“Arbo” Digital Assistant ပါဝင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ပြီး၊ AI ပြိုင်ပွဲထဲ ဝင်ရောက်လာပြီဖြစ်တဲ့ Panasonic

date_range 28 March 2017

“Arbo” Digital Assistant ပါဝင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ပြီး၊ AI ပြိုင်ပွဲထဲ ဝင်ရောက်လာပြီဖြစ်တဲ့ Panasonic

visibility 550 Views

                ဂျပန်အီလက်ထရောနစ်ကုမ္ပဏီ Panasonic ဟာ Eluga စီးရီး စမတ်ဖုန်းအသစ်နှစ်မျိုးကို တနင်္လာနေ့က အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။

                Eluga Ray Max နဲ့ Eluga Ray X လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းနှစ်မျိုးမှာ Panasonic ကုမ္ပဏီရဲ့ “Arbo” Digital Assistant ပထမဆုံးအနေနဲ့ ပါဝင်လာပြီး၊ Arbo ဟာ User ရဲ့ အသုံးပြုမှုပုံစံအလိုက် တိုးတက်ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

                Panasonic Eluga Ray Max ဖုန်းကို Storage မော်ဒယ်နှစ်မျိုးနဲ့ ရရှိမှာဖြစ်ကာ 32GB မော်ဒယ်က ရူပီး ၁၁,၄၉၉ (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) စျေးနှုန်းရှိပြီး၊ 64GB မော်ဒယ်ကတော့ ရူပီး ၁၂,၄၉၉ ( မြန်မာငွေ ၂ သိန်း ၇ သောင်းခန့်) ရှိမှာဖြစ်ပါတယ်။ မျက်နှာပြင်အနည်းငယ်ပိုကြီးတဲ့ Eluga Ray X စမတ်ဖုန်းကတော့ ရူပီး ၈.၉၉၉ (မြန်မာငွေ ၂ သိန်း ခန့်) သာရှိပါမယ်။

                Eluga Ray Max နဲ့ Ray X ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ “Arbo” လို့ နာမည်ပေးထားတဲ့ Digital Assistant အသစ်ပါ။ Arbo မှာ Machine Learning နည်းပညာကို အသုံးပြုထားပြီး၊ User ရဲ့ အသုံးပြုမှုပုံစံ အပြင် အချိန်နဲ့ တည်နေရာကို လိုက်ကာ User အတွက် အသုံးဝင်မယ့်အရာတွေကို ရွေးချယ်ဖော်ပြပေးနိုင်ပါတယ်။ ဥပမာ - ကိုယ်က အင်္ဂါနေ့တိုင်း နေ့လည်လောက်မှာ Pizza မှာစားနေကြဆိုရင်၊ အင်္ဂါနေ့ ရောက်တာနဲ့ Arbo က ကိုယ့်ကို Notifcation ပို့ပေးနေမှာဖြစ်ပါတယ်။ ဒီအတိုင်းပဲ ကိုယ် သုံးနေကြ Apps တွေ၊ Settings တွေကိုလည်း မှတ်ထားနိုင်ပြီး၊ ပြန်လည် Suggest လုပ်ပေးမှာဖြစ်ပါတယ်။

                ဒီ့အပြင် Location တစ်ခုခုမှာ ကိုယ့်ဖုန်းကို သုံးလေ့ရှိတဲ့ပုံစံကို Arbo လေ့လာမှတ်သားထားပြီး၊ User ကို Suggest လုပ်ပေးမှာပါ။ ဥပမာ - အိမ်ပြန်ရောက်လို့ ဖုန်းကို Bluetooth Speaker နဲ့ ချိတ်ဖွင့်နေကြဆိုရင်၊ နောက် အိမ်ပြန်ရောက်တာနဲ့ အဆိုပါ Speaker ကို Connect လုပ်ဖို့ Auto-Suggestion တက်လာမှာဖြစ်ပါတယ်။
Panasonic အနေနဲ့ “Arbo” ကို ခြောက်လတစ်ကြိမ် Updates ပြုလုပ်ကာ ပိုမိုကောင်းမွန်အောင် ဖန်တီးဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

                “Arbo” ဟာ ဖုန်းထဲမှာ App တစ်ခုအနေနဲ့ ပါဝင်လာမှာဖြစ်ပြီး၊ Gmail အကောင့်နဲ့ ဝင်ရောက်အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် User တစ်ယောက်အနေနဲ့ “Arbo” ပါတဲ့ Panasonic ဖုန်းတစ်လုံးကို တစ်ကြိမ်ကိုင်ပြီးလို့၊ တစ်ချိန်မှာ နောက်မော်ဒယ်တစ်မျိုး ပြောင်းသုံးမယ်ဆိုရင်တောင် အစကနေ ပြန် Configure လုပ်စရာမလိုဘဲ၊ Arbo က ကိုယ့်ကို မှတ်မိနေမှာပါ။

                Eluga Ray X ဖုန်းမှာ ၅.၅ လက်မရှိတဲ့ full HD Display ကို အသုံးပြုထားပြီး၊ 1.3GHz MediaTek quad-core Processor နဲ့ ဖြစ်ပါတယ်။ RAM အနေနဲ့ 3GB ပါရှိပြီး၊ Android 6.0 စနစ်နဲ့ဖြစ်ကာ ဘက်ထရီကတော့ 4,000mAh ဘက်ထရီ ပါဝင်မှာပါ။

                Eluga Ray Max က မျက်နှာပြင်နည်းနည်းပိုသေးပြီး၊ ၅.၂ လက်မအကျယ် Full HD Display နဲ့ ဖြစ်ပါတယ်။ ဒီဖုန်းမှာတော့ 1.4GHz Snapdragon octa-core Processor နဲ့ ဖြစ်သွားပြီး၊ 4GB RAM ၊ 3000mAH ဘက်ထရီတို့ ပါဝင်မှာပါ။ Android 6.0 နဲ့ပဲဖြစ်ကာ Qualcomm ရဲ့ Quick Charge 3.0 နည်းပညာ အသုံးပြုနိုင်တယ်လို့ ဆိုထားတာကြောင့် Processor ကတော့ 430 ဒါမှမဟုတ် 620 လောက် ဖြစ်နိုင်ပါတယ်။

                ယခုနှစ်အတွင်းမှာ စမတ်ဖုန်းကုမ္ပဏီတွေဟာ AI နည်းပညာအသုံးပြုထားတဲ့ ကိုယ်ပိုင် Digital Assistant တွေကို အပြိုင်အဆိုင် ထုတ်လုပ်နေကြတာကြောင့် ၂၀၁၇ ခုနှစ်ရဲ့ စမတ်ဖုန်း Trend ဟာ Digital Assistant လို့ ပြောရမှာပါ။  

References
Gadgets NDTV Live Mint
About Author
Assinged Tags
Artificial Intelligence Digital Assistant Smartphones Panasonic Arbo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed