“နည်းပညာ ကုမ္ပဏီကြီးတွေဟာ အာဏာပိုင်တွေ ဝင်ရောက်စွက်ဖက်မှု ပိုများလာအောင် တမင် ဖိတ်ခေါ်နေကြတယ်” ဆိုတဲ့ Bill Gates

date_range 15 February 2018

“နည်းပညာ ကုမ္ပဏီကြီးတွေဟာ အာဏာပိုင်တွေ ဝင်ရောက်စွက်ဖက်မှု ပိုများလာအောင် တမင် ဖိတ်ခေါ်နေကြတယ်” ဆိုတဲ့ Bill Gates

visibility 860 Views

                Bill Gates အနေနဲ့ အာဏာပိုင်တွေကို ဂလန်ကဆန်လုပ်ပြီး “အစိုးရက ဘာပဲပြောနေနေ ငါတို့ လုပ်ချင်တာ လုပ်မယ်” ဆိုတဲ့ နည်းပညာ ကုမ္ပဏီကြီးတွေအတွက် စိုးရိမ်မိတယ်လို့ Axios က ပြုလုပ်ခဲ့တဲ့ Interview တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။

                “Apple နဲ့ အခြား နည်းပညာကုမ္ပဏီကြီးတွေ အနေနဲ့ သူတို့အယူအဆနဲ့ သူတို့အတွေးအခေါ်ကပဲ မှန်ကန်တယ်၊ အစိုးရနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ မတွေးသင့်ပါဘူး”

လို့ ပြောသွားပါတယ်။ 

                Interviewer က Bill Gates ကို ဥပမာပေးခိုင်းတဲ့ အခါမှာတော့

                “လူသတ်သမား တစ်ယောက်ရဲ့ ဖုန်းထဲက အချက်အလက်တွေကိုတောင် အစိုးရကို မပေးအပ်ဘူးဆိုတဲ့ အယူအဆက မှားယွင်းနေပါတယ်။ User Privacy ကို အလေးထားတယ်ပဲ ထားဦး။ User Data ကို ပေးလို့ရတာ၊ မရတာက အရေးမကြီးပါဘူး။ လိုလိုလားလား ပေးချင်လား၊ မပေးချင်လားနဲ့ပဲ ဆိုင်ပါတယ်”

ဆိုပြီး ၂၀၁၅ တုန်းက Apple နဲ့ FBI ကြားမှာ ဖြစ်ခဲ့ကိစ္စနဲ့ ဥပမာပေးခဲ့ပါတယ်။

                “User Data နဲ့ ပက်သက်လို့ တစ်ချို့ကိစ္စတွေမှာ အစိုးရဘက်က အာဏာပိုင်တွေကို ချုပ်ကိုင်ခွင့် ပေးသင့်ပါတယ်။ ချုပ်ကိုင်ချယ်လှယ်ခွင့် အားလုံးကို ပေးခိုင်းတာတော့ မဟုတ်ပါဘူး။ မလိုလားအပ်တဲ့ User Privacy ချိုးဖောက်မှုတွေ မဖြစ်အောင်လို့တော့ Safeguard လေးတွေ ထားပေးထားပြီး စောင့်ကြည့်ဖို့တော့ လိုမှာပါ။ နောက်ပြီး ဒီလိုကိစ္စမျိုးဆိုတာ ရှောင်လွှဲလို့လည်း ရမှာမဟုတ်ပါဘူး”

လို့ ပြောကြားခဲ့ပါတယ်။

                Microsoft အနေနဲ့ အစိုးရ ဝင်ရောက်စွက်ဖက်မှု အိမ်မက်ဆိုးကြီးကို ကောင်းကောင်းကြီး ခံခဲ့ရဖူးတာ ဖြစ်တဲ့အတွက် ဂလန်ကဆန် လုပ်တာတွေများလာလို့ အစိုးရက နည်းပညာကုမ္ပဏီတွေကို ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ဆိုပြီး စည်းကမ်းချက်တွေ ပိုပြီး တင်းကျပ်လိုက်မယ်ဆိုရင် နည်းပညာ တိုးတက်မှု လျော့နည်းသွားမှာနဲ့ ကုမ္ပဏီတွေအတွက်လည်း ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် Bill Gates က အခုလို သတိပေးရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

References
The Verge Axios
About Author
Assinged Tags
Microsoft Bill Gates Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed