရီထဲက အားကို ယူပြီး သုံးစရာမလိုဘူးလို့  ဆိုပါတယ်။


                SoundBoost 2 Mod ကတော့ အရင်နှစ်က ထွက်ရှိထားတဲ့ SoundBoost နဲ့ feature ပိုင်းမှာ ဆင်တူပေမဲ့ သူကတော့ အရောင် သုံးမျိုးနဲ့ ထွက်ရှိလာပြီး အပေါ်က အဝတ်စလိုမျိုး အစတစ်ခုနဲ့ ဖုံးထားပါတယ်။ ရေစိုလည်း ခံနိုင်မှာဖြစ်တဲ့ SoundBoost 2 ကို JBL ရဲ့ app အသစ်နဲ့ တွဲဖက်အသုံးပြုရမှာဖြစ်ပြီး speaker က ထွက်လာတဲ့ အသံကို လိုသလို ချိန်ညှိပေးနိုင်မှာ ဖြစ်ပါတယ်။


                Wireless charging Moto Shell တွေအနေနဲ့ အရောင်အမျိုးမျိုး၊ ပုံစံအသွင်အပြင်အမျိုးမျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး သူနဲ့အတူ ပါတဲ့ charger နဲ့တွဲဖက်အသုံးပြုရမှာဖြစ်ပါတယ်။ fast wireless charging စနစ်ပါဝင်ပြီး အားသွင်းနှုန်းကတော့ 10 Watt ပါ။


                Motorola အနေနဲ့ ဒီနှစ်ထဲမှာ Mod အသစ်ပေါင်း အနည်းဆုံး တစ်ဒါဇင်လောက် ထွက်ရှိလာမယ်လို့ဆိုထားပြီး ထွက်ရှိဖို့အတွက် ဖုန်းအမျိုးအစား အမြောက်အများလည်း ရှိနေသေးပေမယ့်  ၂၀၁၇ ခုနှစ်အတွက်ကိုတော့ အခုလောလောဆယ်ထိတော့ ဘာသတင်းမှ ထပ်ပြီးမကြားရသေးပါဘူး။ ဒါကြောင့် ဒီနှစ်နွေရာသီမှာတော့ Motorola ဆီက သတင်းတွေ ထပ်ပြီးကြားရဖို့ ရှိနေတယ်လို့ ပြောရမှာပါ။

This Article is Contributed by Min Hein Kyaw
References
The Verge Motorola Phone Arena
About Author
Assinged Tags
Smartphones Motorolla Moto Z2 Play Moto Mods
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed