Android ဖန်တီးသူ Andy Rubin ကနေ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ “Essential” စမတ်ဖုန်း

date_range 31 May 2017

Android ဖန်တီးသူ Andy Rubin ကနေ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်တဲ့ “Essential” စမတ်ဖုန်း

visibility 37230 Views

                Android ပရိတ်သတ်တွေ ရင်ခုန်မျှော်လင့်နေတဲ့ “Essential” စမတ်ဖုန်းကတော့ ယနေ့ညနေ ( မေလ ၃၀ ရက်နေ့) မှာ တရားဝင် ထွက်ရှိလာပြီဖြစ်ပါတယ်။

                “Essential PH-1” လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းကို Android OS ကို ဖန်တီးခဲ့သူ၊ Android Inc. ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Andy Rubin ရဲ့ Essential ကုမ္ပဏီက ထုတ်လုပ်ထားတာဖြစ်ပြီး၊ စမတ်ဖုန်းရဲ့ ဒီဇိုင်း၊ အရည်အသွေးနဲ့ ဆန်းသစ်မှုတို့ကတော့ ပရိတ်သတ်တွေ လုံးဝအကြိုက်တွေ့မှာပါ။

                ပထမဆုံးစျေးနှုန်းက စပြောရမယ်ဆိုရင် Essential စမတ်ဖုန်းဟာ ၆၉၉ ဒေါ်လာအထိ ကျသင့်မှာပါ။ ဒီစျေးနှုန်းဟာ နာမည်ကြီးဖုန်းကုမ္ပဏီကြီးတွေရဲ့ Flagship မော်ဒယ်တစ်ချို့ထက်တောင် စျေးများနေပေမယ့်၊ အဆုံးထိ ဖတ်ကြည့်မယ်ဆိုရင်တော့ မဆိုးဘူးလို့ ထင်မိမှာပါ။

                Essential ကို ကျနော်တို့ အခုမြင်တွေ့နေကြဖုန်းတွေမှာလို အလူမီနီယမ်ကိုယ်ထည်ကို မသုံးထားဘဲ၊ တိုက်တေနီယမ်နဲ့ Ceramic ကို တွဲဖက်အသုံးပြုထားပါတယ်။ ဟုတ်ပါတယ်၊ ဒုံးကျည်တွေ ဆောက်တဲ့နေရာမှာ သုံးတဲ့ တိုက်တေနီယမ်ပါ။ အလူမီနီယမ်ထက် ပိုမိုမာကျော၊ အကြမ်းခံပြီး၊ ခြစ်ရာ၊ အပွန်းအပဲ့၊ ကွေးညွတ်မှု လုံးဝနီးပါး မရှိနိုင်ပါဘူး။ Essential ကုမ္ပဏီရဲ့ အဆိုအရတော့ ဒီဖုန်းအတွက် ဖုန်းကာဗာတောင် မလိုလို့ သူတို့ဆီမှာတောင် ဖုန်းကာဗာ ဝယ်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ Display အတွက်လည်း Corning Gorilla Glass 5 ကို အသုံးပြုထားတာကြောင့် လူတစ်ရပ်လောက်က ဖုန်းလွတ်ကျမှုလောက်ကို ဖြုံမှာမဟုတ်ပါဘူး။

                Display ကတော့ Galaxy S8 လိုမျိုး Bezel-Less Diplay နဲ့ဖြစ်ပြီး၊ Screen Ration 19:10 နဲ့ပါ။ ထူးခြားချက်တစ်ခုက ဖုန်း Display ကို ကိုယ်ထည်ပြည့်အသုံးပြုထားပေမယ့်၊ ဖုန်းရှေ့ကင်မရာကို ဖုန်းအပေါ်ဘက်မှာ မြင်တွေ့နေရဦးမှာ။ Display ကို ဖုန်းရှေ့ကင်မရာနားမှာ ဝိုက်ပြီး တပ်ထားတာကြောင့်ပါ။ ဒါပေမယ့် OS Optimization ကြောင့် Icons ကအစ၊ ဖုန်းအပေါ်ပိုင်း Notifications တိုင်းက ဖုန်းရှေ့ကင်မရာနားမှာ ပေါ်မှာမဟုတ်တာကြောင့်၊ သုံးရတာ သိပ်အခက်အခဲတော့ တွေ့မှာတော့ မဟုတ်လောက်ပါဘူး။ Display Resolution ကတော့ 2560x 1312 pixel QHD ဖြစ်ပြီး၊ Brightness 500 nits ပါ။


                Galaxy S8 တို့ Xiaomi Mi 6 တို့လို Flagship မော်ဒယ်တွေမှာ သုံးထားတဲ့ Snapdragon 835 SoC ၊ 4GB RAM နဲ့ 128GB Internal Storage တို့ ပါဝင်မှာဖြစ်ပါတယ်။ ဘက်ထရီကတော့ 3040mAh ဘက်ထရီဖြစ်ပြီး၊ USB Type-C Port ကနေ Fast Charging အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android-based Ambient OS နဲ့ ဖြစ်ပါတယ်။ Ambient OS အကြောင်းကတော့ သိပ်မသိရသေးပါဘူး။ 

                ဒီဖုန်းမှာ အဓိကထူးခြားချက်လို့ ပြောရမယ့် ဒီဇိုင်းဆန်းသစ်မှုတစ်ခုကတော့ Modular Design ကို ပြန်လည်ဆန်းသစ်ထားတာပါ။ Modular Design ကို LG G5 နဲ့ Motorola Z ဖုန်းတွေမှာ ကျနော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ Essential ဖုန်းရဲ့ ကျောဘက်မှာ Moto Mods တွေလိုမျိုး Magnetic Pins လေးတွေ ပါရှိပါတယ်။ ဒီ Pin နှစ်ခုမှာ Essential Accessories တွေကို သံလိုက်အားနဲ့ တပ်ဆင်အသုံးပြုရမှာပါ။ အခုလောလောဆည် ဒီဖုန်းမှာ တပ်သုံးနိုင်မယ့် ဒေါ်လာ ၅၀ တန် အသေးဆုံး 360-degree ကင်မရာနဲ့ Wireless Docking Station တို့ ရှိပါတယ်။ ကုမ္ပဏီအနေနဲ့လည်း နောက်ထပ်လည်း Magnetic Pins နဲ့ Accessories တွေ ထပ်မံထုတ်လုပ်သွားဖို့ ရှိပြီး၊ Modular Ecosystem တစ်ခု တည်ဆောက်ဖို့ ရှိတယ်လို့ သိရပါတယ်။



                Ports အနေနဲ့တော့ သာမန် 3.5mm Headphone Jack ပါဝင်မှာမဟုတ်ဘဲ၊ USB Type-C ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် 3.5mm to Type C ပြောင်းပေးမယ့် Headphone dongle တစ်ခုကို ဖုန်းရောင်းတဲ့အခါ ဗူးထဲမှာ ထည့်ပေးလိုက်မှာပါ။

                ကင်မရာမှာ မြင်တွေ့နေပြီးဖြစ်တဲ့ Dual-Camera Setup ကို ဖုန်းကျောဘက်မှာ အသုံးပြုထားပါတယ်။ ဒုတိယ ကင်မရာ Lens က Telephoto နဲ့ Bokeh တို့ ရိုက်ဖို့လောက် မဟုတ်ဘဲ၊ Monochrome Sensor အနေနဲ့ အလုပ်လုပ်မှာပါ။ 13MP ကျောကင်မရာနှစ်လုံးစလုံးက Aperture f/1.85 နဲ့ ဖြစ်ပြီး၊ Essential ကုမ္ပဏီကတော့ ဖုန်းကင်မရာတွေထဲမှာ အကောင်းဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။ ကျောကင်မရာကနေ 4K ဗီဒီယိုတွေကို 30 fps ၊ 1080p ဆို 60 fps နဲ့ ရိုက်ကူးနိုင်သလို ရှေ့ကင်မရာကလည်း ဗီဒီယိုတွေကို 4K (30fps) နဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 8MP , f/2.2 ပါ။ 


                Essential ဖုန်းဒီဇိုင်နာတွေဟာ ဒီဇိုင်းပိုင်းကို ဦးစားပေးထားတာကြောင့်၊ Logo ကိုတောင် ဖုန်းမှာ လုံးဝမထည့်သွင်းထားတာလည်း တွေ့ရပါတယ်။

                ဒီဖုန်းကို အနက်ရောင်၊ မီးခိုးရောင်။ အဖြူရောင်နဲ့ အစိမ်းရောင် ကာလာလေးမျိုး ရောင်းချသွားမှာဖြစ်ကာ၊ Essential website ကနေ အခုပဲ Pre-Order တင်နိုင်ပါပြီ။


References
Essential
About Author
Assinged Tags
Android Smartphones Andy Rubin Essenial Essential PH-1
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed