iBooks မှာ Swift App Development သင်ရိုးညွှန်းတမ်းသစ်ကို မိတ်ဆက်လိုက်တဲ့ Apple

date_range 25 May 2017

iBooks မှာ Swift App Development သင်ရိုးညွှန်းတမ်းသစ်ကို မိတ်ဆက်လိုက်တဲ့ Apple

visibility 150 Views

                ဒီနေ့မှာတော့ Apple က Swift App Development သင်ရိုးညွှန်းတမ်းသစ်ကို iBooks မှာ မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။ ဒီသင်ရိုးညွှန်းတမ်းသစ်ကို iBooks မှာ မည်သူမဆိုအခမဲ့ Download ရယူနိုင်ပြီဖြစ်ပြီး သင်ရိုးညွှန်းတမ်းအတွက် ဆရာလမ်းညွှန်လည်း ပူးတွဲပါရှိမှာ ဖြစ်ပါတယ်။

                ဒီသင်ရိုးညွှန်းတမ်းသစ်ဟာ အရင်ထုတ်ပေးပြီးသား Everyone Can Code Series တွေရဲ့ အဆက်လည်း ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ အထက်တန်းကျောင်းတွေနဲ့ အမေရိကန်နိုင်ငံက ဒေသကောလိပ်ခြောက်ကျောင်းမှာ ပညာသင်ကြားနေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ယနေ့ထုတ်လုပ်လိုက်တဲ့ သင်ရိုးညွှန်းတမ်းသစ်နဲ့ ဒီနှစ်ဆောင်းဉီးပေါက်မှာ စတင်သင်ကြားသွားမယ်လို့ သိရပါတယ်။


                Apple အနေနဲ့ Everyone Can Code ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ လူတိုင်း Coding ရေးနိုင်ပြီး၊ ကိုယ်ပိုင် App လေးတွေရေး၊ ရေးသားထားတဲ့ App နဲ့ စီးပွားရေးလုပ်နိုင်ဖို့အတွက် ကူညီချင်ပေးချင်တယ်လို့လည်း သိရပါတယ်။ အခုသင်ရိုးညွှန်းတမ်းသစ်ဟာ တစ်ကမ္ဘာလုံးက ကျောင်းသူ၊ ကျောင်းသားတွေအကုန်လုံးကို Swift ကို အသုံးပြုပြီး ခိုင်မာတဲ့ Programming အခြေခံတွေ ရရှိလာအောင် သင်ပေးနိုင်တယ်လို့ Apple က တာဝန်ရှိသူတွေက ဆိုထားပါတယ်။

                ဒီသင်ရိုးညွှန်းတမ်းသစ်ထဲမှာ Xcode သင်ခန်းစာတွေ၊ Data Types တွေ၊ Variables တွေအတွက် စနစ်တကျပြုစုထားတဲ့ သင်ခန်းစာတွေအပြင်၊ Application Design နဲ့သက်ဆိုင်တဲ့ Elements တွေလည်း ပါရှိမှာဖြစ်ပါတယ်။ ဒါတွေအပြင် ဒီသင်ရိုးညွှန်းတမ်းသစ်ထဲမှာ ကျောင်းသူ၊ ကျောင်းသားတွေအားလုံးအတွက် ခိုင်မာတဲ့ Programming အခြေခံကို ပေးစွမ်းနိုင်တဲ့ သင်ခန်းစာတွေ ပြည့်ပြည့်စုံစုံပါရှိပါတယ်။


                ပထမဆုံးသင်ခန်းစာမှာတော့ အပေါ်ကဓာတ်ပုံမှာ ပြသထားတဲ့အတိုင်းပဲ Swift Playgrounds ကို အသုံးပြုပြီး Screen ကို Tap လုပ်လိုက်တဲ့အခါမှာ Screen ရဲ့ အရောင်ကို အနက်ကနေ၊ အဖြူ၊ အဖြူကနေ၊ အနက်၊ အပြန်အလှန်ပြောင်းလဲပေးနိုင်မယ့် “Flashlight” ဆိုတဲ့ App အသေးစားလေးကို Swift နဲ့ ဘယ်လိုရေးမလဲဆိုတာကို ကျောင်းသူ၊ ကျောင်းသားတွေ လေ့လာသင်ကြားနိုင်ပြီး ဆရာ၊ ဆရာမတွေအတွက်လည်း Grade ဘယ်လိုပေးရမလဲဆိုတဲ့ Guide တွေ၊ ဉာဏ်စမ်းမေးခွန်းလေးတွေ၊ အဲ့ဒီ့မေးခွန်းတွေအတွက် အဖြေလေးတွေ၊ စသည်ဖြင့် စုံစုံလင်လင် ပါရှိတာကို တွေ့ရပါတယ်။

                အခုသင်ရိုးညွှန်းတမ်းသစ်ကို အထက်တန်းကျောင်းတွေမှာ သင်ကြားပြသပေးမယ့်အပြင်၊ အမေရိကန်နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတစ်ချို့မှာ ကာလတစ်ခုအထိ စာချုပ်ဖြင့်အလုပ်လုပ်မယ့် အလုပ်သင်များအတွက်လည်း သင်ကြားပြသပေးသွားမှာဖြစ်တယ်လို့ Apple က ဆိုထားပါတယ်။

                 Apple ရဲ့ CEO Tim Cook ကတော့

“အခုသင်ရိုးညွှန်းတမ်းတွေအကုန်လုံးဟာ အသက်အရွယ်မရွေး Programming ဆိုတာဘာလဲဆိုတာကို လေ့လာသင်ကြားနိုင်မယ့် သင်ရိုးညွှန်းတမ်းတွေပါ။ App Development အလုပ်တွေဟာ အမေရိကန်နိုင်ငံမှာ အရှိန်အဟုန်ပြင်းပြင်း ချီတက်နေပါတယ်။ ဒီလိုအချိန်မျိုးဟာ Apple ဘက်ကလည်း ပါဝင်ကူညီခွင့်ရတာကို ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

ဒေသကောလိပ်တွေဟာ တက်သစ်စလူငယ်လေးတွေ သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အဓိကကျပါတယ်။ Apple အနေနဲ့ အခုထုတ်လုပ်ပေးထားတဲ့ သင်ရိုးညွှန်းတမ်းတွေအကုန်လုံးဟာ အိမ်မက်တွေကို အကောင်အထည်ဖော်ချင်နေတဲ့ လူငယ်လေးတွေအားလုံးအတွက် အထောက်အကူပြုမယ်လို့လည်း မျှော်လင့်ပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

                TechX ပရိသတ်တွေအနေနဲ့ Programming ကို လေ့လာချင်တယ်ဆိုရင် Apple က ထုတ်ပေးထားတဲ့ Everyone Can Code Series တွေကို ဒီလင့်ခ် မှာ အခမဲ့ Download ဆွဲနိုင်ပါတယ်

References
9to5Mac
About Author
Assinged Tags
Tim Cook Swift Playgrounds Xcode Everyone Can Code Series
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed