ဗီဒီယိုထဲမှာပါတဲ့ အရာဝတ္ထုပစ္စည်းတွေကို အလိုအလျောက်ခွဲခြားသိမြင်နိုင်တဲ့ Google ရဲ့ Machine Learning API အသစ်

date_range 09 March 2017

ဗီဒီယိုထဲမှာပါတဲ့ အရာဝတ္ထုပစ္စည်းတွေကို အလိုအလျောက်ခွဲခြားသိမြင်နိုင်တဲ့ Google ရဲ့ Machine Learning API အသစ်

visibility 190 Views

               ဆန်ဖရန်စစ္စကိုမြို့မှာ မနေ့က ကျင်းပခဲ့တဲ့ Google ရဲ့ Cloud Next ညီလာခံမှာ Google Cloud ဌာနရဲ့ Machine Learning နဲ့ Artificial Intelligence ပိုင်းဆိုင်ရာ ဦးဆောင်သိပ္ပံပညာရှင်ဖြစ်သူ Fei-Fei Li တစ်ယောက် စင်ပေါ်တက်ရောက်ပြီး၊ AI နည်းပညာအကြောင်း စုံစုံလင်လင်ပြောကြားသွားခဲ့ပါတယ်။

                Google ဟာ Machine Learning ( ကွန်ပြူတာရဲ့ အလိုအလျောက် သင်ယူလေ့လာနိုင်စွမ်း)  နည်းပညာအတွက် ဒေါ်လာဘီလီယံ ၃၀ လောက် အသုံးပြုထားကြောင်းနဲ့ ၊ AI နည်းပညာသုံး Applications တွေရဲ့ လက်ရှိအခြေအနေတွေနဲ့ အနာဂတ်မှာဖြစ်လာနိုင်မယ့် အခြေအနေတွေအကြောင်း သူမ အရင်ပြောပြပါတယ်။

                ဒီနည်းပညာတွေဟာ မောင်းသူမဲ့ကားတွေကနေ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေအပြင်၊ နောက်ဆုံး Snapchat filter တွေနဲ့ Google ရဲ့ Photo Search တွေအထိပါ ထိထိရောက်ရောက်အသုံးပြုနိုင်မယ့် နည်းပညာတွေပါ။

                ဒါပေမယ့် ဒီပွဲမှာ တကယ်တမ်း ပွဲလာပရိတ်သတ်အားလုံးကို ဖမ်းစားသွားတဲ့နည်းပညာကတော့ Google ရဲ့ Video Intelligence API နည်းပညာအသစ်ဖြစ်ပါတယ်။

                “Video Intelligence API” လို့ အမည်ရတဲ့ Google ရဲ့ AI နည်းပညာအသစ်ဟာ ဗီဒီယိုထဲမှာပါတဲ့အရာတွေကို တိတိကျကျခွဲခြားသိမြင်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ Google က ဒီနည်းပညာကို စင်ပေါ်မှာတင် လက်တွေ့ စမ်းသပ်ပြသသွားခဲ့ပါတယ်။ 

                ပထမဆုံး Google Home ကြော်ငြာဗီဒီယိုကို ဖွင့်ပြခဲ့ရာမှာ ဗီဒီယိုထဲမှာ ပါဝင်တဲ့ တိရစ္ဆာန်၊ တောင်တန်းနဲ့ အရာဝတ္ထုတွေကို Video Intelligence API က တိတိကျကျခွဲခြားသိနိုင်ခဲ့ပြီး၊ ဗီဒီယိုထဲမှာ ပါတဲ့ခွေးတောင်မှ ဘာအမျိုးအစားခွေးလဲဆိုတာ သိနိုင်တာကို တွေ့ရပါတယ်။ ဒီ့အပြင် အဆိုပါခွေးက ဗီဒီယိုရဲ့ ဘယ်နေရာမှာ ပါတယ်ဆိုတာကိုတောင် အတိအကျပြပေးထားတာ အောက်ပါဗီဒီယိုမှာ တွေ့ရမှာပါ။

                နောက်ထပ် စမ်းသပ်ပြသွားတဲ့ ဗီဒီယိုအရ Search Box မှာ Baseball လို့ ရိုက်ထည့်လိုက်တဲ့အခါ Baseball ဘောလုံးပါဝင်တဲ့ ဗီဒီယိုတွေကျလာပြီး၊ Baseball ဘောလုံးက ဗီဒီယိုရဲ့ ဘယ်နေရာမှာပါတယ်ဆိုတာကိုပါ ပြပေးထားတာ တွေ့ရပါတယ်။


                Google ရဲ့ Video Intelligence API နည်းပညာအသစ်ဟာ Developers တွေအတွက် တကယ့်ကို အသုံးဝင်မယ့် Applications တွေ ရေးနိုင်မယ့် အခွင့်အရေးသစ်တစ်ခုပါ။ အရင်တုန်းက ရုပ်သေပုံရိပ်က အရာဝတ္ထုတွေကိုပဲ ခွဲခြားနိုင်တဲ့ Image Recognition APIs တွေပဲရှိခဲ့ပြီး၊ ဗီဒီယိုထဲက အရာဝတ္ထုကို ခွဲခြားသိနိုင်တယ့် နည်းပညာက ဒါပထမဆုံးလို့ ဆိုရမှာပါ။ လက်ရှိမှာ ဗီဒီယိုထဲက အရာဝတ္ထု၊ အကြောင်းအရာတွေကို ကွန်ပြူတာက ခွဲခြားသိဖို့အတွက် Tag နာမည်တွေကို လူကိုယ်တိုင် တွဲပေးနေရပေမယ့်၊ နောက်ပိုင်းမှာ အလိုအလျောက်သိလာနိုင်မှာဖြစ်ပါတယ်။

                အခုဆို Google Reverse Search ကနေ ကိုယ့်ပုံတွေကို ဘယ်သူတွေ ယူသုံးနေလဲဆိုတာ ရှာလို့ရတာကို သိကြမှာပါ။ ဒါပေမယ့် Still ပုံတွေပဲ ရပါတယ်။ ဒါပေမယ့် Google ရဲ့ အခု “Video Intelligence API” နဲ့ ဆိုရင်တော့ ဗီဒီယိုတွေကိုပါ ရှာဖွေလာနိုင်မှာဖြစ်ပြီး၊ ကိုယ့် ဗီဒီယိုကို ခွင့်ပြုချက်မရဘဲ ဘယ်သူတွေ ယူသုံးနေလဲဆိုတာကိုပါ ရှာဖွေလာနိုင်တော့မှာပါ။


References
The Verge Tech Crunch
About Author
Assinged Tags
Google Artificial Intelligence Machine Learning Google Cloud Video Intelligence API
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed