YouTube ဟာ လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက YouTube Channel တွေကနေ ကြော်ငြာထိုးခွင့်ပေးပြီး၊ ပိုက်ဆံရှာလို့ရတဲ့ Partner Program ကို လူတိုင်းအတွက် ဖွင့်ပေးခဲ့ပါတယ်။
ဒီအပြောင်းအလဲဟာ အင်တာနက်သမိုင်းမှာ တော်တော်ကြီးမားတဲ့အပြောင်းအလဲတစ်ခုလို့ ဆိုရမှာပါ။ YouTube မှာ အပျော်တမ်းကနေ Professional ကျကျ ဗီဒီယိုတင်တဲ့လူတွေ ပိုများလာတယ်၊ အကြောင်းအရာ နယ်ပယ်စုံက ဗီဒီယိုတွေ ပေါ်ထွက်လာတယ်။ ကိုယ်ပိုင်ရုပ်ရှင်၊ဗီဒီယိုတွေ ဖန်တီးလာကြတယ်။ တကယ့်ကို ကောင်းတဲ့အပြောင်းအလဲတစ်ခုလို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် အရာရာတိုင်းက အဘက်ဘက်မှာ ပြည့်စုံမှုမရှိသလိုပဲ၊ ဒီ Program မှာလည်း သူ့အားနည်းချက်တွေ ရှိပါတယ်။ ဥပမာအားဖြင့် နာမည်ကြီးသီချင်းတွေ၊ ရုပ်ရှင်ကား Trailer တွေကို ပြန် Upload လုပ်ကြတဲ့လူတွေ ၊တခြား နာမည်ကြီး Youtuber တွေရဲ့ ဗီဒီယိုတွေကို ဖြတ်ညှပ်ကူးယူပြီး ကိုယ့် Channel မှာ ပြန် Upload လုပ်ကြတဲ့လူတွေကလည်း ဒီ Program နဲ့ ပိုက်ဆံရလာကြတယ်။ အမျိုးမျိုးပေါ့။
ဒီလို ပြဿနာလေးတွေ ကြုံတွေ့နေရတဲ့ YouTube အနေနဲ့ အခုအခါမှာတော့ စည်းကမ်းချက်အသစ်တစ်ခု ထုတ်ပြန်လိုက်ပြီး Channel တိုင်းကို ပိုက်ဆံပေးရှာတော့မှာမဟုတ်ပါဘူး။
YouTube ကနေ အခုချမှတ်လိုက်တဲ့ စည်းကမ်းချက်အသစ်မှာတော့ YouTube Channel တစ်ခုအနေနဲ့ Partner Program ဝင်ပြီး ပိုက်ဆံရှာချင်တယ်ဆိုရင် Lifetime Views အနည်းဆုံး ၁၀,၀၀၀ ရှိရမှာဖြစ်ပြီး၊ ၁၀,၀၀၀ ထက်နည်းတဲ့ Channel တွေကို လက်ခံတော့မှာမဟုတ်ပါဘူး။
ဆိုလိုတာက အရင်လို Partner Program ရတဲ့ နိုင်ငံတိုင်းက YouTuber တိုင်း သူတို့ ဗီဒီယိုတွေကနေ ပိုက်ဆံရှာနိုင်တော့မှာမဟုတ်ဘဲ၊ အနည်းဆုံး Lifetime Views ၁၀,၀၀၀ ပြည့်အောင် အရင်ကြိုးစားရမှာဖြစ်ပါတယ်။
Lifetime Views ဆိုတာကြောင့် ဗီဒီယိုတစ်ခုချင်းစီမှာ Views ၁၀,၀၀၀ ရှိရမှာမဟုတ်ဘဲ၊ Channel တစ်ခုလုံးအနေနဲ့ စုစုပေါင်း Views ၁၀,၀၀၀ ရှိရမှာပါ။
Lifetime Views ၁၀,၀၀၀ ဆိုတာက တကယ်စဉ်းစားကြည့်ရင် သိပ်တော့ မများတာကြောင့် အောင်မြင်ပြီးသား Channel တွေ၊ အိုင်ဒီယာကောင်းကောင်းနဲ့ ဗီဒီယိုဖန်တီးတတ်သူတွေအနေနဲ့တော့ ပြဿနာသိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ဖက်ကကြည့်ပြန်ရင်လည်း လူစိတ်ဝင်စားမှုနည်းတဲ့အကြောင်းအရာတွေကို သေချာလေ့လာပြီး ဗီဒီယိုဖန်တီးတင်ဆက်နေသူတွေအတွက်တော့ ဒုက္ခရောက်နိုင်ပါတယ်။
ယခုစည်းကမ်းချက်အသစ်ဟာ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ကနေ စတင်အကျုံးဝင်မှာပါ။
လောလောဆည်အချိန်ထိတော့ Lifetime Views ၁၀,၀၀၀ မပြည့်သေးတဲ့ Channels တွေကိုလည်း Partner Program ထဲမှာ လက်ခံနေဆဲဖြစ်ပြီး၊ ဧပြီလ ၆ ရက်နေ့နောက်ပိုင်းမှ အသစ်လျှောက်ထားမယ်ဆိုရင်တော့ သူ့ စည်းကမ်းချက်ပြည့်မှ လက်ခံတော့မှာဖြစ်ပါတယ်။
ဒီစည်းကမ်းချက်ကို ကျနော်တို့ မြန်မာနိုင်ငံက YouTuber တွေအနေနဲ့တော့ ကြောက်စရာ မလိုပါဘူး။ ဘာလို့လည်းဆိုတော့ Partner Program က အစကတည်းက ကျနော်တို့ နိုင်ငံမှာ မရတာကြောင့် ဘာမှ ထူးခြားမှာ မဟုတ်ပါဘူး။
Join Us On