Windows 10 ရဲ့ File Explorer အထိပါ ကျူးကျော်ဝင်ရောက်နေပြီဖြစ်တဲ့ Microsoft ရဲ့ ကြော်ငြာများ

date_range 10 March 2017

Windows 10 ရဲ့ File Explorer အထိပါ ကျူးကျော်ဝင်ရောက်နေပြီဖြစ်တဲ့ Microsoft ရဲ့ ကြော်ငြာများ

visibility 350 Views

                Microsoft ရဲ့ အခုလုပ်ရပ်ကတော့ Windows 10 အသုံးပြုသူတော်တော်များများကို ဒေါသထွက်စေမှာဖြစ်ပြီး၊ တစ်ချိန်မှာ Windows OS သုံးဖို့ စဥ်းစားရလောက်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

                အခုဖြစ်ရပ်မတိုင်ခင်ကတည်းက Microsoft ဟာ Windows 10 ရဲ့ Start Menu မှာ ကြော်ငြာတွေ ထည့်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Start Menu မှာ ကြော်ငြာတွေ ပြတာက ကျနော့်ကိုယ်ပိုင်အမြင်နဲ့ဆို လုံးဝမကြိုက်ပေမယ့် နည်းနည်းတော့ လက်သင့်ခံနိုင်ပါသေးတယ်။ အခုလိုမျိုး File Explorer ထဲအထိပါ ကြော်ငြာတွေ လိုက်ပြနေတာကတော့ တော်တော်စိတ်ခုစရာပါ။

                မကြာသေးမီကတင် Windows 10 OS အသုံးပြုသူတော်တော်များများဟာ File Explorer ကို ဝင်လိုက်ရင် Microsoft ရဲ့ Cloud Storage ဝန်ဆောင်မှုဖြစ်တဲ့ OneDrive ကို Sign Up လုပ်ဖို့ ကြော်ငြာတွေကို မြင်တွေ့ခဲ့ရကြောင်း သတင်းပေးပို့လာပါတယ်။ Twitter မှာလည်း ဒီကြော်ငြာကိစ္စကို ဝိုင်းဝေဖန်နေကြပါတယ်။

                ကြော်ငြာပြတဲ့နေရာက ပုံမှာမြင်ရတဲ့အတိုင်း “Quick Access” စခရင်ရဲ့ အပေါ်ဆုံး နေရာမှာပါ။ 


                ဒီနေရာမှာ မေးစရာတစ်ခုရှိပါတယ်။ OneDrive ကို သုံးဖို့အတွက် Microsoft က ရိုးရိုးသားသား Suggest လုပ်တာကော မဖြစ်နိုင်ဘူးလားလို့ပါ။ အခုမြင်တွေ့ရတဲ့ OneDrive (ကြော်ငြာ) မှာ ဒီ Service ရဲ့စျေးနှုန်းကို ဦးစားပေးဖော်ပြထားတာ တွေ့ရမှာဖြစ်ပြီး၊ လူတွေအနေနဲ့ ကလစ်နှိပ်ချင်လာအောင် “Learn More” တွေ ဘာညာသရကာ လျှောက်ထည့်ထားပါတယ်။

                အခုလောလောဆည်မှာ Windows 10 အသုံးပြုသူတွေအတွက် အသုံးဝင်တယ်လို့ ဆိုနိုင်တဲ့ OneDrive ကြော်ငြာဟုတ်ပေမယ့်၊ နောက်ပိုင်းမှာ တခြား Third-party Services တွေရဲ့ ကြော်ငြာတွေပါ မပြလာဘူးလို့ ဘယ်သူမှ အာမခံနိုင်မှာမဟုတ်ပါဘူး။

                Windows OS ကို ပိုက်ဆံလည်း ပေးသုံးရသေးတယ်၊ ကြော်ငြာတွေလည်း ပြတယ်ဆိုရင်တော့ မဟုတ်သေးပါဘူး။ ကျနော်တို့နိုင်ငံမှာ ပိုက်ဆံပေးသုံးဖို့ အကြောင်းကြောင်းကြောင့် အဆင်မပြေသေးတာတွေ ရှိတာကြောင့် Cracked Windows တွေ သုံးနေရတယ်ဆိုပေမယ့်၊ တစ်ချိန်မှာ အားလုံး တရားဝင်သုံးလာနိုင်တဲ့အခါကျရင် ဒီ ကြော်ငြာတွေကို ဘဝင်မကျဖြစ်မိကြမှာပါ။

                ယခုကိစ္စနဲ့ ပတ်သတ်ပြီး The Verge သတင်းဌာနကို ပေးပို့ခဲ့တဲ့ Microsoft ရဲ့ အီးမေးလ်အရ OneDrive pop-up ပေါ်လာတာက “Tip” အနေနဲ့သာ ဖြစ်ပြီး၊ မကြိုက်ရင် ပိတ်ထားလို့ရတယ်လို့ ဆိုပါတယ်။

                ဒါတွေကို ပိတ်လို့ရတယ်ဆိုပေမယ့်၊ သာမန်အသုံးပြုသူတစ်ယောက်က ပိတ်တတ်မှာမဟုတ်ပါဘူး။ ဒီ့အပြင် User ကို ပထမဆုံးအနေနဲ့ Choice မပေးဘဲ၊ ကြော်ငြာတန်းထိုးပြီးမှ ပိတ်လို့ရပါတယ်ဆိုတာကတော့ သိပ်မမိုက်ပါဘူး။

                လက်ရှိ ကျနော်တို့သုံးနေကြတဲ့ Operating Systems အကုန်လုံးနီးပါးက Ads free တွေဖြစ်ပြီး၊ Windows ကျမှ ဒီပြဿနာ လာကြုံနေရတာပါ။

                တကယ်လို့ ခင်ဗျားလည်း Windows 10 OS အသုံးပြုသူတစ်ယောက်ဖြစ်ပြီး၊ ဒီလိုကြော်ငြာတွေကို မမြင်ချင်ဘူးဆိုရင် ပိတ်နိုင်မယ့်နည်းလမ်းကို ကျနော်တို့ မကြာမီတင်ဆက်ပေးပါ့မယ်။

References
The Verge
About Author
Assinged Tags
Microsoft Windows Windows 10 Operating System
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed