Machine Learning ကို Support ပေးနိုင်မယ့် Mobile CPU နဲ့ GPU အသစ်တွေကို မိတ်ဆက်လိုက်တဲ့ ARM

date_range 29 May 2017

Machine Learning ကို Support ပေးနိုင်မယ့် Mobile CPU နဲ့ GPU အသစ်တွေကို မိတ်ဆက်လိုက်တဲ့ ARM

visibility 350 Views

                တိုင်ပေမြို့မှာ မေလ ၃၀ ရက်ကနေ၊ ဂျွန်လ ၃ ရက်နေ့ထိ ကျင်းပမယ့် Computex ဆိုတဲ့ နည်းပညာပွဲကြီး မကျင်းပမီမှာ ARM ကုမ္ပဏီအနေနဲ့ မျိုးဆက်သစ် Mobile CPU မော်ဒယ်လ်သစ်နှစ်မျိုးနဲ့ Mobile GPU မော်ဒယ်လ်သစ်တစ်မျိုးတို့ကို မိတ်ဆက်ခဲ့ပါတယ်။

                ARM ရဲ့ မျိုးဆက်သစ် Mobile CPU မော်ဒယ်သစ်တစ်ခုဖြစ်တဲ့ ARM Cortex-A75 ကတော့ Flagship Devices တွေအတွက်ဖြစ်ပြီး၊ ARM Cortex-A55 ကတော့ Mid-Range Devices တွေအတွက် ဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ မျိုးဆက်သစ် CPU တွေဟာ နည်းပညာစိတ်ဝင်စားသူတွေနဲ့ ကျွမ်းကျင်သူတွေကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့တဲ့အချက် ၂ ချက် ရှိပါတယ်။


                ပထမအချက်ကတော့ အခု CPU သစ်နှစ်မျိုးလုံးမှာ DynamIQ လို့ခေါ်တဲ့ ARM ရဲ့ ကိုယ်ပိုင်နည်းပညာသစ်ကို ထည့်သွင်းပေးထားခြင်းပါ။ ဒီနည်းပညာသစ်ဟာ CPU ထဲမှာ ထည့်သွင်းအသုံးပြုမယ့် Cores တွေကို လိုအပ်သလို ပြောင်းလဲနိုင်၊ ပြုပြင်နိုင်ခြင်းကြောင့် Qualcomm တို့၊ TSMC တို့၊ Samsung တို့လို Chipmaker တွေဟာ Core ရှစ်လုံးကို Cluster တစ်ခုထဲမှာတင် ကြိုက်သလို ပေါင်းစပ်၊ တွဲဖက်နိုင်ပြီး Performance, Design, Energy စတာတွေကို Customize လုပ်နိုင်တော့မှာပါ။


                ဆက်လက်ပြီး ဒီ DynamIQ နည်းပညာသစ်ဟာ Cores တွေကို တွဲပေးတဲ့နေရာမှာ 4 Plus 4, 2 Plus 6, 1 Plus 7, 1 Plus 3 စသည်ဖြင့် တွဲပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့၊ Chipmaker တွေက Cortex-A55 Cores ၇ လုံးနဲ့ Cortex-A75 Core တစ်လုံးကို Cluster တစ်ခုထဲမှာတင် ပေါင်းစပ်နိုင်ပြီး Battery Performance နဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျော့ချနိုင်မှာပါ။


                CPU နှစ်မျိုးလုံးဟာ ARM ရဲ့ နောက်ဆုံးပေါ် CPU Architecture ဖြစ်တဲ့ ARMv8.2-A Architecture ကို အသုံးပြုပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ARM အနေနဲ့ Cortex-A75 က အရင် Cortex-A73 ထက် ၂၂% လောက် ပိုကောင်းလာပြီး Memory Bandwidth ကလည်း ၁၆% ပိုလာတယ်လို့ ဆိုထားပါတယ်။


                နောက်ပြီး Cortex-A75 ဟာ 2W လောက်ပဲရှိတဲ့ Power နဲ့တင် အလုပ်လုပ်နိုင်တဲ့အပြင် Screen ကြီးတဲ့ Device တွေအတွက် Extra Performance ၃၀% ကျော် ပေးစွမ်းနိုင်ဦးမှာ ဖြစ်ပါတယ်။ တဖက်မှာလည်း Cortex-A55 ဟာ အရင် Cortex-A53 ထက် Memory Efficiency ၂ ဆလောက် ပိုမိုပေးနိုင်ပြီး Power Efficiency ကလည်း ၁၅% ပိုသွားမှာ ဖြစ်ပါတယ်။


                ဒုတိယအချက်ကတော့ အခု CPU သစ်နှစ်မျိုးလုံးဟာ Hardware ပိုင်းမှာ အခုလက်ရှိ Smarphone လောကမှာ ခေတ်စားနေတဲ့ AI (Artificial Intelligence) နဲ့ ML (Machine Learning) နည်းပညာတွေကို ကောင်းကောင်း Support ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Software ပိုင်းမှာကတော့ ARM ရဲ့ Compute Library ဆိုတဲ့ နည်းပညာကို အသုံးချပြီး AI နဲ့ ML Performance ကို ၁၀ ဆကနေ၊ ၁၅ ဆအထိ တိုးမြှင့်ပေးနိုင်မှာပါ။ ARM အနေနဲ့ နောင်လာမယ့် ၃ နှစ်ကနေ၊ ၅ နှစ်အတွင်း AI နဲ့ ML Performance ကို အဆ ၅၀ ထိ တိုးမြှင့်နိုင်မယ်လို့လည်း ပြောသွားပါသေးတယ်။


                နောက်တစ်ခုကတော့ GPU မျိုးဆက်သစ်ပါပဲ။ နာမည်ကတော့ Mali-G72 လို့ခေါ်ပြီး သေးသေးကွေးကွေး၊ ကျစ်ကျစ်လစ်လစ်နဲ့ ထုတ်လုပ်တဲ့နေရာမှာလည်း ကုန်ကျစရိတ်နည်းပြီး၊ ပိုပြီးကောင်းမွန်တဲ့ Performance ပေးနိုင်အောင် Bifrost Architecture သစ်ကို အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ 

                ဒီ GPU သစ်ဟာလည်း CPU သစ်နှစ်မျိုးလိုပဲ ML အပြင်၊ Graphics အရမ်းမြင့်တဲ့ Mobile Game တွေ၊ Mobile VR တွေကိုလည်း ကောင်းကောင်း Support ပေးနိုင်မှာ ဖြစ်ပါတယ်။ အရင် Mali-G71 နဲ့ယှဉ်မယ်ဆိုရင် ၁.၄ ဆ ပိုမိုကောင်းမွန်ပြီး၊ Power Efficiency ပိုင်းမှာလည်း ၂၅% ပိုကောင်းလာပါတယ်။


                ARM အနေနဲ့ အခုမိတ်ဆက်လိုက်တဲ့ CPU အသစ်နှစ်မျိုးနဲ့၊ GPU သစ်တွေကို လာမယ့် ၂၀၁၈ အစပိုင်းလောက်မှာ ထွက်ရှိလာမယ့် Smartphone တွေမှာ တွေ့မြင်ရဖို့ရှိတယ်လို့ ပြောကြားသွားပါတယ်။ ဒီ CPU နဲ့ GPU အသစ်တွေဟာ ဘယ် Smartphone မှာ စပြီးပါလာမလဲဆိုတာတော့ မသိသေးပေမယ့် စောင့်ကြည့်ရမှာကတော့ ရင်ခုန်ဖို့ကောင်းမှာပါ။

References
Gadgets 360 The Verge ARM
About Author
Assinged Tags
ARM Processor DynamIQ ARM Cortex-A75 Cortex-A55 Compute Library Artificial Intelligence Machine Learning Mobile CPU Mobile GPU Mali-G72
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed