တရားမဝင် Cryptocurrency Mining လုပ်သူတွေကြောင့် ဂြိုလ်သားတွေ သက်ရှိထင်ရှား ရှိမရှိ လေ့လာစူးစမ်းနေတဲ့ သိပ္ပံပညာရှင်များ အခက်အခဲတွေ့

date_range 20 February 2018

တရားမဝင် Cryptocurrency Mining လုပ်သူတွေကြောင့် ဂြိုလ်သားတွေ သက်ရှိထင်ရှား ရှိမရှိ လေ့လာစူးစမ်းနေတဲ့ သိပ္ပံပညာရှင်များ အခက်အခဲတွေ့

visibility 1980 Views

                Digital ပိုက်ဆံတွေကို နဖူးကချွေး ခြေမ မကျပဲ တရားမဝင် Cryptocurrency Mining ပြုလုပ်မှုတွေ ခေတ်စားလာတာနဲ့အမျှ Mining လုပ်ရာမှာ အသုံးပြုဖို့အတွက် Graphic Card ဝယ်လိုအားတွေ တစ်နေ့တစ်ခြား မြင့်တက်လို့ လာခဲ့ပါတယ်။ ဝယ်လိုအားတွေ မြင့်တက်လာခဲ့တာနဲ့အမျှ Graphic Card တွေရဲ့ စျေးဟာလည်း အဆမတန် မြင့်တက်လို့ သွားခဲ့ပါတယ်။

                စျေးနှုန်းတွေ မြင့်တက်သွားတဲ့အပြင် ထုတ်လုပ်သူတွေဘက်ကလည်း မြင့်တက်လာတဲ့ ဝယ်လိုအားနဲ့လိုက်ပြီး မထုတ်လုပ်ပေးနိုင်တော့သလို ဘက်ပေါင်းစုံအတွက် လိုအပ်နေတဲ့ Graphic Card ပမာဏကို အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိတော့တာကြောင့် ဂိမ်မာတွေလည်း Gaming Rig တွေဆင်ရာမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့နေရသလို အခြား ဘက်ပေါင်းစုံ နယ်ပါယ်စုံက ကျောင်းသား၊ ကျောင်းသူတွေ၊ လေ့လာသူတွေ၊ သိပ္ပံပညာရှင်တွေလည်း ဒုက္ခရောက်နေကြရပါတယ်။

                မကြာသေးမီအချိန်က ဂြိုလ်သား ရှာဖွေရေး အဖွဲ့အစည်း Search For Extraterrestrial Intelligence (SETI) မှ သိပ္ပံပညာရှင်များရဲ့ ပြောကြားချက်အရ Cryptocurrency Mining ခေတ်စားလာတာကြောင့် ဂြိုလ်သားရှာဖွေရေးနဲ့ စကြာဝဌာ လေ့လာရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

                SETI က သိပ္ပံပညာရှင်တွေ အနေနဲ့ ဂြိုလ်သားရှာဖွေရေး လုပ်ငန်းစဥ်တွေကို အရှိန်မြှင့်တင်ဖို့အတွက် လေ့လာရေး အဆောက်အဦးနှစ်ခု ထပ်မံ တိုးချဲ့ဆောက်လုပ်ဖို့ ဆန္ဒရှိနေကြပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ လေ့လာရေးအတွက် လိုအပ်တဲ့ Graphic Card ပမာဏကို ဝယ်ယူနိုင်ဖို့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

                “ကျွန်တော်တို့ အနေနဲ့ ဂြိုလ်သားတွေကို ရှာတွေ့နိုင်ဖို့အတွက် နောက်ဆုံးပေါ် High-End GPU တွေကို အသုံးပြုချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုအပ်သလောက် GPU ပမာဏကို ဝယ်လို့မရပါဘူး။ အခုလို GPU ရှားပါးတဲ့ ပြဿနာကို ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့ လွန်ခဲ့တဲ့လတွေထဲက GPU တွေ အော်ဒါတင်ထားတာ ခုထိမရသေးပါဘူး။”

လို့ SETI ရဲ့ သိပ္ပံပညာရှင် အကြီးအကဲ Dan Wethimer က BBC ကို ပြောကြားသွားခဲ့ပါတယ်။

                Cryptocurrency Miner တွေအနေနဲ့ကလည်း High-End GPU တွေကို အသုံးပြုနိုင်မှ ပိုပြီး အကျိုးအမြတ်ရရှိမှာ ဖြစ်သလို SETI သိပ္ပံပညာရှင်တွေ အနေနဲ့ကလည်း ဆက်သွယ်ရေး Frequency တွေကို အချိန်ပြည့် Scan ဖတ်ထားနိုင်မှ တကယ်လို့ ဂြိုလ်သားတွေဘက်က ဆက်သွယ်လာခဲ့မယ်ဆိုရင် ချက်ချင်းသိရှိနိုင်မှာ ဖြစ်တဲ့အတွက် စွမ်းအင်မြင့် GPU တွေ Processor တွေ လိုအပ်နေတာ ဖြစ်ပါတယ်။


                လက်ရှိ အချိန်မှာ Berkeley မြို့မှာရှိတဲ့ SETI အဆောက်အဦး တစ်ခုထဲမှာတောင် GPU ၁၀၀ ကျော် အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Green Park, West Virginia and Parkes, Australia တို့မှာ ရှိတဲ့ SETI အဆောက်အဦးတွေကိုလည်း တိုးချဲ့ဖို့အတွက် ကြိုးစားနေကြပေမယ့် GPU အလုံအလောက် မရှိတဲ့ ပြဿနာကြောင့် ထင်သလောက် ခရီးမပေါက်ဘူး ဖြစ်နေတယ်လို့ သိရပါတယ်။

                “ကျွန်တော်တို့မှာ ငွေအင်အား အလုံအလောက်ရှိပါတယ်။ GPU ရောင်းချသူတွေ ဆီကိုလည်း ဆက်သွယ်ပြီးပါပြီ။ ဒါပေမယ့် ဒီကောင်တွေက သူတို့ဆီမှာ GPU တွေ မရှိတော့ပါဘူးလို့ပဲ ပြောနေပါတယ်”

လို့ Wethimer က ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

                ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက AMD နဲ့ NVIDIA တို့က Cryptocurreny Miner တွေ အတွက် ရည်ရွယ်ပြီး AMD Mining RX 470, NVIDIA-Based Mining P106 စတဲ့ Mining Graphic Card တွေကို ထုတ်လုပ် ရောင်းချပေးခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်သလောက် ပမာဏကိုတော့ ထုတ်လုပ်ရောင်းချ နိုင်ခဲ့ခြင်းမရှိပါဘူး။ Samsung အနေနဲ့ကလည်း Cryptocurrency Mining လုပ်နိုင်မယ့် ASIC Processor တွေကို ထုတ်လုပ်ရောင်းချဖို့ ကြံစည်နေပြီ ဖြစ်ပါတယ်။

                Cryptocurrency Miner တွေက High-End GPU တွေ အသုံးချပြီး Digital ပိုက်ဆံတွေနဲ့ ပျော်မွေ့နေတဲ့ အချိန်မှာတော့ ဂိမ်မာတွေလည်း Rig တွေမဆင်နိုင်၊ သိပ္ပံပညာရှင်တွေလည်း ဂြိုလ်သားတွေကို ဆက်လက် မရှာဖွေနိုင်တော့တဲ့အတွက် မျက်ရည်ဝဲနေကြရတယ်လို့ Engadget က တင်စား ဖေါ်ပြထားပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Engadget
About Author
Assinged Tags
Graphics Card BitCoin Digital Coins Cryptocurrency Graphics Cards Cryptocurrency Mining
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed