USB-C Port တပ်ဆင်ထားသော Surface Pro Killer သို့မဟုတ် Eve V

date_range 30 May 2017

USB-C Port တပ်ဆင်ထားသော Surface Pro Killer သို့မဟုတ် Eve V

visibility 1360 Views

                Surface တွေမှာ USB-C Port ထည့်ပေးဖို့ကို Microsoft ဘက်က ငြင်းဆန်နေခဲ့ပေမယ့် Eve-Tech ဆိုတဲ့ တက်သစ်စ နည်းပညာကုမ္ပဏီရဲ့ CEO Konstantinos Karatsevidis ကတော့ Microsoft လို မတွေးပါဘူး။ 

                Eve-Tech ကနေ ထုတ်လုပ်လိုက်တဲ့ Eve V ဆိုတဲ့ Convertible Computer သစ်လေးဟာ Microsoft ကို “ကဲ၊ အခုတော့ ဘာပြောချင်သေးလဲ Microsoft?” လို့ ပြောလိုက်သလိုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ Eve V ဟာ USB-C Port နှစ်ခု တပ်ဆင်ထားတဲ့ Surface Pro နဲ့ ဆင်တူနေလို့ ဖြစ်ပါတယ်။


                Microsoft အနေနဲ့ Surface Pro နဲ့ ဆင်တူနေတဲ့ Eve V ကို စိတ်မခုတဲ့အပြင်၊ အထင်ကြီးလေးစားသမှုနဲ့ တိုင်ပေမြို့မှာ မေလ ၃၀ ရက်ကနေ၊ ဂျွန်လ ၃ ရက်နေ့ထိ ကျင်းပမယ့် Computex ဆိုတဲ့ နည်းပညာပွဲကြီးတွင် Eve V ကို Microsoft ရဲ့ ကိုယ်ပိုင် Booth မှာ ပြသသွားမှာဖြစ်ပြီး၊ Keynote မှာလည်း ထည့်သွင်းပြောကြားသွားမှာ ဖြစ်ပါတယ်။


                ဆက်လက်ပြီး Intel ကလည်း Eve V မှာ အသုံးပြုမယ့် CPU ကို ထောက်ပံ့ပေးထားပါသေးတယ်။ Eve V ဟာ Fanless Design ဖြစ်တာကြောင့် Intel Core i5 သို့မဟုတ် Core i7 Y-Series Processor တွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 16GB ရရှိမှာဖြစ်ပြီး ROM ကတော့ 512GB SSD ရရှိမှာပါ။


                ပိုကြီးမားတဲ့ Battery ကို အသုံးပြုမှာဖြစ်တာကြောင့် Surface Pro ထက်တော့ အနည်းငယ်ထူမှာ ဖြစ်ပါတယ်။ Display ကတော့ ၁၂.၃ လက်မ အရွယ်အစားရှိမှာဖြစ်ပြီး 2736x1824 Resolution ရရှိမှာပါ။ မျက်လုံးထိခိုက်မှုမရှိအောင် Display မှာ Anti-Reflective Coating လည်း တပ်ဆင်ပေးထားမှာပါ။


                Pen ကတော့ Surface Pro 2, 3, 4 က Pen တွေနဲ့ဆင်တူပြီး Keyboard မှာလည်း RGB Backlighting ပါရှိပါတယ်။ Trackpad လည်း ပါရှိမှာဖြစ်တဲ့အပြင် Power Button မှာလည်း Fingerprint Sensor ပါရှိပါသေးတယ်။ Port တွေအနေနဲ့ USB-C Port နှစ်ခု၊ ရိုးရိုး USB-A Port နှစ်ခု ပါရှိမှာပါ။


                Eve V ရဲ့ Keyboard မှာ ထူးခြားတာနှစ်ခုရှိပါတယ်။ တစ်ခုကတော့ Backspace Button ပါ။ သာမန် Keyboard တွေကလို Backspace Button ကို Backspace လို့ မပြသထားပဲ “oops!” ဆိုပြီး ပြသထားခြင်းပါ။ နောက်တစ်ခုက V Button ပါ။ V Button ကို English အက္ခရာ V အနေနဲ့ ပြသထားမှာမဟုတ်ပဲ Eve-Tech ရဲ့ Logo လေးနဲ့ ပြသထားမှာ ဖြစ်ပါတယ်။


                နည်းပညာကျွမ်းကျင်သူတွေနဲ့ နည်းပညာ Website တွေဟာ Eve-Tech ကို “OnePlus Of Windows”၊ Eve V ကို “Surface Pro Killer” စသည်ဖြင့် တင်စားခေါ်ဝေါ်နေကြပြီး Surface Pro လို Keyboard နဲ့ Pen ကို သက်သက်ဝယ်ယူစရာမလိုတာရယ်၊ Surface Pro နဲ့ ဈေးအတူတူ (အမေရိကန်ဒေါ်လာ ၇၉၉ ဒေါ်လာ) ပေးရတာတောင်မှ Specs တွေက နှစ်ဆလောက်ကွာနေတာရယ်ကြောင့် အရမ်းတန်တဲ့ Laptop တစ်လုံးလို့လည်း ပြောထားကြပါသေးတယ်။


                Eve V ဟာ အရမ်းတန်တာကြောင့် အရမ်းလည်းအရောင်းသွက်ခဲ့ပါတယ်။ ပထမအသုတ်တုန်းက ၃ နာရီထဲနဲ့ ရောင်းကုန်ခဲ့တာကြောင့် နောက်တစ်သုတ်ရောင်းချမယ့်ရက်ကို သိရှိချင်တယ်ဆိုရင် Sign-Up လုပ်ထားကြဖို့ Eve-Tech ရဲ့ Official Website မှာ ရေးသားထားတာကို တွေ့ရပါတယ်။ နောက်ပြီး Eve V ကို အလုံးရေအကန့်အသတ်နဲ့ ထုတ်လုပ်ရောင်းချမှာဆိုတော့ ဝယ်ယူချင်တယ်ဆိုရင်တောင်မှ အများနဲ့လုပြီး ဝယ်ယူရမှာဖြစ်ပါတယ်။ 

References
The Verge Eve-Tech
About Author
Assinged Tags
Microsoft Intel Surface Pro Eve V Eve-Tech
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed