ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထား ဖျက်စီးပေးနိုင်ပြီး ကင်ဆာရောဂါကို အမြစ်ပြတ် ကုသပေးနိုင်မယ့် Nano ကုထုံးတစ်မျိုးကို ရှာဖွေတွေ့ရှိ

date_range 13 February 2018

ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထား ဖျက်စီးပေးနိုင်ပြီး ကင်ဆာရောဂါကို အမြစ်ပြတ် ကုသပေးနိုင်မယ့် Nano ကုထုံးတစ်မျိုးကို ရှာဖွေတွေ့ရှိ

visibility 700 Views

                အခုလက်ရှိမှာ ကင်ဆာရောဂါဟာ လူသားမျိုးနွယ်ကို အဓိကထား ဒုက္ခပေးနေတဲ့ ရောဂါပဲ ဖြစ်ပါတယ်။ (ကိုရီးယားကားတွေပဲ ကြည့်ကြည့်ပါ၊ နောက်ဆုံး သေမယ်ဆိုရင် ကင်ဆာနဲ့ပါပဲ) နောက်ပြီး အခုလက်ရှိ ကင်ဆာရောဂါ ကုထုံးတွေကလည်း ကင်ဆာဆဲလ်တွေကို ပစ်မှတ်မထားနိုင်သေးတာကြောင့် ကျန်းမာနေတဲ့ ဆဲလ်တွေကိုပါ ထိခိုက်မှုတွေ ဖြစ်ပေါ်ပြီး ရောဂါဝေဒနာ ခံစားနေရသူကိုလည်း ပိုမိုဒုက္ခပေးနိုင်ပါတယ်။ ပိုဆိုးတာကတော့ ဒီကုထုံးတွေဟာ ကုသမှုအောင်မြင်ဖို့လည်း အာမမခံနိုင်ပါဘူး။

                ဒါပေမယ့် ဒီပြဿနာတွေ အားလုံးကို ဖြေရှင်းနိုင်ပြီး ကင်ဆာရောဂါကိုလည်း အမြစ်ပြတ်သုတ်သင် ပေးနိုင်မယ့် ကုထုံးတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ သိရပါတယ်။ ဒီကုထုံးက ရောဂါဝေဒနာ ခံစားနေရသူကို ဒုက္ခမပေးတဲ့အပြင် ကုသမှုအောင်မြင်ဖို့ ရာခိုင်နှုန်းလည်း တော်တော်လေးများတယ်လို့ သိရပါတယ်။ ဒီကုထုံးနည်းအသစ်ကတော့ Nano ကုထုံးနည်းဖြစ်ပြီး ကျန်းမာတဲ့ဆဲလ်တွေကို လစ်လျူရှုနိုင်သလို ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီး ပေးနိုင်မယ်လို့ သိရပါတယ်။ ဒီအချက်ကလည်း အခုခေတ် ရေပန်းစားနေတဲ့ ကုထုံးတွေနဲ့ ကွဲသွားတဲ့ အချက်ပါပဲ။


                ဒီ Nano ကုထုံးအတွက် ကင်ဆာရောဂါကူးစက်နေတဲ့ ဆဲလ်ထဲကနေ ကင်ဆာရောဂါရဲ့ DNA ကို ရယူလိုက်ပြီး DNA Sheet တစ်ခုအဖြစ် အရင်ဆုံး ပြောင်းလဲလိုက်ပါတယ်။ နောက်ပြီး သွေးလည်ပတ်မှုကို ပိတ်ဆို့နိုင်တဲ့ Thrombin ဆိုတဲ့ Enzyme တစ်မျိုးကို ရရှိလာတဲ့ DNA Sheet ထဲမှာ ဖျာလိပ်သလို လိပ်ထည့်ထားလိုက်ပါတယ်။


                ဖျာလိပ်သလို လိပ်ထည့်ထားတာ ဖြစ်တဲ့အတွက် အစွန်းနှစ်ဖက်က မလုံခြုံတော့ပါဘူး။ ဒါကြောင့် အစွန်းနှစ်ဖက်မှာ ကင်ဆာရောဂါရဲ့ DNA တွေနဲ့ ပိတ်ပစ်လိုက်ပါတယ်။ ဒီနေရာမှာ “ဘာကြောင့် ဒီ Nano ကုထုံးက ကင်ဆာဆဲလ်တွေကိုပဲ ပစ်မှတ်ထားနိုင်တာလဲ?” ဆိုတဲ့ မေးခွန်းရဲ့ အဖြေလာပြီ ဖြစ်ပါတယ်။


                ရှင်းရှင်းပြောရရင် အဆိပ်ကို အဆိပ်နဲ့ ပြန်တိုက်ထုတ်သလိုမျိုးပါပဲ။ ကင်ဆာရောဂါရဲ့ DNA ဖြစ်တဲ့အတွက် ကင်ဆာရောဂါရှိနေတဲ့ ဆဲလ်ကိုပဲသွားကပ်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကင်ဆာရောဂါရှိနေတဲ့ ဆဲလ်ကိုတွေ့ပြီ၊ သွားလည်းကပ်နေပြီ ဆိုရင်တော့ DNA Sheet အလိပ်လေးက အလိုအလျောက် ပြေသွားမှာဖြစ်ပြီး အတွင်းထဲက Thrombin ဆိုတဲ့ Enzyme လေး ထွက်လာမှာ ဖြစ်ပါတယ်။


                အပေါ်မှာ ပြောခဲ့သလိုပဲ ဒီ Enzyme က သွေးလည်ပတ်မှုကို ပိတ်ဆို့ထားမှာ ဖြစ်တဲ့အတွက် ကင်ဆာဆဲလ်တွေနားက သွေးကြောတွေမှာ သွေးစီးဆင်းမှု ရှိတော့မှာမဟုတ်ပါဘူး။ သွေးစီးဆင်းမှု မရှိတော့တဲ့အတွက် ကင်ဆာရောဂါရှိနေတဲ့ ဆဲလ်ကလည်း ဆက်လက်အသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး။


                စမ်းသပ်လေ့လာသူတွေ အနေနဲ့ ဒီ Nano ကုထုံးကို တွေ့ပဲ တွေ့ရှိထားတာမဟုတ်ပါဘူး။ အဖြစ်များလေ့ရှိတဲ့ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ စတဲ့ ကင်ဆာဆဲလ်တွေကို ကြွက်တွေမှာ ထည့်သွင်းပေးပြီး ဒီ Nano ကုထုံးနည်းနဲ့ ကုသခဲ့တဲ့အခါမှာလည်း အောင်မြင်မှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ စမ်းသပ်မှုတွေအရ ဒီ Nano ကုထုံးဟာ ကင်ဆာဆဲလ်တွေ ပျံ့ပွားတာကိုလည်း တားဆီးပေးနိုင်ပြီး အဆုတ်ကင်ဆာ ဆဲလ်ထည့်သွင်းပြီး စမ်းသပ်ခဲ့တဲ့ ကြွက်ကလေးရဲ့ အဆုတ်ဟာလည်း ဒီကုထုံးနဲ့ ကုသပြီး မကြာခင်မှာပဲ ပြန်လည်ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။

                ဒါပေမယ့်​ ဒီကုထုံးနည်းရဲ့ မကောင်းတဲ့ အချက်တစ်ချက်ကတော့ သွေးစီးဆင်းမှုကို ပိတ်ပစ်တာ ဖြစ်တဲ့အတွက် အခုလောလောဆယ် ကြွက်တွေမှာ စမ်းသပ်တာတော့ ဘာမှမဖြစ်ပေမယ့် လူတွေမှာ စမ်းသပ်ပြီဆိုရင် ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့တော့ ကျွမ်းကျင်သူများက ဆိုထားပါတယ်။ ဒါပေမယ့်လည်း ဒီကုထုံးကို အောင်မြင်စွာ ရှာဖွေတွေ့ရှိ စမ်းသပ်နိုင်ခဲ့တဲ့ လေ့လာရေးအဖွဲ့ထဲက တစ်ယောက်ဖြစ်တဲ့ Guangjun Nie ကတော့ 

                “အခုလို ရှာဖွေတွေ့ရှိမှုဟာ DNA ကို အခြေခံထားတဲ့ Nano ကုထုံးကို အသုံးပြုပြီး ကင်ဆာရောဂါကို ထိထိရောက်ရောက်နဲ့ လုံလုံခြုံခြုံ ကုသပေးနိုင်တယ် ဆိုတာကို သက်သေပြလိုက်တာပါပဲ။ လောလောဆယ်မှာတော့ အခုတွေ့ရှိထားတဲ့ ကုထုံးသစ်ကို လူသားတွေမှာလည်း အသုံးပြုလို့ရစေဖို့အတွက် Biotech Firm တစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”

လို့ ပြောကြားသွားပါတယ်။

References
eNgadget
About Author
Assinged Tags
Science Cancer Nano Robots
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed