VR ပိုင်းမှာ ရင်းနှီးမြှပ်နှံဖို့အတွက် နောက်ထပ်စမတ်ဖုန်းစက်ရုံတစ်ရုံကို ရောင်းချလိုက်ပြန်တဲ့ HTC

date_range 17 March 2017

VR ပိုင်းမှာ ရင်းနှီးမြှပ်နှံဖို့အတွက် နောက်ထပ်စမတ်ဖုန်းစက်ရုံတစ်ရုံကို ရောင်းချလိုက်ပြန်တဲ့ HTC

visibility 1100 Views

                အစောဆုံးစမတ်ဖုန်းထုတ်လုပ်သူကုမ္ပဏီဖြစ်တဲ့ HTC ရဲ့ အနာဂတ်ကတော့ Virtual Reality (VR) နည်းပညာအပေါ် အဓိက အားကိုးမယ့်ပုံပါပဲ။

                HTC ကုမ္ပဏီဟာ တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့က ၂၈ ဧက အကျယ်ရှိတဲ့ ကုမ္ပဏီပိုင် စမတ်ဖုန်းစက်ရုံကြီးကို Xingbao Information Technology ကို ရောင်းချတော့မှာဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

                HTC ဟာ အဆိုပါစက်ရုံရောင်းချလို့ ရရှိမယ့်ငွေ ဒေါ်လာ ၉ မီလီယံခန့်ကို VR နည်းပညာပိုင်းမှာ ပြန်လည်အသုံးချသွားမှာဖြစ်ကြောင်း ထိုင်ဝမ်သတင်းမီဒီယာတစ်ခုကို ပြောကြားခဲ့ပါတယ်။

                HTC ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း၊ ထိုင်ဝမ်မှာရှိတဲ့ စက်ရုံတစ်ခုကို ဒေါ်လာ ၁၈၃ သန်းနဲ့ ရောင်းချခဲ့ပါသေးတယ်။

                စမတ်ဖုန်းစက်ရုံနှစ်ရုံတောင် ရောင်းချလိုက်တယ်ဆိုတာကြောင့် HTC စမတ်ဖုန်းပရိတ်သတ်တွေ စိတ်မပျက်ပါနဲ့ဦး။ HTC ရဲ့ တရားဝင်ပြောကြားချက်အရ အခုစက်ရုံကို ရောင်းချလိုက်တာဟာ ကုမ္ပဏီရဲ့ စမတ်ဖုန်းစျေးကွက်ကို လုံးဝထိခိုက်မှာမဟုတ်ဘဲ၊ ဒီစက်ရုံဟာ တရုတ်ပြည်တွင်းမှာ ရောင်းချမယ့် စမတ်ဖုန်းတွေကိုပဲ အဓိကထုတ်ပေးတဲ့စက်ရုံ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိလည်း ထိုင်ဝမ်မှာ HTC စက်ရုံသုံးရုံ ကျန်သေးတာကြောင့်၊ HTC စမတ်ဖုန်းတွေကို နောက်မမြင်ရဖို့ကတော့ စိုးရိမ်စရာမလိုပါဘူး။

                အခုရောင်းချလိုက်တဲ့ ရှန်ဟဲစမတ်ဖုန်းစက်ရုံဟာ ၂၀၀၉ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး၊ HTC နာမည်ကြီးချိန် ၂၀၁၁ ခုနှစ်လောက်မှာ တစ်လကို တရုတ်ပြည်တွင်းအတွက်ပဲ စမတ်ဖုန်းအလုံးရေ ၂ သန်းလောက် ထုတ်လုပ်ပေးနိုင်ခဲ့တဲ့ စက်ရုံဖြစ်ပါတယ်။

                ဒါပေမယ့် ၂၀၁၃ ခုနှစ်ကစပြီး၊ HTC နာမည် နည်းနည်းကျလာချိန်မှာတော့ ဝယ်လိုအားလည်း ကျဆင်းလာပြီး၊ စက်ရုံရဲ့ ထုတ်လုပ်တပ်ဆင်ရေးဌာန တော်တော်များများ ရပ်ဆိုင်းခဲ့ရပါတယ်။ ဒီအတွက်ကြောင့် HTC ကုမ္ပဏီဟာ အဆိုပါစက်ရုံရဲ့ လုပ်သားအင်အားကို ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ တဖြည်းဖြည်းလျော့ချခဲ့ပြီး၊ လိုအပ်တဲ့ ထုတ်လုပ်ရေးပိုင်းတစ်ချို့ကို ကန်ထရိုက်ထုတ်လုပ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Compal Electronics နဲ့ Wingtech ကုမ္ပဏီတို့ထံ ပြန်လည်အပ်နှံခဲ့ရပါတယ်။

                HTC က စမတ်ဖုန်းတွေ ဆက်ထုတ်ဦးမှာပါလို့ ဆိုပေမယ့်လည်း၊ ကုမ္ပဏီရဲ့ အဓိကအနာဂတ်ကတော့ VR Technology မှာပဲ ဖြစ်လောက်ပါတယ်။

                လောလောဆည်မှာလည်း HTC က ထုတ်ထားတဲ့ Vive VR Headset တွေက ရောင်းကောင်းတဲ့အခြေအနေမှာရှိပြီး၊ ၂၀၁၆ ခုနှစ်မှာ ပစ္စည်းအရေအတွက် ၄ သိန်းခွဲလောက် တင်ပို့ရောင်းချခဲ့ရပါတယ်။ Vive VR တစ်ခုကို ဒေါ်လာ ၈၀၀ လောက်နဲ့ ရောင်းချတာဖြစ်တာကြောင့် ဒေါ်လာ သန်း ၃၆၀ ဖိုးလောက် ရောင်းချထားရတာပါ။

                HTC အနေနဲ့ စမတ်ဖုန်းတွေအတွက် သီးသန့် VR Headset တစ်ခုကိုလည်း ထပ်မံထုတ်လုပ်နေကြောင်း သတင်းရရှိထားပါတယ်။


References
Android Authority Android Headlines
About Author
Assinged Tags
Virtual Reality Smartphones HTC HTC Vive
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed