Google Image Search Result ကနေတစ်ဆင့် ဓါတ်ပုံတွေ အလွယ်တကူ ခိုးယူလို့မရတော့အောင် “View Image” Button ကို ဖြုတ်ပစ်လိုက်တဲ့ Google

date_range 19 February 2018

Google Image Search Result ကနေတစ်ဆင့် ဓါတ်ပုံတွေ အလွယ်တကူ ခိုးယူလို့မရတော့အောင် “View Image” Button ကို ဖြုတ်ပစ်လိုက်တဲ့ Google

visibility 640 Views

                Google အနေနဲ့ Image Search စနစ်ကို ပြောင်းလဲပစ်တဲ့ အနေနဲ့ ဖေဖေါ်ဝါရီလ ၁၅ ရက် နေ့က စတင်ပြီး Google Image Search မှာ ဓါတ်ပုံကို ထောက်ကြည့်လိုက်တဲ့ အခါမှာ မြင်တွေ့နေကြ ဖြစ်တဲ့ “View Image” Button ကို ဖြုတ်ပစ်လိုက်ပြီပဲ ဖြစ်ပါတယ်။

                “View Image” Button ဟာ Google Search ကနေတစ်ဆင့် ဓါတ်ပုံတွေ၊ Wallpaper တွေ ရှာဖွေချင်တဲ့သူ တော်တော်များများအတွက် အသုံးဝင်တဲ့ Button တစ်ခု ဖြစ်ခဲ့တာကြောင့် အခုလို ဖြုတ်ချပစ်လိုက်တဲ့အတွက် အသုံးပြုတွေ အတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်တယ်လို့ The Verge က ထောက်ပြထားပါတယ်။

                Google ဘက်က ကြည့်ပြန်တော့လည်း ဓါတ်ပုံဆရာတွေ၊ Publishers တွေက သူတို့ရဲ့ ကိုယ်ပိုင်ဓါတ်ပုံတွေကို Google Image Search ကနေတစ်ဆင့် အလွယ်တကူ ခိုးယူခွင့်ပေးထားတယ်လို့ စွပ်စွဲချက်များ ရှိနေတာကြောင့် အခုလို "View Image" Button ကို ဖြုတ်ချပစ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် Getty Images ကလည်း Google ကို မူပိုင်ခွင့်ဥပဒေ ပြဌာန်းထားတဲ့ ဓါတ်ပုံတွေကို Image Search ကနေတစ်ဆင့် High Resolution နဲ့ အလကားကူးယူခွင့် ပေးနေတယ်လို့ ပြီးခဲ့နှစ်က ဥရောပ ကောမရှင်မှာ တရားစွဲခဲ့ရပါသေးတယ်။ အခုအခါမှာတော့ တရားစွဲဆိုထားတာကို ရုတ်သိမ်းပေးရန် အတွက် "View Image" Button ကို ဖြုတ်ချပစ်ဖို့အတွက်နဲ့ မူပိုင်ခွင့် အချက်အလက်ကို Image Search Result မှာ ပြသပေးဖို့အတွက် Google နဲ့ Getty Image တို့ ပြီးခဲ့တဲ့ အပတ်က စာချုပ်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

                အခုလို "View Image" Button ကို ဖြုတ်ချပစ်ခဲ့တာနဲ့ ပတ်သတ်ပြီး Google ဘက်ကလည်း Google SearchLiaison Twitter အကောင့်မှာ တရားဝင် ကြေငြာသွားခဲ့ပါတယ်။

                "View Image" Button ကို အဓိက ဖြုတ်ပစ်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ Image Search ကနေတစ်ဆင့် ဓါတ်ပုံတွေကို အလွယ်တကူ ရယူခွင့် မပေးရန်အတွက်နဲ့ တကယ်လို့ ဓါတ်ပုံတစ်ပုံကို လိုချင်ခဲ့ရင်တောင် ဓါတ်ပုံကို ပိုင်ဆိုင်တဲ့ Website ထဲကနေ သွားယူမှ ရနိုင်တော့မှာ ဖြစ်တာကြောင့် Website Publisher တွေအနေနဲ့လည်း Website ထဲ ဝင်ရောက်ကြည့်ရှုသူ ပိုမို များပြားလာတာကြောင့် Web Ads တွေကနေတစ်ဆင့် ကြော်ငြာခ ပိုမို ရရှိလာစေရန်အတွက် ဖြစ်တယ်လို့ သိရပါတယ်။

                ဒါ့အပြင် မိမိ လိုချင်တဲ့ ဓါတ်ပုံမှာ မူပိုင်ခွင့်ရှိတယ် ဆိုရင်လည်း အသေးစိတ် သိရှိနိုင်စေရန် အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆိုလိုတာကတော့ ကိုယ်လိုချင်တဲ့ ပုံကို "View Image" ကနေ တစ်ဆင့်ယူလို့ မရတော့တဲ့အတွက် အဲ့ဓါတ်ပုံကို ပိုင်ဆိုင်တဲ့ Website ကနေတစ်ဆင့် သွားယူရမှာ ဖြစ်တဲ့အတွက်ကြောင့် ဓါတ်ပုံမှာ မူပိုင်ခွင့် ရှိနေတယ်ဆိုရင် Website မှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

                အခုလို "View Image" Button ကို ဖြုတ်ပစ်လိုက်တဲ့အတွက် Publisher တွေအတွက် ပိုပြီး ကောင်းမွန်သွားပေမယ့် အသုံးပြုသူတွေ အတွက်တော့ ကြီးမားတဲ့ ထိုးနှက်မှုတစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဓါတ်ပုံတစ်ပုံ လိုချင်ရင် အဲ့ဓါတ်ပုံကို ပိုင်ဆိုင်တဲ့ Website ကနေ တစ်ဆင့် သွားယူမှာသာ ရနိုင်တော့မှာ ဖြစ်တာကြောင့် အဲ့ Website Loading တက်တာကို ပထမဆုံးအနေနဲ့ စောင့်ရမယ်။ ပြီးရင် Website ထဲမှာ ကိုယ်လိုချင်တဲ့ ဓါတ်ပုံရှိတဲ့နေရာကို ထပ်ရှာရဦးမှာ ဖြစ်ပါတယ်။ ကံမကောင်းလို့ Right Click Feature ပိတ်ထားတဲ့ Website ထဲကိုသာ ရောက်သွားခဲ့မယ်ဆိုရင်တော့ ဓါတ်ပုံတစ်ပုံ ရဖို့အတွက် တော်တော်ကို တိုင်ပါတ်သွားမှာ အမှန်ပါပဲ။

                ကံကောင်းတဲ့ အချက်တစ်ခုကတော့ Google အနေနဲ့ "View Image" Button ကို ဖြုတ်ပစ်လိုက်ပေမယ့် Image Search မှာ ကိုယ်လိုချင်တဲ့ ပုံကို Right Click ထောက်ပြီး “Open Image In New Tab” ဒါမှမဟုတ် “View Image” ကနေတစ်ဆင့် ရယူနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သာမန်အသုံးပြုသူတစ်ယောက် အနေနဲ့ဆိုရင် အခုလို "View Image" Button ကို ဖြုတ်ပစ်လိုက်တဲ့အတွက် "Visit" Button ကနေတစ်ဆင့် Website ထဲကို ရောက်သွားဖို့က ရာခိုင်နှုန်း ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြပါတယ်။

                "View Image" Button နဲ့အတူ Google အနေနဲ့ “Search By Image” Button ကိုလည်း ဖြုတ်ပစ်ခဲ့ ပါသေးတယ်။ "Search By Image" Button ကို အသုံးပြုကျတဲ့သူတွေရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တကယ်လို့ မိမိလိုချင်တဲ့ ဓါတ်ပုံမှာ Watermark ပါနေခဲ့မယ်ဆိုရင် Watermark မပါတဲ့ ပုံစံတူဓါတ်ပုံကို ရှာဖွေဖို့အတွက်ပဲ ဖြစ်ပါတယ်။ အခုလို "Search By Image" Button ကို ဖြုတ်ပစ်ခဲ့ပေမယ့်လည်း မိမိ လိုချင်တဲ့ ဓါတ်ပုံကို Drag ဆွဲပြီး Search Bar ထဲကို ပို့လိုက်မယ်ဆိုရင် Google အနေနဲ့ မိမိလိုချင်တဲ့ ဓါတ်ပုံနဲ့ ပုံစံတူဓါတ်ပုံတွေကို ရှာပေးနေဦးမှာ ဖြစ်ပါတယ်။

                Website တွေ Traffic တက်လာစေဖို့နဲ့ ဓါတ်ပုံဆရာတွေကို သူတို့ရဲ့ ဓါတ်ပုံတွေ အလွယ်တကူ ခိုးယူခံရခြင်းကနေ အကာအကွယ်ပေးဖို့အတွက် အခုလို "View Image" Button နဲ့ "Search By Image Button" တွေကို ဖြုတ်ပစ်လိုက်တာ ကောင်းသလိုရှိပေမယ့် Google Search အသုံးပြုသူတွေကတော့ အခုအဖြစ်အပျက်က စိတ်ပျက်စရာ ကောင်းတယ်လို့ ဝေဖန်ထားကြပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
The Verge
About Author
Assinged Tags
Google Google Search Image Search
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed