လူသားတွေရဲ့ အရေပြားလို အထိအတွေ့အာရုံတွေ ခံစားနိုင်ပြီး အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းရှိတဲ့ Electronic Skin

date_range 20 February 2018

လူသားတွေရဲ့ အရေပြားလို အထိအတွေ့အာရုံတွေ ခံစားနိုင်ပြီး အလိုအလျောက် ပြန်လည်ကုသနိုင်စွမ်းရှိတဲ့ Electronic Skin

visibility 500 Views

                သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဟာ ဒီရေအလား နေ့စဉ်နဲ့အမျှ ဖွံ့ဖြိုးတိုးတက်လျှက် ရှိပါတယ်။ အဲ့ဒီလို တရိပ်ရိပ် အောင်မြင်တိုးတက်လာနေတဲ့ သိပ္ပံနဲ့နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးဆက် အသီးအပွင့်တွေကြောင့် လူမှုဘဝနဲ့ နေထိုင်မှုပုံစံတွေ ပိုမိုပြည့်စုံ ကောင်းမွန်လာပေမယ့်လည်း တစ်ဖက်မှာတော့ သဘာဝပတ်ဝန်းကျင်အတွက် အနုတ်လက္ခဏာ ပြနေပါတယ်။

                ကျွန်တော်တို့ အသုံးပြုနေတဲ့ Electronic Device တွေ အစိတ်အပိုင်း တစ်ခုခု ပျက်စီးသွားတဲ့အခါ အလွယ်တကူ စွန့်ပစ်ဖို့ မလွယ်ကူတဲ့ ပြဿနာရှိပါတယ်။ ဘာလို့လဲဆိုတော့ Electronic Device တွေမှာ အသုံးပြုထားတဲ့ Circuit Board တွေ၊ Transistors တွေမှာ လူနဲ့ပတ်ဝန်းကျင်ကို ဒုက္ခပေးနိုင်တဲ့ ဓာတုပစ္စည်းတွေ အမြောက်အများ ပါဝင်နေလို့ ဖြစ်ပါတယ်။

                ၂၀၁၄ ခုနှစ်မှာ အမေရိကန်နိုင်ငံ တစ်နိုင်ငံထဲက စွန့်ပစ်ခဲ့တဲ့ Electronic Waste (E-waste) ရဲ့ အလေးချိန် ဟာ ပျမ်းမျှ ၁၆ ဘီလီယံ ပေါင်အထိ ရှိခဲ့ပါတယ်။ ဒီပမာဏဟာ ကမ္ဘာတစ်ဝန်းမှာ တစ်ဖြည်းဖြည်း တိုးပွားလာနေတာဖြစ်ပြီး တစ်ဖက်မှာလည်း Electronic Device တွေ ထုတ်လုပ်ဖို့အတွက် အသုံးပြုရတဲ့ သယံဇာတတွေလည်း တစ်ဖြည်းဖြည်း ခမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။ E-Waste တွေကြောင့်ဖြစ်တဲ့ Electronic Pollution ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခြိမ်းခြောက်လျက်ရှိနေတဲ့ ပြဿနာတစ်ခုလည်း ဖြစ်ပါတယ်။

                သိပ္ပံပညာရှင်တွေ အနေနဲ့ Electronic Skin တွေ အမျိုးအစားတွေ အမြောက်အများ တီထွင်နိုင်ခဲ့ကြပေမယ့်လည်း ရှင်းရှင်းပြောရရင် သူတို့တီထွင်နိုင်ခဲ့ကြတဲ့ Electronic Skin အမျိုးအစားတွေဟာ Recycle ပြုလုပ်လို့ မရတဲ့အတွက် Electronic Pollution ကို မကုစားပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံ Colorado Boulder တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ လူသားတွေရဲ့  အရေပြား အာရုံခံစနစ် ပုံစံအတိုင်း အထိအတွေ့ အမျိုးမျိုးကို အာရုံခံစားနိုင်ပြီး လူသားတွေလိုပဲ  ဒဏ်ရာတစ်ခုခု ရရှိလာရင် အလိုအလျောက် ကုစားနိုင်သလို Recycle လည်း ပြုလုပ်နိုင်မယ့် Electronic Skin (e-Skin) တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

                ဒီ e-skin ဟာ အပူချိန်၊ လေထုဖိအား၊ စိုထိုင်းမှု စတာတွေကို အာရုံခံနိုင်မယ့် Sensor တွေ တပ်ဆင်ထားတဲ့ Polymer ဖလင် (Film) တစ်ခုဖြစ်ပြီး ဓာတုဗေဒပစ္စည်း ၃ မျိုးကို အလွန်သေးငယ်တဲ့ Silver Nano Particle တွေနဲ့ပေါင်းစပ်ပြီး ပြုလုပ်ထားပါတယ်။။ ဒါကြောင့် e-skin ကို နှစ်ပိုင်းဖြတ်တောက်လိုက်လို့ ပြတ်တောက်သွားတဲ့အခါ ပြတ်တောက်သွားတဲ့ နေရာမှာ ဓာတုဗေဒ ပစ္စည်း ၃ မျိုးကို လူသားတွေ အနာတရ ဖြစ်တဲ့အခါကျရင် အနာနေရာကို ဆေးထည့်သလိုမျိုးပဲ ထည့်ပေးလိုက်မယ်ဆိုရင် သူ့ဟာသူ အလိုအလျောက် ကုစားသွားမှာဖြစ်ပြီး အသစ်အတိုင်း ပြန်လည်အသုံးပြုလို့ ရသွားမှာ ဖြစ်ပါတယ်။

                အကယ်လို့ လုံးဝ ပြုပြင်လို့ မရအောင် ပျက်စီးယိုယွင်းသွားရင် Recycle လုပ်နိုင်ပါသေးတယ်။ ဒါနဲ့ ပတ်သက်လို့ အခု e-skin ကို တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Colorado Boulder တက္ကသိုလ်မှ Mechanical Enginnering ဌာနရဲ့ လက်ထောက်ပါမောက္ခ Jianliang Xiao က အခုလို ရှင်းပြထားပါတယ်။

                “အကယ်လို့ e-skin ဟာ လုံးဝ သုံးလို့မရအောင် ပျက်စီးသွားပြီ ဆိုကြပါစို့။ ဒါဆိုရင် အခု e-skin ကို Recycle လုပ်နိုင်ဖို့အတွက် ကျနော်တို့ သီးသန့်တီထွင်ထားတဲ့ 'Recycling Solution' ထဲ စိမ်ထားလိုက်မယ်ဆိုရင် e-skin ထဲမှာ ပါဝင်နေတဲ့ ဒြပ်ထုလေးတွေကို 'Recycling Solution' က မော်လီကျူးလေးတွေအဖြစ် အရည်ပျော်သွားစေမှာဖြစ်ပြီး Silver Nanoparticle လေးတွေက အောက်ခြေမှာ အနည်ထိုင်သွားပါလိမ့်မယ်။ ပြီးတာနဲ့ 'Recycling Solution' ကြောင့် အရည်ပျော်သွားတဲ့ ဓာတုဗေဒပစ္စည်းတွေ အားလုံးကို နောက်ထပ် e-skin အသစ် ထပ်မံပြုလုပ်နိုင်ဖို့အတွက် ပြန်လည် အသုံးချနိုင်မှာပါ”

                Recycle ပြုလုပ်ဖို့အတွက် ကြာမြင့်ချိန်ဟာ အပူချိန်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်တယ်လို့လည်း သိရပါတယ်။ အခန်းအပူချိန်မှာ Recycle လုပ်မယ်ဆိုရင် ၁၀ နာရီ၊ ၇၁ ဒီဂရီ စင်တီဂရိတ်မှာ Recycle လုပ်မယ်ဆိုရင် မိနစ် ၃၀၊ စသည်ဖြင့် ကြာမြင့်မှာဖြစ်ပြီး Recycle ပြုလုပ်ဖို့အတွက် ကြာမြင့်ချိန်ဟာ အပူချိန်မြင့်လာတာနဲ့အမျှ ပိုမို လျှင်မြန်လာမှာပါ။

                အခု e-skin ဟာ အကောင်းဆုံး တီထွင်မှုတစ်ခု ဖြစ်ပေမယ့်လည်း ပြီးပြည့်စုံမှုတော့ မရှိသေးပါဘူး။ အခုလောလောဆယ်မှာ ဒီ e-skin ဟာ နူးညံ့ပေမယ့် လူသားတွေရဲ့ အရေပြားလိုမျိုး ဆွဲမဆန့်နိုင်သေးပါဘူး။ Xiao ကတော့ စက်ရုပ်တွေနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းအတုတွေမှာ အသုံးပြုနိုင်ဖို့အတွက် အခု e-skin ကို အရွယ်အစားမျိုးစုံနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ ပြောသွားပါတယ်။

                အားနည်းချက်တွေ ရှိနေသေးပေမယ့်လည်း Recycle လုပ်နိုင်တဲ့ အားသာချက်ကပဲ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းနေတယ်ဆိုတာကို Xiao က

                “နေ့စဉ်နေ့တိုင်း ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာက ပိုဆိုးလာတာပဲလေ။ ဒီတော့ ကျနော်တို့နဲ့ ကျနော်တို့ ကလေးငယ်တွေအတွက် လုံခြုံစိတ်ချရပြီး သန့်ရှင်းမှုရှိတဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုအဖြစ် ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးတယ် မဟုတ်ဘူးလား”

လို့ ပြောကြားသွားပါတယ်။

This Article is contributed by 2puu.
References
The Verge
About Author
Assinged Tags
Science technology Electronic Skin e-skin
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed