Google ကထုတ်လုပ်ခဲ့တဲ့ Pixel နဲ့ Pixel XL ဖုန်းတွေဟာ ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးဖုန်းတွေလို့တောင် ပြောလို့ရပေမယ့် အပြစ်အနာအဆာ အနည်းငယ်ကတော့ ရှိတတ်ပါတယ်။ တရားဝင်ရောင်းချလိုက်တဲ့ အချိန်ကစလို့ Google ခဗျာမှာလည်း Battery ပြဿနာတွေ၊ Speaker အသံကွဲတဲ့ ပြဿနာတွေ၊ Camera ပြဿနာ၊ စတဲ့ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုလည်း လာပြန်ပါပြီ။ Pixel သုံးတဲ့တစ်ချို့ User တွေက သူတို့ရဲ့ Pixel ဖုန်းတွေမှာ Microphone ပြဿနာတက်နေပါတယ်လို့ Report လုပ်လာကြပါတယ်။ ဒီပြဿနာဟာ Pixel ဖုန်းတွေမှာမှ မဟုတ်ပါဘူး၊ Pixel XL တွေမှာပါ ဖြစ်နေတာပါလို့လည်း Report လုပ်ထားကြပါတယ်။
User Fault တစ်ခုမှမပါပဲ Pixel နဲ့ Pixel XL မှာ တပ်ဆင်ထားတဲ့ Microphone တွေဟာ တစ်ခါတစ်လေ အလုပ်မလုပ်တော့ပါဘူး။ တစ်ခါတစ်လေ ထဖြစ်တာဆိုပေမယ့်လည်း တစ်ချို့တစ်ချို့၊ ဖုန်းနဲ့ပဲ အလုပ်လုပ်နေကြရတဲ့ သူတွေအတွက်ကတော့ တိုင်ပတ်ပါတယ်။
Google ရဲ့ တရားဝင် Support Forum မှာလည်း Report တွေပလူပျံနေပါတယ်။ Google က တာဝန်ရှိသူများကလည်း ဒီပြဿနာဟာ User Fault ကြောင့်ဖြစ်တာမဟုတ်ဘူးလို့ ဝန်ခံထားပြီး၊ နည်းပညာပိုင်းဆိုင်ရာတွေအတွက် အကူအညီ ပေးသွားမယ်လို့လည်း သိရပါတယ်။
Google မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Brian Rakowski ကတော့ အခုဖြစ်နေတဲ့ ပြဿနာနဲ့ပက်သက်ပြီး
“ဒီပြဿနာဟာ Pixel နဲ့ Pixel XL မှာတပ်ဆင်ထားတဲ့ Mic သုံးလုံးကို ခဲဆော်ထားတဲ့ နေရာကဖြစ်တာပါ။ ဖုန်းကို သုံးတာကြာတဲ့အခါမှာ ထွက်ရှိလာတဲ့ အပူချိန်က ဆော်ထားတဲ့ခဲကြောင်းကို အက်သွားအောင်လုပ်ပစ်ပါတယ်။ ခဲကအရည်ပျော်သွားတာ မဟုတ်ပဲ အက်ရုံလေးပဲအက်သွားတာဆိုတော့ အသုံးပြုနေသူကို အမြဲဒုက္ခပေးနေမှာပါ။ ဒီပြဿနာဟာ ရောင်းထွက်ပြီးသား Pixel နဲ့ Pixel XL ဖုန်းတွေရဲ့ ၁% လောက်မှာသာ ဖြစ်နေတာဖြစ်ပြီး၊ ဝယ်ပြီးပြီးခြင်းမှာတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဝယ်ပြီး လပိုင်းလောက်ကြာမှသာ ဖြစ်မှာပါ။ ဖုန်းလွတ်ကျသွားရင်လည်း ဒီပြဿနာဖြစ်နိုင်ပါတယ်”
လို့ပြောထားပါတယ်။
သူကပဲ ဆက်လက်ပြီးတော့ ဒီလိုဖြစ်နေတဲ့ဖုန်းတွေကို Google Customer Service ကို ဆက်သွယ်ပြီး ပြုပြင်နိုင်ပါတယ်။ ပြုပြင်ချင်တဲ့ဖုန်းဟာ Warranty တော့ရှိရဦးမှာ ဖြစ်ပါတယ် လို့လည်း ပြောထားပါသေးတယ်။ Google က တာဝန်ယူပြင်ပေးမှာ ဖြစ်တဲ့အတွက် အခုဖြစ်နေတဲ့ ပြဿနာကို ပြဿနာလို့တော့ ခေါ်လို့မရတော့ဘူးထင်ပါတယ်။
 
             
	 
      			 
      			 
      			 
      			 
                     
                         
                         
                         
                         
                         
                             
                             
                             
                             
                             
             
             
             
             
            
Join Us On