Storage ပမာဏ 30.72TB ပါဝင်ပြီး ၂.၅ လက်မသာ အရွယ်အစားရှိတဲ့ "ကမ္ဘာ့ Storage ပမာဏ အများဆုံး SSD" ကို Samsung မိတ်ဆက်

date_range 21 February 2018

Storage ပမာဏ 30.72TB ပါဝင်ပြီး ၂.၅ လက်မသာ အရွယ်အစားရှိတဲ့ "ကမ္ဘာ့ Storage ပမာဏ အများဆုံး SSD" ကို Samsung မိတ်ဆက်

visibility 400 Views

                Samsung အနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က 30.72TB Storage ပါဝင်တဲ့ ၂.၅ လက်မ အရွယ်အစားရှိ "ကမ္ဘာ့ Storage ပမာဏ အများဆုံး: PM1643 SSD ကို တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ PM1643 SSD ကို မိတ်ဆက်ပေးခဲ့ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ လုပ်ငန်းခွင်တွေမှာ သာမန် Storage ပမာဏများတဲ့ Disk-Based Hard Drive တွေကို အသုံးပြုနေရာကနေ 64-Layer V-NAND, 3-bit 512-gigabit Chips နည်းပညာ အသုံးပြုထားပြီး Storage ပမာဏများတဲ့ SSD တွေကို အစားထိုး အသုံးပြုလာနိုင်စေဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

                PM1643 SSD ကို ၂၀၁၆ ခုနှစ် မတ်လတုန်းက Samsung က မိတ်ဆက်ပေးခဲ့တဲ့ 15.36TB လုပ်ငန်း သုံး SSD ရဲ့ မျိုးဆက်သစ် မော်ဒယ်တစ်ခုအဖြစ် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ PM1643 SSD ဟာ ၂၀၁၆ တုန်းက ထွက်ရှိခဲ့တဲ့ 15.36TB SSD ထက် Storage Space နှစ်ဆ ပိုလာတဲ့အပြင် အသုံးပြုရာမှာလည်း နှစ်ဆ ပိုမြန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

                PM1643 SSD ကို 1TB NAND Flash Package ၃၂ ခုနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် 1TB NAND Flash Package တစ်ခုစီမှာ 512GB V-NAND Chips အလွှာ ပေါင်း ၁၆ လွှာ ပါဝင်တယ်လို့ သိရပါတယ်။ PM1643 SSD မှာ Storage Space 30.72 TB ပါဝင်တာ ကြောင့် HD ရုပ်ရှင်တွေ သိမ်းထားမယ်ဆိုရင် ဇာတ်ကားပေါင်း ၅,၇၀၀ ကျော် သိမ်းထားနိုင်မှာ ဖြစ်ပါ တယ်။

                Samsung က ၂၀၁၆ ခုနှစ်မှာ 15.36TB SSD ကို မိတ်ဆက်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာ Seagate ကလည်း 60TB Storage ပါဝင်ပြီး ၃.၅ လက်မ အရွယ်အစားရှိတဲ့ ကမ္ဘာ့ Storage ပမာဏ အများဆုံး SSD ကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ Seagate ရဲ့ 60TB SSD ကို ပြသခဲ့စဥ် အချိန်တုန်းက Prototype အနေနဲ့ပဲ ပြသခဲ့တာ ဖြစ်သလို လက်ရှိအချိန်ထိ စျေးကွက်ထဲကို ရောင်းချနိုင်ခဲ့ခြင်း မရှိတာကြောင့် Samsung ရဲ့ PM1643 SSD ဟာ "ကမ္ဘာ့ Storage ပမာဏ အများဆုံး SSD" ဖြစ်လာတာ ဖြစ်ပါတယ်။

                PM1643 SSD မှာ 12GBps SAS (Serial Attached SCSI) Interface ကို အသုံးပြုထားတာကြောင့် Random Read Speed 400000 IOPS (Input/Output Operations Per Second) ရရှိမှာ ဖြစ်ပြီး Random Write Speed 50000 IOPS ရရှိမှာ ဖြစ်တဲ့အပြင် Sequential Read Speed 2100 MBps၊ Sequential Write Speed 1700 MBps အထိ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Samsung က ပြောကြားခဲ့တဲ့ Read Speed နဲ့ Write Speed Benchmark တွေအရ ဆိုရင် PM1643 SSD ဟာ သာမန် ၂.၅ လက်မ အရွယ်အစားရှိ SATA SSD တွေထက် Random Read Speed မှာ လေးဆ၊ Sequential Read Speed မှာ သုံးဆ သာလွန်နေမှာ ဖြစ်ပါတယ်။
Samsung အနေနဲ့ Control Architecture အသစ်တစ်ခုကိုလည်း PM1643 SSD မှာ အသုံးပြုထားတယ်လို့ သိရပါတယ်။ Control Architecture အသစ်ကို အသုံးပြုထားတာကြောင့် ၂၀၁၆ တုန်းက မိတ်ဆက်ခဲ့တဲ့ 15.36TB SSD မှာ သီးခြား Controller ၉ ခု အသုံးပြုခဲ့ပေမယ့် PM1643 SSD မှာတော့ Controller ၉ ခု ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

                ဒါ့အပြင် 8Gb DDR4 Chips တွေကို ဆက်သွယ်ပြီး 4GB TSV DRAM Package ဆယ်ခု၊ စုစုပေါင်း 40GB DRAM အဖြစ် ဖန်တီးရန်အတွက် PM1643 SSD မှာ Through Silicon Via (TSV) နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ PM1643 SSD ဟာ ပထမဆုံး TSV Applied DRAM ပါဝင်တဲ့ ပထမဆုံး SSD ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

                PM1643 SSD ရဲ့ Software ပိုင်းမှာတော့ Error Correction Code (ECC) Algorithm ကို အသုံးပြု ထားတာကြောင့် အသုံးပြုရမှာ ပိုမို အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပြီး၊ Storage Error တက်နိုင် ခြေလည်း ပိုမို နည်းပါးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Metadata Protection၊ Data Retention၊ Power Failures Data Recovery Support တို့လည်း PM1643 SSD မှာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ PM1643 SSD ကို Full Drive Write Per Day (DWPD) လုပ်နိုင်မှာ ဖြစ်ပြီး Samsung အနေနဲ့ DWPD အတွက် Warranty ငါးနှစ် ပေးထားတယ်လို့ သိရပါတယ်။

                “ကျွန်တော်တို့အနေနဲ့ အခုလို 30.72TB SSD ကို မိတ်ဆက်နိုင်ခဲ့တာကြောင့် လုပ်ငန်းသုံး Storage ထုတ်လုပ်မှုနယ်ပယ်ကို နောက်ထပ်တစ်ကြိမ် ထပ်မံ ကိုင်လှုပ်နိုင်ခဲ့ပါပြီ။ ဆက်လက်ပြီးလည်း Ultra-High Capacity Storage Systems တွေကို ကမ္ဘာ့အနှံ့ ဖြန့်ချီနိုင်ဖို့လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်”

လို့ Samsung Electronic ရဲ့ Jaesoo Han က PM1643 SSD မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။

                Samsung အနေနဲ့ လက်ရှိအချိန်မှာ PM1643 SSD တွေကို စျေးကွက်ထဲမှာ ဖြန့်ချီရောင်းချနိုင်ဖို့အတွက် စတင် ထုတ်လုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းသုံး SSD ထုတ်လုပ်ဖြန့်ချီရေး နယ်ပယ်မှာ စျေးကွက်ချဲ့ထွင်ရန်အတွက် 15.36TB, 7.68TB, 3.84TB, 1.92TB, 960GB, 800GB စတဲ့ SSD တွေကိုလည်း ထုတ်လုပ်ရောင်းချသွားရန် ကြံစည်နေတယ်လို့ သိရပါတယ်။

                လုပ်ငန်းသုံး SSD တွေကို အစိုးရ အဖွဲ့အစည်းများ၊ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့အစည်းများ၊ ဆီ နှင့် ဂက်စ် ကုမ္ပဏီများ၊ ဆေးဘက်ဆိုင်ရာ ကုမ္ပဏီများ၊ Social Media၊ စီးပွားရေး လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများအတွက် အဓိကထား ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                PM1643 SSD ကို ရောင်းချမယ့်နေ့ရက်နဲ့ စျေးနှုန်းကိုတော့ Samsung အနေနဲ့ တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ၂၀၁၆ တုန်းက မိတ်ဆက်ခဲ့တဲ့ လုပ်ငန်းသုံး 15.36TB SSD ကိုတောင် ကန်ဒေါ်လာ ၁ သောင်း ဝန်းကျင်နဲ့ ရောင်းချခဲ့တာကြောင့် 30.72 Storage ပါဝင်မယ့် PM1643 SSD ကိုတော့ ကန်ဒေါ်လာ ၂ သောင်း ဝန်းကျင်နဲ့ ရောင်းချလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV The Verge
About Author
Assinged Tags
Samsung SSD Portable SSD Samsung PM1643 SSD
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed