သားသမီးတွေကို အသက် ၁၄ နှစ် မပြည့်ခင်အထိ ဖုန်းပေးမကိုင်ခဲ့ကြောင်း Bill Gates ဖွင့်ဟ

date_range 25 April 2017

သားသမီးတွေကို အသက် ၁၄ နှစ် မပြည့်ခင်အထိ ဖုန်းပေးမကိုင်ခဲ့ကြောင်း Bill Gates ဖွင့်ဟ

visibility 1650 Views

                နည်းပညာနယ်ပယ်မှာ ဘုရင်တစ်ပါးဖြစ်တဲ့ Microsoft ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ Bill Gates ဟာ ဗြိတိန်သတင်းစာ Daily Mirror နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ကလေးတွေရဲ့ နည်းပညာထိတွေ့မှုကို ကန့်သတ်ထားကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

“ ကျနော်တို့အိမ်မှာ ဘယ်အချိန်နောက်ပိုင်းမှာတော့ စခရင်လုံးဝမကြည့်ရဆိုပြီး အချိန်တစ်ခု သက်သက် သတ်မှတ်ထားပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ကလေးတွေ ညဆို အချိန်တန်တာနဲ့ ကောင်းကောင်းအိပ်ပျော်ပါတယ်” 

လို့ Bill Gates က အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“ ဒါတင်မကသေးဘူး။ ကလေးတွေအနေနဲ့ အိမ်စာတွေလည်း ကောင်းကောင်းလုပ်နိုင်တယ်။ သူတို့ သူငယ်ချင်းတွေနဲ့လည်း ထိတွေ့ဆက်ဆံတဲ့အချိန် ပိုရလာတယ်။ လွန်လွန်ကြူးကြူး သုံးဖြစ်တာမျိုး မရှိတော့ဘူးပေါ့”
“ ကျနော်တို့ဆို တစ်ခုခုစားနေရင်းနဲ့ ဘယ်သူမှ ဖုန်းမသုံးရဘူးလို့ သတ်မှတ်ထားတယ်။ ပြီးတော့ ကျနော့်ကလေးတွေကို အသက် ၁၄ နှစ် မပြည့်ခင်အချိန်ထိ ဖုန်းပေးမကိုင်ခဲ့ဘူး။ အဲ့တုန်းကတော့ တခြားကလေးတွေက အသက်ငယ်ငယ်နဲ့ ဖုန်းကိုင်ရပြီး သူတို့မကိုင်ရတော့ ပူညံပူညံတော့ လုပ်တာပေါ့လေ”

လို့ Bill Gates က ထပ်မံပြောကြားခဲ့ပါတယ်။

                အခုအခါ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ Bill Gates မှာ Jennifer ဆိုတဲ့ အသက် ၂၀ အရွယ် သမီးတစ်ယောက်၊ Rory ဆိုတဲ့ အသက် ၁၇ နှစ်အရွယ် သားတစ်ယောက်နဲ့ အခု အသက် ၁၄ နှစ်ပြည့်သွားပြီဖြစ်တဲ့ Phoebe ဆိုတဲ့ သမီးတစ်ယောက်၊ စုစုပေါင်း သားသမီးသုံးယောက် ရှိပါတယ်။

                Bill Gates အနေနဲ့ သူ့သားသမီးတွေကို ဘာတံဆိပ် ဖုန်းတွေ၊လက်ပ်တော့တွေ ပေးကိုင်ခဲ့လဲဆိုတာ ထုတ်ဖော် မပြောခဲ့ပေမယ့်၊ Bill Gates မိန်းမ Melinda ကတော့ သူ့သားသမီးတွေကို Apple Products တွေ ပေးမကိုင်ကြောင်း အရင်တုန်းက ထုတ်ပြောဖူးပါတယ်။

“ကလေးတွေကတော့ တောင်းတာပေါ့လေ။ ဒါပေမယ့် သူတို့ကို Windows နည်းပညာနဲ့ပဲ ပေးထိတွေ့ထားပါတယ်။ ကျမတို့မိသားစုရဲ့ စည်းစိမ်ချမ်းသာတွေက Microsoft ကုမ္ပဏီကပဲ ရလာတာဆိုတော့ ဘာလို့ တခြားပြိုင်ဘက်ဆီမှာ ပိုက်ဆံသွားပေးနေမှာတုန်း”

ဆိုပြီး BBC ရဲ့ Radio 4 Today အစီအစဉ်မှာ Melinda တစ်ယောက် ပြောဖူးခဲ့ပါတယ်။

                ကိုယ်ကသာ နည်းပညာနယ်ပယ်မှာ ပိုက်ဆံတွေ၊အချိန်တွေ ပုံအောရင်းထားပေမယ့် သားသမီးတွေကိုတော့ နည်းပညာနဲ့ ကန့်သတ်ထားတာ Gates မိသားစုတစ်ခုတည်း မဟုတ်ပါဘူး။ ၂၀၁၀ ခုနှစ်တုန်းက Bill Gates ရဲ့ အချစ်တော် Steve Jobs ကလည်း သူ့ကလေးတွေကို အခုထိ iPad ပေးမကိုင်သေးကြောင်း New York Times သတင်းဌာနကို ပြောကြားခဲ့ဖူးပါတယ်။

References
Gadgets NDTV
About Author
Assinged Tags
Microsoft Smartphones Bill Gates technology
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed