Apple Watch ရဲ့ Emergency SOS Feature က ကားအက်စီးဒင့် ဖြစ်ခဲ့တဲ့ သားအမိနှစ်ယောက်ရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့

date_range 20 February 2018

Apple Watch ရဲ့ Emergency SOS Feature က ကားအက်စီးဒင့် ဖြစ်ခဲ့တဲ့ သားအမိနှစ်ယောက်ရဲ့ အသက်ကိုကယ်တင်နိုင်ခဲ့

visibility 2160 Views

                Kacie Anderson ဟာ Apple Watch နဲ့ ပတ်သတ်တဲ့ သူမရဲ့ အတွေ့အကြုံကို Shape.com ကနေတဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အရက်သောက်ထားပြီး အမူးလွန်နေတဲ့ ကားမောင်းသမားတစ်ယောက်ဟာ Kacie Anderson တို့ သားအမိနှစ်ယောက် စီးနင်းလာတဲ့ကားကို မူးမူးရူးရူးနဲ့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အတိုက်ခံရချိန်မှာ ကယ်သူမရှိ ဖြစ်နေတဲ့အချိန်မှာ Apple Watch ရဲ့ Emergency SOS (Save Our Souls/ Save Our Ship) Feature က သူမနဲ့ သူမရဲ့ ၉ လအရွယ် သားငယ်လေးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ Kacie Anderson က ပြောကြားခဲ့ပါတယ်။

                ကားအက်စီးဒင့် ဖြစ်ပြီးချိန်မှာ Anderson ရဲ့ iPhone ဟာ အဝေးကို လွင့်ထွက်သွားခဲ့တာကြောင့် သူမရဲ့ လက်မှာပတ်ထားတဲ့ Apple Watch ရဲ့ SOS Feature ကနေတဆင့် 911 အရေးပေါ် ဝန်ဆောင်မှုကို ခေါ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

                “အမူးသမားရဲ့ကားက ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ စီးလာတဲ့ကားကို ဝင်တိုက်လိုက်တဲ့အချိန်မှာ ကားထဲကပစ္စည်းတွေ အကုန်လုံး လွင့်စင်ကုန်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်မရဲ့ မျက်နှာက စီယာတိုင်နဲ့ စောင့်မိပြီး တစ်မိနစ်လောက် ဘာကိုမှ မမြင်နိုင်တော့ပါဘူး။ ကျွန်မရဲ့ မျက်လုံးတွေက ပွင့်နေပေမယ့် ကျွန်မ မြင်နေရတဲ့ အရာအားလုံးက မှောင်မိုက်နေပါတယ်။ ကျွန်မ မျက်လုံးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်လာတဲ့ အချိန်မှာတော့ ကျွန်မဖုန်းကို ကားထဲမှာ လိုက်စမ်းကြည့်ပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မလက်မှာ ပတ်ထားတဲ့ Apple Watch ကို သတိရပြီး 911 ကို ခေါ်ဖြစ်ခဲ့တာပါ”

လို့ Kacie Anderson က သူမရဲ့ အတွေ့အကြုံကို ရှင်းပြခဲ့ပါတယ်။

                ၂၄ နှစ်အရွယ် ကလေးမိခင် Kacie Anderson ဟာ လွန်ခဲ့တဲ့ ၂ နှစ် ဝန်းကျင်ကတည်းက Apple Watch ကို ဝတ်ဆင်ခဲ့တာဖြစ်ပြီး Emergency SOS Feature ကို ပထမဆုံးအကြိမ် အသုံးပြုဖူးတာ ဖြစ်တယ်လို့ သိရပါတယ်။ Kacie Anderson ရဲ့ သားငယ်လေးက ပွန်းပဲ့ရုံလောက်ပဲ ဖြစ်ခဲ့ပေမယ့် Kacie Anderson ကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

                “911 ကို ဖုန်းခေါ်ပြီး သိပ်မကြာခင်မှာပဲ လူတင်ကား ရောက်ရှိလာပါတယ်။ ဒီဖြစ်ရပ်ကြောင့် လှုပ်လှုပ်ရှားရှားနေတာများရင် မူးဝေလာတဲ့ ဝေဒနာကို တစ်လလောက် ခံစားလိုက်ရပါတယ်။ ပြီးတော့ ကျွန်မရဲ့ဦးနှောက်က ရောင်သွားတာကြောင့် နားနဲ့ နှာခေါင်းတွေကနေတဆင့် အရည်တွေလည်း ထွက်နေခဲ့ပါတယ်။ အက်စီးဒင့်ဖြစ်တုန်းက ထိခိုက်ခံထားရတဲ့ ကျွန်မရဲ့ လည်ပင်းကြွက်သားတွေအတွက်လဲ ကုသမှု ခံယူနေပါတယ်”

လို့ သူမက ပြောကြားခဲ့ပါတယ်။

                ဒါ့အပြင် Kacie Anderson က

                “ကားအက်စီးဒင့် ဖြစ်တဲ့အချိန်မှာ Apple Watch ကို ဝတ်ဆင်ထားခဲ့တဲ့အတွက် ကျွန်မနဲ့ သားငယ်လေးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာဟာ ဘုရားမတာပဲ”

လို့ ပြောကြားခဲ့ပါတယ်။

                Apple အနေနဲ့ Apple Watch တွေအတွက် Emergency SOS Feature ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ watchOS 3 Software Update မှာ စတင်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ Apple Watch ရဲ့ Emergency SOS Feature အသုံးပြုနည်းကိုတော့ ဒီမှာ လေ့လာနိုင်ပါတယ်။

This Article is contributed by Thaw Zin.
References
9to5Mac
About Author
Assinged Tags
Smartwatch WatchOS Emergency Call SOS Alerts SOS Emergency Apple Watch Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed